ရွှေကူ၊ ထားဝယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁ ဩဂုတ် 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီက ရွှေကူမြို့နယ်၊ နောင်လတ်ကြီးကျေးရွာအုပ်စု၊ ပူခိုင်ကျေးရွာနေ ဝင်းတင့်စိုး(ခ)ကိုစိုး၏ နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၄၅ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ 


အလားတူ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ကျန်းမာရေးလမ်း၊ အိမ်အမှတ်(၇၀၇)နေ သန်းအောင် ၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ နေမျိုးသူစိုး၊ ရန်နိုင်ဝင်း တို့အားတွေ့ရှိရပြီး ၎င်းတို့ထံမှ အိုက်စ် သုည ဒသမ ၀၀၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀ ၊ လက်ကိုင်ဖုန်း ၄ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကျော်ကျော်ဆက် ရောက်ရှိနေသည့် လောင်းလုံးမြို့နယ်၊ မောင်းမကန် ကျေးရွာရှိ တည်းခိုခန်းသို့ သွားရောက်ရှာဖွေရာ ကျော်ကျော်ဆက်(နှင့်အတူ ထွန်းဦးကျော်၊ မထက်ထက်ဦး  တို့အား တွေ့ရှိရပြီး ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ ကျော်ကျော်ဆက်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇,၀၀၀ ၊ လက်ကိုင်ဖုန်း ၊ စုစုပေါင်း ငွေကျပ် ၉၈၅၇ ဒသမ ၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို လည်းကောင်း၊ 


ထို့အတူ ဇူလိုင် ၃၀ ရက်နံနက် ၁၁ နာရီခွဲက  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာအနီးတွင် အောင်မင်းလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား