ရေကြီးနစ်မြုပ်မှု ကာကွယ်ဖို့ မြစ်ချောင်းများကို ထိန်းသိမ်းစို့  

 

သတင်းဆောင်းပါး - ဇော်မောင်မောင်၊

ဓာတ်ပုံ - စောရွှေဂွန်း

 

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဆိုးရွားသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ တစ်နှစ်ထက်တစ်နှစ်ပိုမိုဖြစ်ပေါ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခံစားနေရပါသည်။  ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အပူအအေးလွန်ကဲခြင်း၊ အချို့နေရာများတွင် မိုးခေါင်ရေရှားမှုများဖြစ်ပေါ်ခြင်း၊ မုန်တိုင်းများဖြစ်ပေါ်၍ အချိန်အခါမဟုတ် မိုးများသည်းထန်စွာ ရွာသွန်းခြင်း၊  ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မြစ်ကမ်းပါးပြိုကျခြင်း၊  တောင်များပြိုကျခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတွေ့ကြုံ ခံစားလာနေရသည်ကို တွေ့ရှိရပါသည်။

 

ရေကြီးရေလျှံဖြစ်ပေါ်မှုအန္တရာယ်ကို  လျှော့ချကာကွယ်

ထိုသို့ တစ်နှစ်ထက်တစ်နှစ် ပိုမိုခံစားလာရသည့် သဘာဝဘေးအန္တရာယ်များ လျော့ပါး သက်သာစေရေးအတွက် သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက် ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် အခြားဆက်စပ်ဌာနများနည်းတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်မှုများ၊ အပူလွန်ကဲမှုကြောင့် သောက်သုံးရေ၊ စိုက်ပျိုးရေရှားပါးမှုများမဖြစ်ပေါ် စေရေးအတွက် ရေလှောင်တမံများတွင် ရေများကို လိုအပ်သလို ထိန်းညှိသိုလှောင် ထုတ်လွှတ်ပေးခြင်း၊ တာတမံများတည်ဆောက်ပြုပြင်၍ ရေဘေးအန္တရာယ် ဖြစ်ပေါ်မှုမှ လျှော့ချကာကွယ်ပေးခြင်း၊ ချောင်းကော မြောင်းကော ရေနုတ်မြောင်းများတူးဖော်၍ ရေစီးဆင်းမှု ကောင်းမွန်စေခြင်းတို့ဖြင့် ရေကြီးရေလျှံဖြစ်ပေါ်မှုအန္တရာယ်ကို လျှော့ချကာကွယ်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀ ခန့်တွင်တည်ရှိပြီး ကမ်းရိုးတန်း ဒေသဖြစ်ကာ ပိုမိုကျယ်ပြန့်သည့် တောင်ပိုင်းမြစ်ဝကျွန်းပေါ်အတွင်းတည်ရှိသည်။ အနောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့တို့ တည်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးသည် ဧရိယာစတုရန်းမိုင် ၃၉၆၇ ဒသမ ၈၆၈ ကျယ်ဝန်းပြီး စုစုပေါင်းမြေဧရိယာ ဧက ၂၅၄ဝဝဝဝ ခန့်ရှိကြောင်း သိရသည်။ ပင်လယ်နှင့်နီးသော ဒေသဖြစ်၍ မိုးများပြီး စွတ်စိုပူနွေးသောရာသီဥတုရှိကာ အပူဆုံးအချိန်ဖြစ်သည့် ဧပြီလနှင့် မေလများတွင် နေ့အပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီ စင်တီဂရိတ်အထိရှိသဖြင့် ပျမ်းမျှအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ရှိပါသည်။ အအေးဆုံးအချိန်ဖြစ်သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် နေ့အပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်ရှိပြီး ညဘက်အပူချိန်မှာ ၁၆ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းတတ်ပါသည်။ ပျမ်းမျှမိုးရေချိန်မှာ ၁၀၃ လက်မအထိ ရှိကာ မိုးကာလမှာ မေလမှ အောက်တိုဘာလအထိဖြစ်ပြီး ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအများဆုံး ရွာသွန်းလေ့ရှိကြောင်း သိရှိရပါသည်။

 

mdn

 

တာတမံများနှင့် ရေတံခါးများ တည်ဆောက်ပြုပြင်

ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အဓိကအားထားရသည့် ငမိုးရိပ်ရေလှောင်တမံနှင့် လဂွမ်းပြင် ရေလှောင် တမံတို့ကို ထိန်းသိမ်းပြုပြင်ခြင်း၊ ရေထိန်းတံခါးများ တည်ဆောက်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ ၎င်းအပြင် ရေကြီးရေလျှံဖြစ်ပေါ်မှုမှ လျှော့ချကာကွယ်ပေးနိုင်ရန်အတွက် တာတမံများနှင့် ရေတံခါးများ တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်း၊ ချောင်းကောမြောင်းကော ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်နှင့် ရန်ကုန်မြို့ရှိ မြို့နယ်ခုနစ်မြို့နယ်တို့အတွင်း ဖြတ်သန်း စီးဆင်းလျက်ရှိသည့် ငမိုးရိပ်ချောင်းသည် ပဲခူးရိုးမတွင် ချောင်းအဖျားခံ၍ အလျား ၇၇ မိုင်ခန့်ရှည်လျားပြီး ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံအတွင်းသို့ စီးဝင်ပါသည်။ ၂၀၂၃ ခုနှစ် မိုးနှောင်းရာသီတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ စံချိန်တင်ရွာသွန်းခဲ့သည့် ၄.၁၀.၂၀၂၃ ရက်နေ့မှ ၁၃.၁၀.၂၀၂၃ ရက်နေ့အထိ ကာလတွင် ငမိုးရိပ်ချောင်းဝန်းကျင်တစ်ခုလုံးတွင် လည်း မိုးရေချိန် ၁၆.၆၄ လက်မအထိ မိုးအဆက် မပြတ် ရွာသွန်းခဲ့ပါသည်။

