ရေမြောင်းတွေက အမှိုက်ပစ်ဖို့လား

 

တင်၀င်းလေး(ကြည့်မြင်တိုင်)

 

ရုတ်တရက် မှောင်လာတဲ့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး၀င်း(အမည်လွဲ)က ရုံးထဲမှ ပင် ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။

“ဪ...မိုးတွေမှောင်လာပြီကိုး ...” မကြာမီမိုးရွာတော့မယ့် အရိပ်အယောင်---၊ ကောင်းကင်တစ်ပြင်လုံး ချက်ချင်းမည်းမှောင် လာတော့ “ဒီတစ်ခါတော့ သဲသဲမဲမဲ မည်းမည်းရွာတော့မယ်”လို့ စိတ်ထဲက ထင်နေ တုန်းမှာပင် ရွာချလိုက်ပါပြီ..၊ ထင်တဲ့အတိုင်း ရွာတာမှ ရေအတော်ပါတာပါ။

“ဟဲလို...၊ ဥက္ကဋ္ဌလား.....၊"

“ဟုတ်ပါတယ်”

“ကျွန်မတို့အိမ်နောက်ဖေး မြောင်းက ရေတွေလျှံပြီး အိမ်ထဲရေတွေ၀င်လာလို့ လာလုပ်ပေးပါဦး....၊”

ဘုရား ဘုရား ... လာကြည့်ပေးပါဦး မဟုတ်၊ လာလုပ်ပေးပါဦးတဲ့---၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘာပြောရမှန်းမသိ ကြောင် သွားတယ်။ နောက်တော့မှ “သြော် ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မိုးလေးနည်းနည်းစဲသွားရင် လာကြည့်ပေးပါ့မယ်နော်”လို့ ပြန်ဖြေလိုက် ရပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စည်ပင် (သန့်ရှင်းရေး)များ မှတ်နေရော့သလား မသိ တော့ပါ။

ဒါက ကျွန်တော်တို့ ကြည့်မြင်တိုင်မြို့နယ် ရပ်ကွက်ထဲက တကယ့်ဖြစ်ရပ်ပါ။

နောက်ဖေးရေမြောင်း ပြန်လည်ပြုပြင်

နောက်ဖေးရေမြောင်းတွေကို လွှတ်တော် ရန်ပုံငွေနဲ့ ပြန်လည်အဆင့်မြှင့်ပြုပြင်ထားတာပါ၊ ရေမြောင်းအကျယ်နဲ့ အနက်ကို အရင်က ထက် ပိုပြီးကျယ်ကျယ်နက်နက် ဆောင်ရွက် ပေးထားတာပါ။

ဒါ့အပြင် ရေမြောင်းထဲကို အမှိုက်တွေ မပစ်နိုင်အောင် အပေါ်က ကွန်ကရစ် မြောင်းဖုံးတွေနဲ့ အုပ်ထားပေးတာပါ၊ စနစ် တကျပါပဲ၊ ဒီလောက်မိုးရေနဲ့ ဘာကြောင့် ရေမြောင်းရေလျှံရတာလဲ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးကြီး မစဉ်းစားတတ်အောင် ဖြစ်သွား ရပါတယ်။

မိုးလေးနည်းနည်းစဲသွားတော့ သွားကြည့် လိုက်ပါတယ်၊ ဖုန်းဆက်တဲ့အတိုင်းပါပဲ မြောင်းရေလျှံပြီး အမှိုက်တွေ ပြန့်ကျဲနေတဲ့ အနေအထားပါ။ ဆယ်အိမ်မှူး ရာအိမ်မှူးနဲ့ စေတနာရှင်တွေစုပြီး မြောင်းဖုံးတွေကို လိုက်လှန်ကြည့်လိုက်တော့...၊

မြောင်းထဲမှာ ပလတ်စတစ်အအေးဘူးခွံ တွေ၊ ရေသန့်ဘူးခွံတွေ၊ ဘီယာဘူးခွံတွေ၊ ဖော့ဘူးတွေ၊ ကြွပ်ကြွပ်အိပ်ရောင်စုံတွေ မြောင်းတစ်လျှောက် ပြည့်ပြီးပိတ်နေတာကို တွေ့လိုက်ရပါတယ်။

အဲဒီလောက် အမှိုက်တွေအများကြီး ဒီမြောင်းထဲကို ဘယ်လိုရောက်လာပါလိမ့်၊ စဉ်းစားလို့မရ၊ မလှန်ရသေးတဲ့ မြောင်းဖုံးတွေ ကိုကြည့်လိုက်တော့ အဖြေကို တွေ့လိုက်ရ ပါပြီ။

ကွန်ကရစ် ရေမြောင်းဖုံးတစ်ပြားနဲ့ တစ်ပြားဆက်ထားတဲ့ နေရာတိုင်းမှာ နှစ်လက်မခန့် အပေါက်တွေ ရှိနေတာကို တွေ့လိုက်ရပါတယ်၊ အကြောင်းရှိရင် လက်နှိုက်မထုတ်လို့ရအောင် ထားထားတဲ့ အပေါက်တွေပါ၊ အခုတော့အဖြေကို တွေ့လိုက် ရပါပြီ၊ အဲဒီအဝိုင်းပေါက်တွေထဲကနေ အမှိုက် တွေကို ထိုးထိုးထည့်နေကြတာကိုး----။

အဲဒီအကျိုးဆက်က အခုလက်တွေ့ခံလိုက် ရပါပြီ၊ အမှိုက်တွေကြောင့် ရေမြောင်းက ရေမစီးနိုင်၊ ရေမစီးနိုင်တော့ လျှံတက်ပြီပေါ့ ၊ အိမ်တွေထဲ မြောင်းရေတွေဝင်ပြီပေါ့၊ “တရားခံဘယ်သူလဲဟေ့”လို့ မေးစရာမလို တော့ပါ၊ ဒါပေမယ့် လက်သည်မပေါ်ပါ၊ အမေး ခံရသူက ပြန်ပြောပါလိမ့်မယ်“ဒီနေရာမှာ သူတို့ လောက် စည်းကမ်းရှိတာ ဘယ်သူမှမရှိဘူး”လို့ ဆိုပါလိမ့်မယ်။

အမှိုက်တွေ အိမ်ရှေ့အရောက်လာသိမ်း

ရပ်ကွက်ထဲကို အမှိုက်သိမ်းသူတွေ မနက်တစ်ခါ၊ ညတစ်ခါလာကြပါတယ်။ စာနာ သဒ္ဓါကြေးလေး ငွေကျပ် ၅၀ ၊ ၁၀၀ လောက် ပေးရပါတယ်၊ ဒါကလည်း သူတို့က ဘယ်လောက်ပေးပါရယ်လို့ တောင်းတာ မဟုတ်ပါဘူး၊ ကိုယ်တောင် မကိုင်ချင်တဲ့ အရာကို ကြည်ကြည်ဖြူဖြူနဲ့ အိမ်ရှေ့အရောက် လာသိမ်းပေးတဲ့အတွက် ကိုယ်ချင်းစာနာစိတ် နဲ့ ပေးကြတာပါ၊ ဒီလိုမှ မပေးချင်ရင်လည်း ရပ်ကွက်ထိပ်မှာ အမှိုက်ပုံးကြီးတွေ ရှိပါတယ်၊ အချိန်မရွေး သွားပစ်လို့ရပါတယ်၊ ရေမြောင်း တွေက အမှိုက်ပစ်ဖို့မှမဟုတ်တာ။

ပြောမယ့်သာပြောရတာပါ၊ လွန်ခဲ့တဲ့ လေးငါးနှစ်ကျော်ကအထိ ရေမြောင်းတွေကရေလျှံပြီးကားလမ်းတွေပေါ်၊ ရပ်ကွက်လမ်း တွေ၊ အိမ်တွေထဲဝင်တာ နှစ်စဉ်လိုပါပဲ၊ ရန်ကုန် မြို့လယ်ကောင် အနော်ရထာလမ်းနဲ့ ရွှေဘုံသာ လမ်းထောင့် ဝန်းကျင်ဆို မိုးလေးနည်းနည်းများ ရွာလိုက်တာနဲ့ ကားလမ်းပေါ် ရေတွေက ရောက်စမြဲပါ၊ မော်တော်ယာဉ်တွေ၊ ခရီးသွား တွေ အတော်ဒုက္ခရောက်ခဲ့ရဖူးပါတယ်။ မိုးရွာ တဲ့ အချိန်နဲ့ မြစ်ရေတိုးတဲ့အချိန်ဆို ကမ်းနား လမ်းတစ်လျှောက်က ချောင်းရေစီးသလိုပါပဲ။

