ရေကြောင်းခရီးဖြင့် ခရီးသည်နှင့် ကုန်စည်များပို့ဆောင်သည့် ရေယာဉ်များအတွက် ပြုပြင်တည်ဆောက်ပေးသော နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိ ဒလသင်္ဘောကျင်း

ရန်ကုန် ၁ စက်တင်ဘာ

 

ပြည်တွင်းရှိ ရေကြောင်းခရီးဖြင့် သွားလာကြသည့် ခရီးသည်များနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှု၌ လိုရာခရီးသို့ ပို့ဆောင်ပေးသည့် ရေယာဉ်များကို ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးသည့်  ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်   အောင်မင်္ဂလာရပ်ကွက်ရှိ  ဒလသင်္ဘောကျင်းမှာ  သက်တမ်းကြာရှည်၍  နှစ်ပေါင်း  ၁၅၀ ကျော်ခဲ့ပြီဖြစ်သည်။

 

အဆိုပါ  သင်္ဘောကျင်း၌    ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ          တွန်းရေယာဉ်တစ်စင်းနှင့်  ကွန်တိန်နာတင် တွဲယာဉ်နှစ်စင်းဆောက်လုပ်ခွင့် ရရှိထားကြောင်း သိရသည်။

 

ရှေးအကျဆုံးနှင့်အကြီးဆုံးသင်္ဘောကျင်း


ဒလသင်္ဘောကျင်းသည် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်း ခြောက်ခုအနက်  ရှေးအကျဆုံးနှင့်    အကြီးဆုံးသင်္ဘောကျင်းကြီးတစ်ခုဖြစ်ပြီး  ဒုတိယ  အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးကာလတွင်  တည်ဆောက်ခဲ့ရာ နှစ်ပေါင်း  ၁၅၀  ကျော်  သက်တမ်းကြာမြင့်ပြီး ဖြစ်ကြောင်း၊ ၁၈၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Irrawaddy    Flotilla  Co.,  Ltd ပုဂ္ဂလိကကုမ္ပဏီမှ လွန်းကျင်းလုပ်ငန်းများကို   တိုးချဲ့ မွမ်းမံတည်ဆောက်ခဲ့ကြောင်း    မှတ်တမ်း များအရ သိရသည်။

 

အမည်များပြောင်းလဲ၍ဆက်လက်ဆောင်ရွက်နေ

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အဆိုပါ ကုမ္ပဏီအား ပြည်သူပိုင်ပြုလုပ်ခဲ့ရာ နိုင်ငံပိုင်သင်္ဘောကျင်းကြီး တစ်ခုဖြစ်လာခဲ့ပြီး ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေးအဖွဲ့အမည်ဖြင့် လည်းကောင်း၊ ၁၉၇၁ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ရေကြောင်းပို့ဆောင် ရေးကော်ပိုရေးရှင်းအမည်ဖြင့် လည်းကောင်း၊ ၁၉၈၉  ခုနှစ်  ဧပြီလ ၁ ရက်နေ့တွင် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးအမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍  လုပ်ငန်းများကို  ယနေ့အချိန်အထိ စဉ်ဆက်မပြတ်    ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်အဆင့်မြှင့်တင်ရန်အစီအစဉ်ရှိ၊ မရှိ

 

ဒလသင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ဩဂုတ်လနောက်ဆုံးပတ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်        ဦးထွေးတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ  လာရောက်လေ့လာ ကြည့်ရှုခဲ့ကြပြီး ဒလသင်္ဘောကျင်းသည် နှစ်ပေါင်းများစွာ  ကြာမြင့်ပြီဖြစ်၍ ပြန်လည်အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊  ရေကြောင်းပညာရပ်များ သင်ကြားလေ့လာနိုင်သည့်  သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်  ရှိ၊  မရှိနှင့် ပတ်သက်၍  မေးမြန်းခဲ့ရာ  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

ကုန်ကျစရိတ်သက်သာစွာ ခရီးသည်နှင့်ကုန်စည်များ   ပို့ဆောင်နိုင်

 

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန အနေဖြင့် လက်ရှိတွင်  ရေယာဉ်၊  စက်မဲ့တွဲနှင့် ဆိပ်ခံတွဲ  စုစုပေါင်း၂၅၉ စင်းရှိပြီး နှစ်စဉ်ခရီးသည် ပျမ်းမျှ  ၁၅  ဒသမ  ဝ၆  သန်းခန့်နှင့်  ကုန်တန်ချိန် ပျမ်းမျှ ၂ ဒသမ  ဝ၇  သန်းခန့်  သယ်ယူပို့ဆောင်ပေး လျက်ရှိသည့်      အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ရည်မှန်းချက်အနေဖြင့် ခရီးသွားပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့်            သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းဖြင့် နိုင်ငံတော်၏  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိရာ ကုန်းလမ်း၊ လေကြောင်းလမ်း၊  ရထားလမ်း  စသည့်သယ်ယူပို့ဆောင်မှု  နည်းလမ်းများ မည်မျှပင် ခေတ်မီဖွံ့ ဖြိုးတိုးတက်လာစေကာမူ မြန်မာနိုင်ငံ      ဒေသအနှံအပြားရှိ  ရေယာဉ်များ သွားလာနိုင်သည့်  မြစ်များ၊  ချောင်းများကြောင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့်  ရေကြောင်း ပို့ဆောင်မှုလုပ်ငန်းများမှာ အထူးအရေးပါသောကဏ္ဍမှ   ပါဝင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း . . . . ။       ။

 

နိုင်လင်းကျော်(ဒလ)