ရွှေကူ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၃  ဧပြီ

           

ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၂ ရက် နံနက် ၆ နာရီခွဲတွင် ရွှေကူမြို့နယ်၊ လိပ်စင်း-ကသာသွား ကားလမ်းတွင် မမြဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၇,ဝ၀ဝ  သိမ်းဆည်းရမိခဲ့သည်။

           

အလားတူ ယင်းနေ့ညနေ ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ မဉ္ဇူလမ်းနေ ကျော်ဝင်းဟန်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃၈ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ယောမင်းကြီးလမ်း ထောင့်၌ မျိုးကိုကို မောင်းနှင်ပြီး စိန်မိုးဝင်း လိုက်ပါလာသည့် Crown Saloon အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂,၉၀၅ ပြား၊ အိုက်စ် ၃ ဒသမ ၅ ဂရမ် ၊ စိန်မိုးဝင်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၈၅ ပြား၊ အိုက်စ် ၂၄ ဂရမ်နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကိုလည်းကောင်း၊

           

အလားတူ နံနက် ၉ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းတွင် အောင်ခေး(ခ)အိုက်လန် မောင်းနှင်ပြီး နော်ခမ်းနှင့် ထွန်းဟန်တို့ လိုက်ပါလာသည့် MITSUBISHI PAJERO အမျိုးအစား မော်တော် ယာဉ်ကို X-Rays စက်ဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ အဲယားကွန်းပိုက်လိုင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ ၊ ငွေကျပ် ၄၅,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

 

 

MDN