ရေကြောင်းတက္ကသိုလ် ကျောင်းသားကျောင်းသူ၂၁ဦးအား ပညာသင်ဆုပေး

ရန်ကုန်  ၂၈ ဇန်နဝါရီ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (MMU) ၌ MMU   Academic fund ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက မြန်မာနိင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ကျင်းပသည်။

 

"ကျွန်တော်တို့ ဒီပညာသင်ထောက်ပံ့ကြေးကို  လွန်ခဲ့သော နှစ်နှစ်က ဆရာ ဆရာမ များရဲ့ထည့်ဝင်မှု၊ကျောင်းသားဟောင်းများရဲ့ထည့်ဝင်မှုနဲ့ ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ပညာထူးချွန်တဲ့ ကျောင်းသူ ကျောင်းသား တွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျောင်းသား ကျောင်းသူ ၂၁ ဦးကို ရွေးချယ်ပြီး တစ်ဦးကို ကျပ် ၅၀ဝ၀ဝ နှုန်းနဲ့ ဒုတိယနှစ်မှ နောက်ဆုံးနှစ်အထိ  ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်"ဟု ပါမောက္ခချုပ်ဒေါက်တာမြတ်လွင်က ပြောသည်။

 

အဆိုပါ ပညာသင်ထောက်ပံ့ကြေးအား ပညာသင်နှစ် တစ်နှစ်လျှင် ၁၀ စာအတွက် လစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း၊  ယင်းပညာသင်ထောက်ပံ့ကြေးဆုကို ၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ (၁၃)ဦး၊ ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ (၂၀ )ဦး ၊ ယခု ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် (၂၁)ဦး ကိုပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအခမ်းအနားတွင် ကျောင်းသားဟောင်းများက ပညာသင်ထောက်ပံ့ကြေးငွေ ငွေကျပ် သိန်း၄၀ ပေးအပ်ခဲ့ကြောင်း ၊ အဆိုပါ ပညာရေး ရန်ပုံငွေကို ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူဟောင်များ၊ တက်ရောက်ဆဲ ကျောင်းသားများနှင့် မိဘများအပါအဝင် အလှူရှင် ၃၀ဝ ခန့်တို့က ထည့်ဝင်လှူဒါန်းထားကြောင်း သိရသည်။

 

မြင့်မောင်