ရွှေကူ၊ ဒဂုံဆိပ်ကမ်းနှင့် တာမွေမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၃ မတ်

 

ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် မတ် ၂၁ ရက် ညနေ ၅နာရီက ရွှေကူမြို့နယ်၊ ပူခိုင်ကျေးရွာနေ စစ်ဆေးစဉ် ရန်လင်းထွေးသည် ထွက်ပြေးသွားပြီး မသီတာ နှင့်အတူ ဘိန်းဖြူ သုည ဒသမ ၀၄၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၈၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့ ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၉)ရပ်ကွက်၊ မင်းလှကျော်ထင်လမ်း၊ အိမ်အမှတ်(မ/၈၉၂)နေ မမိုးကေသီဝင်း(ခ)မမိုး(ခ)မာမာမြင့် ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ စောထူးအားတွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဇေယျာသုခလမ်းရှိ သက်နိုင်ဦး(ခ)ကိုသက် တည်းခိုနေထိုင်သော ဟိုတယ်အခန်းအမှတ်(၁၀၆)နှင့်(၁၀၇)အား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ အခန်းအမှတ်(၁၀၆)တွင် ညီထက်မြက်(ခ) ရှမ်းထက်ကျော်၊ ခန့်အောင်ခန့်(ခ)အောင်ခန့် (ခ)ဂျင်ကို၊ အိုက်သန်း(ခ)ကျော်ဝင်းနှင့် အောင်ဆွေဝင်းတို့အားတွေ့ရှိပြီး အိုက်စ် သုည ဒသမ ၀၀၂ကီလို၊ အိုက်သန်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈ ပြား၊ နံရံထောင့်ရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၅၁ပြား  နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍  တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ကမ္မဌာန်းလမ်း၊ အိမ်အမှတ်(မ/၆၈၂)ရှိ  အောင်ဆွေဝင်း၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ သက်နိုင်ဦး(ခ)ကိုသက် အားတွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈ ပြား၊ အိုက်စ် သုည ဒသမ ၀၀၃ ကီလို၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။  

 

MDN