ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားဖို့ မလိုတဲ့ အစားအစာတွေ

နေပြည်တော်    ၂၂ ဒီဇင်ဘာ

 

ခရမ်းချဉ်သီး၊ ပေါင်မုန့်၊ ထောပတ်သီးနဲ့ ကိတ်မုန့်တွေဟာ ရေခဲသေတ္တာထဲ ဘယ်တော့မှ မထည့်သင့်တဲ့ အစားအစာတွေပါ။ ပူနွေးတဲ့ ရာသီဥတုတွေမှာ အစားအစာတွေကို လတ်လတ်ဆတ်ဆတ် အဲလို ထိန်းသိမ်းထားနိုင်ပေမယ့် ပေါင်မုန့်တို့ ခရမ်းချဉ်သီးတို့ ကိတ်မုန့်တို့ကို ရေခဲသေတ္တာထဲ ထည့်တယ်ဆိုတာ သိပ်ကောင်းတဲ့ အယူအဆတော့ မဟုတ်ပါဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

တချို့ အစားအစာတွေဟာ ရေခဲသေတ္တာထဲမှာထားရင် ပိုပြီး ကြာကြာမခံတဲ့အပြင် ကော်ဖီလိုဟာမျိုးဆိုရင် တခြား အစားအသောက်တွေရဲ့ အရသာကိုပါ ပျက်သွားစေနိုင်တယ်လို့ ညွှန်ကြားချက် အသစ်တွေ ထွက်ပေါ်နေတာပါ။ ကြက်သွန်နီကို ရေခဲသေတ္တာထဲ ထားရင်လည်း ရှိပြီးသား တခြားအမယ်တွေကိုပါ အကျိုးသက်ရောက်မှု ရှိစေနိုင်တယ်လို့ Good Housekeeping Institute ကနေ အကြံပေးထားပါတယ်။

 

 

နွေရာသီဆိုရင် ရေခဲသေတ္တာထဲ မုန့်ပဲသားရေစာတွေ ပြည့်ညပ်နေအောင် ထည့်လေ့ရှိကြတဲ့အကြောင်း ရေခဲသေတ္တာထဲ မထားသင့်တဲ့ ပစ္စည်းကိုးမျိုးဆိုပြီး ရေးသားထားတဲ့ အထဲမှာ တွေ့ရပါတယ်။ အစားအသောက်တွေကို ရေခဲသေတ္တာထဲ ထည့်ထားတာဟာ ပိုပြီးကြာကြာခံသလား၊ ပိုပြီးကောင်းသလားဆိုတာ အောက်မှာ လေ့လာနိုင်ပါတယ်။

 

၁။ပေါင်မုန့် - ပေါင်မုန့်ကို ပိုပြီး လတ်လတ်ဆတ်ဆတ် ကြာရှည်ခံအောင် ထားချင်တယ်ဆိုရင် အေးပြီး ခြောက်သွေ့တဲ့နေရာမှာ အလုံပိတ် အိတ်နဲ့ပဲ ထားသင့်ပါတယ်။

 

၂။ကြက်သွန်နီ - ကြက်သွန်နီတွေကိုလည်း အညှောက်ထွက်ခြင်းကနေ ကင်းဝေးအောင် တခြား အခြောက်ခံလို့ရမယ့် နေရာမှာပဲ ထားသင့်ပါတယ်။ ရေခဲသေတ္တာထဲဆိုရင် တခြား အစားအသောက်တွေကို အနံ့စွဲစေနိုင်ပါတယ်။

 

၃။ကြက်သွန်ဖြူ- ကြက်သွန်ဖြူလည်း အထက်ပါနည်းအတိုင်း ရေခဲသေတ္တာက ကူညီဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။

 

၄။ထောပတ်သီး - ထောပတ်သီးတွေကိုတော့ မြန်မြန် မမှည့်စေချင်ရင် အညိုရောင် အိတ်တွေထဲမှာ မစည်းမနှောင်ဘဲ ထားသင့်ပါတယ်။ မြန်မြန်မှည့်စေချင်တယ် ဆိုရင်တော့ ငှက်ပျောသီး တစ်လုံးနဲ့အတူ ရောထားသင့်ပါတယ်။

 

၅။ခရမ်းချဉ်သီး - ခရမ်းချဉ်သီးဆိုတာ အေးအောင်ထားလေ သူ့ရဲ့ သဘာဝ အရသာ ပျက်လေပါပဲ။ ခရမ်းချဉ်သီးတွေကို သဘာဝ အခန်းအပူချိန် အနေအထား အတိုင်းမှာပဲ ထားသင့်ပါတယ်။

 

၆။ပျားရည် - ပျားရည်ဆိုတာ ဘယ်တော့မှ မူလအရသာ ပြောင်းလဲသွားတဲ့ အစားအစာ မဟုတ်ပါဘူး။ဒါကြောင့် ပျားရည်ဟာလည်း ရေခဲသေတ္တာထဲ ထည့်သိမ်းစရာ မလိုပါဘူး။

 

၇။ကိတ်  - ကိတ်မုန့်အမျိုးအစား အားလုံးနီးပါးဟာလည်း လေလုံတဲ့ ထည့်စရာ တစ်ခုခုထဲမှာ ထားရင် ကြာရှည်ခံပါတယ်။

 

၈။ဖရဲသီး - အသီးတွေကို မခွဲမစိတ်ဘဲ ရေခဲသေတ္တာထဲထားရင် နေရာမလုံလောက်နိုင်ပါဘူး။ စိတ်ထားပြီးသား အသီးအနှံတွေကိုတော့ ထုပ်ပိုးပြီး ရေခဲသေတ္တာထဲ ထည့်နိုင်ပါတယ်။

 

၉။ကော်ဖီ - အစားအသောက် မက်သူတွေဟာ ကော်ဖီကို အေးတဲ့ နေရာမှာ သိမ်းဆည်းထားလေ့ ရှိကြပေမယ့် တကယ်တော့ ကော်ဖီဟာ ရေခဲသေတ္တာထဲက တခြားအစား အသောက်တွေရဲ့ အနံ့ကို စုပ်ယူတတ်တဲ့အတွက် လေလုံတဲ့ ထည့်စရာ တစ်ခုခုထဲမှာပဲ ထည့်သိမ်းသင့်ပါတယ်။

 

(MDN)

 

ကိုးကား-Reder’s Digest (Heath)