ငမိုးရိပ်ချောင်းအထက်ပိုင်းရှိ ရေလှောင်တမံများဖြစ်သော ငမိုးရိပ်ရေလှောင်တမံ၊ မဟူရာ (ငမိုးရိပ်ရေကူ) ရေလှောင်တမံနှင့် ပေါင်းလင်း (ငမိုးရိပ်ရေကူ) ရေလှောင်တမံတို့တွင် ကန်ရေပြည့် သိုလှောင်ထားပြီးဖြစ်သဖြင့် အဆိုပါမိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းသည့် ကာလအတွင်း မိုးရေကြောင့် ထပ်မံဝင်လာသည့်ရေများကို မသိုလှောင်နိုင်ခြင်း၊ ရေလှောင်တမံများ၏ အောက်ဘက် ရေဆင်းဧရိယာအတွင်းရှိ ချောင်း၊ မြောင်းများမှ စီးဝင်ရေများသည်လည်း ငမိုးရိပ်ချောင်းအတွင်းသို့ အချိန်တိုအတွင်း တစ်ဟုန်ထိုး စီးဝင်ခဲ့ခြင်း၊ ရေဆင်း ဧရိယာအတွင်းရှိ သဘာဝရေထိန်းရေကန် (Retention Pond) များ တိမ်ကောလာခြင်းနှင့် အဓိက ရေနုတ်ပေးနိုင်သည့် ငမိုးရိပ်ချောင်း၏ အချို့အပိုင်းများမှာ တိမ်ကောလာခြင်း တို့ကြောင့် ငမိုးရိပ်ချောင်း ဝဲ/ယာ ရှိ လှည်းကူးမြို့နယ်နှင့် ဒဂုံမြို့သစ်မြို့နယ်များရှိ အနိမ့်ပိုင်းနေရာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။

 

