ရေခဲတောင်တက် သဘာဝအခြေခံခရီးသွားလုပ်ငန်းတွင် ပြည်ပခရီးသွားများကို ပိုမိုဆွဲဆောင်ရန် လိုအပ်

ရန်ကုန် ဩဂုတ် ၂၉

 

မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းများဖွံ့ဖြိုးမှုဖြင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် နိုင်ငံတော်က ဖော်ဆောင်ပေးလျက်ရှိရာ ပြည်တွင်းခရီးသွားများ အထူးနှစ်ခြိုက်သည့် မြန်မာပြည်မြောက်ဖျား ရေခဲတောင်တက် ခရီးစဉ်ကို နှစ်စဉ် စိတ်ဝင်စားမှု မြင့်တက်လာ၍ ပြည်တွင်းခရီးသွားသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်ရန် ပိုမို လိုအပ်လာကြောင်း ပူတာအို ခရီးသွား လုပ်ငန်းကုမ္ပဏီတစ်ခုမှ သိရသည်။

 

အားလုံးပြင်ဆင်ထား

အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းပဲ ရေခဲတောင်တန်းတွေရှိတာပါ။ ပြည်တွင်း ခရီးသွား နှစ်စဉ်လာရောက်လေ့ရှိပေမယ့် ပြည်ပခရီးသွားတော့ မရှိသေးပါဘူး။ သဘာဝကို အခြေခံတဲ့ ခရီးသွားဒေသဖြစ်တဲ့အတွက် ခရီးသွားတွေအတွက် အားလုံးပြင်ဆင်ထားပါတယ်။ ရေခဲတောင်တက် ခရီးစဉ်တွေကိုလည်း ရေးဆွဲထားပါတယ်။ မြန်မာပြည် မြောက်ဖျား ဒေသတစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံး သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ အဆင်ပြေတယ်ဆိုရင် စီးပွားရေးမောင်းနှင်အား တစ်ခုကို အရှိန်မြှင့်တင် လိုက်တဲ့သဘောပါပဲ။ ထိုင်းနိုင်ငံကခြေလျင်တောင်တက် အသင်းတွေဆိုရင် ဖုန်ကန်ရာဇီရေခဲတောင်ကိုတက်ဖို့ စိတ်ဝင်စားကြတယ်။ မြန်မာပြည်ကိုလာပြီး ရေခဲတောင်ခရီးစဉ် ဗဟုသုတတွေ လိုချင်ကြတယ်။ နိုင်ငံခြားသား ခရီးသွားသုံးဦးဟာ ပြည်တွင်းခရီးသွား ၁၀ ဦးနဲ့ ဝင်ငွေ ညီမျှတဲ့အတွက်အတွက် ဆွဲဆောင်မှုတွေ၊ ဖြေလျှော့မှုတွေလိုမယ်လို့ မြင်ပါတယ်ဟု ပူတာအို ခရီးသွားဝန်ဆောင်မှုကုမ္ပဏီမှ ဦးယောဆက်က ပြောသည်။

 

အာဆီယံနိုင်ငံတို့တွင် ရေခဲဖုံးလွှမ်းသည့် တောင်တန်းများကို တစ်နိုင်ငံတည်းပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းမှ ဝင်ငွေပိုမိုရရှိရန် အခွင့်အလမ်းများစွာ စောင့်ကြိုလျက်ရှိပြီး နိုင်ငံခြား ခရီးသွားဝင်ရောက်ဖို့ အခြားဥရောပနိုင်ငံတို့ထက် ကုန်ကျစရိတ်သက်သာကာ ရှေးဟောင်းယဉ်ကျေးမှု၊ သဘာဝသယံဇာတ၊ သဘာဝရှုခင်းအလှတို့ကို ရိုးရာဓလေ့၊ အစားအစာနှင့် ကြည့်ရှုလေ့လာနိုင်သည်။ မြန်မာနိုင်ငံသည်အာဆီယံနိုင်ငံတို့တွင် သဘာဝကိုအခြေခံသော ခရီးသွားဒေသ အရင်းအမြစ်များစွာ တည်ရှိနေပြီး ယခုလာမည့် ခရီးသွားရာသီ၌ ပြည်တွင်း ပြည်ပခရီးသွားများ ဝင်ရောက်မှုမှ ဟိုတည် လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ပို့ဆောင်ရေးကဏ္ဍတို့မှ ယခင်နှစ်များထက် ဝင်ငွေပိုမိုရရှိရန် လင်းရောင်ခြည်များသန်းလျက်ရှိသည်။ နေပြည်တော်ခရီးစဉ်တွင် ကမ္ဘာပေါ်၌ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံး ကိန်းဝပ်စံပယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမြော်ကြမည့် နိုင်ငံခြားသားခရီးသွားများစွာ ဝင်ရောက်လာဖွယ်ရှိနေသည်။

 

ဖုန်ကန်ရာဇီရေခဲတောင်ခရီးစဉ်တွင် သဘာဝအတိုင်း တောလမ်းမှ တောင်တက်ခရီးစဉ်ဖြင့် ရေခဲ ဖုံးလွှမ်းရာအစပ်သို့ တက်ရောက်နိုင်သည့်အတွက် တောင်တက်ခရီးသွားများ၏ လက်ဆင့်ကမ်းစကား သံတို့ဖြင့် ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လျက်ရှိပြီး နှစ်စဉ် ပြည်တွင်း တောင်တက်ခရီးသွားများ မြင့်တက်လျက်ရှိသည်။

 

“သဘာဝကိုအခြေခံတဲ့ ခရီးစဉ်ဒေသတစ်ခု ဖြစ်တာနဲ့အညီ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖို့ဆိုရင် နိုင်ငံတော်ရဲ့လမ်းညွှန်မှုနဲ့အတူ သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းသွားဖို့ လိုပါတယ်။ တစ်ချိန်မှာ ရေခဲတောင်ဒေသရဲ့ ခရီးသွားလုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေရရှိလာမယ်လို့ ယုံကြည်ပါတယ်ဟု ဦးယောဆက်က ဆက်လက် ပြောကြားသည်။

 

ကချင်ပြည်နယ်တွင် ပူတာအိုခရီးသွားလုပ်ငန်း အေးဂျင့်သုံးခုမှ နှစ်စဉ်တောင်တန်းခရီးသွားများကို ခရီးသွားဝန်ဆောင်မှုပေးလျက်ရှိပြီး ပြီးခဲ့သည့် ခရီးသွားရာသီ၌ အဆိုပါကုမ္ပဏီသုံးခုမှ တောင်တက် ခရီးသွား ၂၀၀ မှ ၃၀၀ ခန့်အထိ ဝန်ဆောင်မှုပေးနိုင်ခဲ့ကာ ဒေသခံတို့နှင့် ချိတ်ဆက်သွားလာကြသည့် တောင်တက်ခရီးသွားများဖြင့်  ရေခဲတောင်ဒေသသို့ ခရီးသွား ၅၀၀ ခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ – T&M