ရေကြည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၄)လုံး ပျက်စီးဆုံးရှုံး

ရေကြည်    ၃၁  ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်ရင်းရှည်ကျေးရွာအုပ်စု သပြေတန်းကျေးရွာ၌ ယမန်နေ့ ည ၉ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒေါ်ဝိုင်းကြွသေည် နေအိမ်ဘုရားခန်းတွင် ဖယောင်းတိုင်ဖြင့်ဘုရားမီး ပူဇော်ခဲ့ပြီး ကျေးရွာအတွင်းရှိ ဦးပြုံးချို၏ နေအိမ်သို့အလည်သွားရောက်ခဲ့ရာအဆိုပါ ဖယောင်းတိုင်မှတစ်ဆင့် နေအိမ်အားမီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

 အဆိုပါမီးလောင်ရာသို့ရေကြည်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိဦးစိုးနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် ဒေါ်ဝိုင်းကြွေ၏ ဓနိမိုး၊ထရံကာ ဝါးကြမ်းခင်း နေအိမ်(၁)လုံး၊ ဉီးခင်မောင်ဝင်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ ဦးအောင်စိုးနိုင်၏ ဓနိမိုး၊ထရံကာ ၊ဝါးကြမ်းခင်း နေအိမ်(၁)လုံး၊ ဦးတင်လှိုင်၏ ဓနိမိုး၊ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၄)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။

 

အောင်သူဟန် (ပြန်/ဆက်)