ရှေးခေတ်ရှမ်းတိုင်းရင်းသားပုံပြင်များ

 

 

ပါမောက္ခဒေါက်တာခင်ရီဝင်း

 

အိုက်ပစ်နှင့်အိုက်မွန်

 

တစ်ခါက ရွာလေးတစ်ရွာတွင် အိုက်ပစ်နှင့် အိုက်မွန် အမည်ရှိ   ညီအစ်ကိုနှစ်ဦးသည် မုဆိုးမမိခင်ကြီးနှင့်အတူ   နေထိုင်ကြသည်။

 

သူတို့၏မိခင်သည် မကျန်းမမာဖြစ်နေသည်။ ထို့ကြောင့် သားကြီးဖြစ်သူ အိုက်ပစ်သည် မိခင်ကြီးအတွက် ဆေးဆရာ ရှာဖွေရန်ထွက်သွားလေသည်။ သူသည်တောအတွင်း၌ လိပ်ပြာတစ်ကောင်ကိုတွေ့သဖြင့် ဆေးဆရာအမှတ်ဖြင့် အိမ်သို့ဖမ်းယူလာလေသည်။

 

“သူက သိပ်ပြီးသေးငယ်လွန်းတယ်။ သူ့ကိုမယုံကြည်ဘူး။ ပြန်လွှတ်လိုက်ပါ” ဟု ညီငယ်ဖြစ်သူက အိမ်သို့ရောက်လာသည့် လိပ်ပြာအားကြည့်၍ ပြောသည်။ အစ်ကိုဖြစ်သူက ညီငယ်ပြောသည့်အတိုင်း လိပ်ပြာကို တောအတွင်းသို့ ပြန်လွှတ်ကာ ဖားတစ်ကောင်ကို ဖမ်းခဲ့ပြန်သည်။ ညီငယ်ဖြစ်သူ အိုက်မွန်ကလည်း ယခင်နည်း အတိုင်းပင်ပြောကာ ဖားကိုပြန်လွှတ်စေပြန်သည်။ ထို့နောက် အိုက်မွန်သည် သူကိုယ်တိုင် တောသို့သွားကာ မျောက်တစ်ကောင်ကို ဖမ်းလာသည်။ ထိုမျောက်ကိုလည်း ရှေးနည်းအတိုင်းပင်ပြောကာ ပြန်လွှတ်ပြန်သည်။

 

နောက်ဆုံးတွင် အိုက်မွန်သည် တောတွင်းမှ ဘီလူးတစ်ကောင်ကို ဖမ်းလာသည်။

 

“ဟာ ဘာကြီးလဲ၊ ဘာကြီးလဲ၊ ဘာကောင်ကြီးလဲ”

 

သူတို့၏မိခင်ကြီးသည် ဘီလူးကိုမြင်သောအခါ ကြောက်လန့်တကြား အော်ဟစ်လေသည်။ ညီအစ်ကိုနှစ်ဦးလည်း ဘီလူးကို ကြောက်ရွံ့ကြသဖြင့် ထွက်ပြေးကာ ပုန်းအောင်နေတော့၏။ ဘီလူးသည် သူတို့၏ မိခင်ကြီးကို စားပစ်လိုက်လေတော့သည်။

 

ဘီလူးသည် သူတို့ညီအစ်ကိုနှစ်ဦးကို ခြေရာခံ၍ လိုက်ရှာလေသည်။ မကြာမီ ဘီလူးသည် မောပန်းလာသဖြင့် လမ်းတွင်တွေ့သော ကြိတ်ဆုံကြီးတစ်ခုပေါ်တွင်ထိုင်ကာ အပန်းဖြေနေလေသည်။ ထိုကြိတ်ဆုံကြီး၏နောက်တွင် အိုက်မွန်တို့ညီအစ်ကို ပုန်းအောင်းနေ ကြသည်။ သူတို့သည် ဘီလူးကတွေ့မည်စိုးရိမ်သဖြင့် အသံပင် မထွက်ရဲကြပေ။  ထိုသို့ရှိစဉ် ညီငယ်အိုက်မွန်သည် ဘီလူး၏ကိုယ်ပေါ်မှ အမွေးများကို ဆွဲနှုတ်လိုစိတ်ပေါ်လာသည်။ အစ်ကိုဖြစ်သူက တားသော်လည်းမရပေ။

 

နောက်ဆုံးတွင် အစ်ကိုဖြစ်သူက ဘီလူးကိုယ်ပေါ်ရှိ အမွေးတစ်ပင်ကို အလျင်အမြန်နှုတ်ရန် ခွင့်ပြုလိုက်သည်။ ခွင့်ပြုချက်ရသည်နှင့် အိုက်မွန်သည် ဘီလူး၏ကိုယ်ပေါ်မှအမွေးများကို လက်တစ်ဆုပ်စာခန့်မျှ ဆွဲနှုတ်လိုက်လေသည်။

“အောင်မယ်လေး၊ နာလိုက်တာ နာလိုက်တာ”

 

ဘီလူးသည် နာကျင်လှသဖြင့် အသံကုန်အော်ဟစ်ကာ ထွက်ပြေးသွားလေသည်။ ညီအစ်ကိုနှစ်ဦးသည် ကြိတ်ဆုံအနီးမှ ထွက်ခွာလာရာ တောထဲသို့ရောက်သွားလေသည်။ တောထဲတွင် လေးပစ်တော်သော မုဆိုးတစ်ဦးနှင့်တွေ့ရသည်။

 

“မိုက်ရိုင်းရက်စက်တဲ့ လူသားစားဘီလူးကို နှိမ်နင်းပေးပါလား မုဆိုးကြီးရယ်”

 

အိုက်မွန်တို့ညီအစ်ကိုက မုဆိုးကြီးအား အကြောင်းစုံကို ပြောပြပြီးဘီလူးကို နှိမ်နင်းပေးရန်တောင်းဆိုသည်။ ထို့နောက်တွင် မုဆိုး၏လက်ချက်ဖြင့် ဘီလူးကြီးသေဆုံးသွားရသည်။

 

ဘီလူး၏အသားများကို နုပ်နုပ်စဉ်းကာ ဆားစိမ်သည်။ ဦးခေါင်းပိုင်းနှင့် လက်များကိုမူ ခြင်းတစ်ခုထဲတွင်ထည့်ကာ ရောင်းချ စေသည်။ ထိုအသားများကို ဘီလူးမကြီးက ဝယ်ယူမိသွားသည်။ ထိုအခါ ဘီလူးမကြီးက ဘီလူးကြီးသေဆုံးကြောင်း သိသွားတော့သည်။

 

ထို့ကြောင့် အိုက်မွန်တို့ညီအစ်ကိုကို လက်စားချေရန်ကြံစည်လေသည်။

 

သို့သော် မုဆိုးကြီးရောက်လာပြီး ကူညီတိုက်ခိုက်ပေးသဖြင့် ဘီလူးမကြီးလည်း သေဆုံးသွားလေသည်။ မသေမီ ဘီလူးမကြီးသည် နာကျင်လှသဖြင့် ပြင်းထန်စွာငိုကြွေးလေသည်။ ဤတွင် ဘီလူးမကြီး၏မျက်ရည်များ စီးဆင်းသွားရာတစ်လျှောက်တွင် ချောင်းလေးဖြစ်သွားတော့သည်။ သူ၏အော်သံသည်လည်း ဖားအော်သံ ဖြစ်သွားရတော့သည်။

 

Ref: SHAN LEGENDS- by Pu Loi Hom and Pu Loi Tun.