ရေကြီးမှုဖြစ်စဉ်

ရေကြီးမှုဖြစ်စဉ်အား သုံးသပ်ရာတွင် ငမိုးရိပ်ရေလှောင်တမံ တည်ဆောက်ပြီးနောက်ပိုင်းတွင် စီးဝင်ရေ အများစုကို တမံအတွင်း သိုလှောင်လိုက်သဖြင့် တမံအောက်ပိုင်းရှိ ငမိုးရိပ်ချောင်းအတွင်း ရေစီးဆင်းမှု လျော့နည်းလာသည်နှင့်အတူ ချောင်းရိုးကျဉ်းမြောင်းလာပြီး ပေါ်ထွန်းလာသော သောင်မြေပေါ်တွင် ကျူးကျော် နေထိုင်စိုက်ပျိုးမှုနှင့် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုတို့ကြောင့် ငမိုးရိပ်ချောင်းသည် ပိုမို ကျဉ်းမြောင်း တိမ်ကောလာခြင်း၊ မြစ်ချောင်း ကမ်းပါးများတစ်လျှောက်တွင် လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ အပန်းဖြေ စခန်းများ၊ စက်ရုံ၊ အလုပ်ရုံများ ဆောက်လုပ်လာခြင်း၊ ငမိုးရိပ် ရေလှောင်တမံအောက်ဘက် ရေဆင်းဧရိယာမှာ ၃၀၀ စတုရန်းမိုင်ရှိပြီး ရေဆင်းဧရိယာအတွင်းရှိ ချောင်းလက်တက်များသည် ငမိုးရိပ်ချောင်းအတွင်းသို့စီးဝင်ကာ မိုးရေချိန်များပြားသည့်အခါများတွင် ငမိုးရိပ်ချောင်းအတွင်းသို့ ရေများအချိန်တိုအတွင်း တစ်ဟုန်ထိုး စီးဆင်း ဝင်ရောက်ခြင်း၊ မိုးများချိန်တွင် ဒီရေအတက်ဆုံးအချိန်များနှင့် တိုက်ဆိုင်ခဲ့သဖြင့် ငမိုးရိပ်ချောင်းပေါ်ရှိ ပင်မ ရေနုတ်မြောင်းဖြစ်သော ငမိုးရိပ်ရေတံခါးမှ  ရေများထုတ်နုတ်နိုင်မှု လျော့နည်းလာခြင်းတို့ကြောင့် ရေကြီး နစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည်ဟု သိရှိရပါသည်။ ၎င်းအပြင် မြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်လာခြင်း၊ ဆက်သွယ်ရေးလမ်း၊ တံတားများ၊ လူနေအိမ်ခြေများ၊ မြို့သစ်များနှင့် ရပ်ကွက်သစ်များ တိုးချဲ့တည်ဆောက်လာခြင်းတို့သည်လည်း ယာယီရေဝပ်ဧရိယာ (Retention Pond) များနည်းပါးလာစေပြီး ရေစီးလမ်းကြောင်းများ ကျဉ်းမြောင်းလာခြင်းကို ဖြစ်ပေါ်စေသဖြင့် ရေကြီးမှုဖြစ်ပေါ်စေရခြင်း၏ အကြောင်းတစ်ခုအပါအဝင်ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးအတွက် ငမိုးရိပ်ချောင်း ရေစီးရေလာ ကောင်းမွန်စေရန် ငမိုးရိပ်ချောင်းအတွင်နုန်းများတူးဖော်ခြင်း၊ ငမိုးရိပ်ချောင်းနှင့် ဆက်စပ် နေသည့် ချောင်း/ မြောင်း/ ရိုးများကို နုန်းဆယ်ကာပြန်လည်တူးဖော်ခြင်း၊ တာတမံများကို တောင့်တင်းခိုင်မာအောင် ပြုပြင်ထိန်းသိမ်းခြင်း၊ ငမိုးရိပ်ရေတံခါး၏ အထက်ဘက်မှ စီးဆင်းလာသောရေများမှ တချို့တစ်ဝက်ကို ရေတံခါးသို့မရောက်မီ လေးဒေါင့်ကန်ချောင်း၊ မအူချောင်း၊ မစိုချောင်း၊ ဘဲလမ်းရိုး၊ ဆိပ်ကမ်းသာ မြောင်းများမှတစ်ဆင့် ပဲခူးမြစ်အတွင်းသို့ တိုက်ရိုက်စီးဆင်းစေခြင်း၊ ဘားလားချောင်း၊ တော်တမတ်ရိုးတို့မှ တစ်ဆင့် စီးဝင်ရေအချို့ကို ငမိုးရိပ်ရေတံခါး၏ အောက်ဘက်သို့ တိုက်ရိုက် စီးဆင်းစေခြင်း၊ ငမိုးရိပ်ရေတံခါးမှ ရေထုတ်နုတ်မှု ကောင်းမွန်စေရန်၊ နုန်းအနည်ချမှုသက်သာစေ ရန်နှင့် ရေလေလွင့်မှုနည်းပါးစေရန် ရေတံခါး ရွက်များကို Slide Gate များနှင့် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်ခဲ့ပြီး လဂွမ်းပြင်ချောင်း နှင့်ဆက်စပ်လျက်ရှိသော ချောင်း/ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ရင်ဆိုင်တုံ့ပြန်ကာကွယ်

ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် မိုးရွာသွန်းမှုပုံစံမမှန်၍ မိုးများပြီး ရေကြီး နစ်မြုပ်မှုများ၊ မြေပြိုမှုများ၊ မိုးခေါင်၍ ရေရှားပါးမှုများ၊ အပူအအေး လွန်ကဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိရာ ထိုဖြစ်စဉ်များမှ ရေကြီးနစ်မြုပ်မှု အန္တရာယ်ကို ရင်ဆိုင်တုံ့ပြန် ကာကွယ်နိုင်ရန်အတွက် မိုးရေကြောင့် မြေဆီမြေလွှာတိုက်စားပြီး မြစ်၊ ချောင်းများအတွင်း နုန်းအနည်ဝင်ရောက်မှုကို လျှော့ချကာကွယ်နိုင်ရန် သစ်တောသစ်ပင်များ ပြုန်းတီးမှုကို ထိရောက်စွာ ကာကွယ်ခြင်းနှင့် အစားထိုးစိုက်ပျိုးခြင်း၊ နုန်းပို့ချ၍ တိမ်ကောလာသည့် မြစ်၊ ချောင်း၊ ရိုးများကို ပြန်လည်တူးဖော်၍ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ မြစ်၊ ချောင်းများအတွင်းသို့ လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်လာမှုများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းကြပ်မတ်ခြင်း၊ အမှိုက်နှင့် အညစ်အကြေးများကို ချောင်း၊ မြောင်းများအတွင်းသို့ စွန့်ပစ်ခြင်းတို့ကို ကာကွယ်တားဆီးခြင်း၊ မြို့ရွာများအတွင်းရှိ ရေနုတ်မြောင်း/ ချောင်းများကို ရေစီးရေလာကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်း၊ မြေနိမ့်ဒေသများရှိ သဘာဝရေလှောင်ကန်များ၊ အိုင်များကို ထိန်းသိမ်းပြုပြင်ခြင်းတို့ကို နိုင်ငံတော်နှင့် ပြည်သူလူထုလက်တွဲ၍ ဝိုင်းဝန်းစောင့်ရှောက် ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမမှန်မှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော ရေကြီးနစ်မြုပ်မှုအန္တရာယ်ကို ကာကွယ်သွားနိုင်မည် ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။