ဘားအံ နိုဝင်ဘာ ၁၃

 

ကရင်ပြည်နယ်အတွင်း မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် မိုးစပါးဧက ၃၅၃၉၁ ဧက ရေနစ်မြုပ်ခဲ့ပြီး ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၆၁ ဧက ဒုတိယအကြိမ် ထပ်မံပျက်စီးကာ မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့် လယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုး စိုက်ပျိုးမှုအား နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ၊ ကွင်းအမှတ်(၁၂၀၉) ကော့ကျိုက်ကွင်း၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများနှင့် ဒေသခံတောင်သူများပူးပေါင်း၍ ဆောင်းဆီထွက်သီးနှံ မြေပဲအစေ့ချစိုက်ပျိုးနေမှု၊ ပေါင်းလိုက်စက်ဖြင့် ပေါင်းမြက်များ ရှင်းလင်းနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

 

ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမိုးစပါး ၁၄၄၆၁ ဧကအနက် ၈၉၈၆ ဧကသာမိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ပြီး ကျန်ရှိသည့်ဧကများအား အခြားသီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုတ်၊ ဘိုကိတ်၊ ပဲဖြူလေးတို့ကို ပြန်လည်စိုက်ပျိုးထားရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကမော့ကစင်အနောက်ကွင်း၊ ကွင်းအမှတ်(၁၁၈၇)ရှိ တရုတ်လှ လျှပ်စစ်မြစ်ရေတင်၏ အကျိုးပြုဧရိယာတွင်ပါဝင်သော အကျဉ်းဦးစီးဌာနမှ နွေစပါးဧက (၃၀)စိုက်ပျိုးရန် ပျိုးဖျာလိပ်စနစ်ဖြင့် ပျိုးထောင်ထားရှိမှု၊ ကူဘိုတာခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)