ရွှေကူ၊ မူဆယ်၊ နောင်ချိုနှင့် ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၇  ဩဂုတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၆ ရက် ည ၈ နာရီက ရွှေကူမြို့နယ်၊ တော်လန်ကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်မိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ နမ့်စန့်ဂိုဒေါင်ကျေးရွာနေ မလရှမ်းမာရွယ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၁ ကီလိုတို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များသည် နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာ၊ နောင်ချို-ရပ်စောက်သွား ကားလမ်းတွင် စိုးမိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

 

အလားတူ ထိုနေ့ ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပင်လောင်းမြို့နယ်၊ ဗန်းမောက် ကျေးရွာနေ တီးခွန် (ခ) အောင်ခမ်း ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၁၀၀  သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)