စမ်းချောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်(၁)ဖြစ်တဲ့ ဦးညီညီမြတ်က ဆိုပါတယ်၊ “ဟုတ်ပါတယ် ရှေ့နှစ်မိုးမတိုင်ခင် ကဆို ကျွန်တော်တို့စမ်းချောင်းထဲက အချို့ လမ်းတွေက ရေလျှံနေကြပါ။ အဆိုးဆုံးက ဗားကရာလမ်းနဲ့ ဗဟိုလမ်းဆုံမီးပွိုင့် ဧရိယာပါ၊ နောက် -အောင်ချမ်းသာရပ်ကွက်ပဲ၊ အောင် ချမ်းသာ ရေမြောင်းကြီးရေလျှံလို့ အိမ်တွေထဲ ရေတွေ၀င်တာ ခါးတစ်ဝက်အထိ ရှိခဲ့ဖူးတယ်။ အချို့ လမ်းတွေဆို ဒူးလောက်အထိဖြစ်တယ်၊ မနှစ်က မိုးမတိုင်မီ ၂၀၁၉ ခုနှစ် မေလ ကတည်းက အောင်ချမ်းသာမြောင်းကြီးကို အကြီးစားပြင်တယ်၊ အရှည်က ပေ ၄၀၀၀ ရှိတယ်။ တစ်ဆက်တည်းပဲ အရင်ရှမ်းလမ်းလို့ ခေါ်တဲ့ ဗဟိုလမ်းမကြီးအောက်က ရှေးဟောင်း မြောင်းကြီး၊ ဗားကရာလမ်းဆုံကနေ အောင် ချမ်းသာမြောင်းကြီးအထိပေ ၁၆၀၀ ရှိတယ်။ အဲဒါကိုလည်း အင်နဲ့အားနဲ့ ဆယ်ယူခဲ့တယ်။ သန့်ရှင်းရေးဝန်ထမ်းအင်အား ၃၀ ကျော်နဲ့ ဆောင်ရွက်ခဲ့တာပါ။ အမှိုက်ထုက လေးပေ လောက်ရှိတယ်။ အမှိုက်တန်ချိန်က ၁၂၀၀ လောက်ထွက်တယ်။ အဲဒီနှစ် နောက်ပိုင်းက စလို့ လမ်းတွေပေါ် ရေတက်တာတို့ ရပ်ကွက် တွေထဲ ရေ၀င်တာတို့ လုံး၀မရှိတော့ဘူး။ အရင်ကဖြစ်ခဲ့တာကို ပြည်သူအများက သိသွားကြပြီ။ စည်းကမ်းမဲ့ အမှိုက်တွေ စွန့်ပစ် မှုကြောင့် ရေလျှံ ရေ၀င်ဖြစ်ခဲ့ရတာကိုပါ၊ အချို့ စည်းကမ်းလိုက်နာမှု အားနည်းနေတာတွေ လေးတော့ ရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်မြောင်းတွေကို မိုးမလာခင် ကြိုတင် ဆယ်တော့ မြောင်းတွေထဲမှာ စွန့်ပစ်အမှိုက် တွေ တွေ့နေရသေးလို့ပါ။ အမှန်တော့ ရေမြောင်းတွေက အမှိုက်ပစ်ဖို့မဟုတ်ပါလို့ ပြောချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လူတွေ စည်းကမ်းရှိဖို့က အရေးကြီး

တာမွေမြိုနယ်ဆိုရင်လည်း ပြီးခဲ့တဲ့ တစ်နှစ်ကျော်အထိ တာမွေဗလီနားလမ်းဆုံ တစ်ဝိုက်က ရေလျှံမြဲပါ၊ စည်ပင်ကရေမြောင်း ကြီးတွေကို တိုးချဲ့လုပ်လိုက်တဲ့အတွက်ရယ်၊ နောက် အခုလို မိုးမကျခင် မြောင်းတွေကို ကြိုတင်ဆယ်ယူလိုက်တာကြောင့် လမ်းတွေ အပေါ် ရေမလျှံတော့ဘူးလို့ သမိန်ဗရမ်းလမ်းမှာ နေတဲ့ ဦးတင်၀င်းအောင်က ပြောလာပါပြီ။ သူ့အမြင်ကိုမေးကြည့်တော့ “စည်ပင်က ဘယ်လိုပဲ မြောင်းတွေကောင်းအောင် လုပ်လုပ် အဓိကကတော့ လူတွေပဲ၊ စည်းကမ်း ရှိဖို့ အရေးကြီးတယ်။ အမှိုက်ကို စနစ်တကျ ပစ်ဖို့လိုတယ်။ မြောင်းတွေထဲချနေမယ်ဆိုရင် တော့ မြောင်းတွေဘယ်လောက်ကြီးကြီး ရေပြန်လျှံမှာပဲ၊ ရေမြောင်းတွေက အမှိုက်ပစ်ဖို့ မဟုတ်ပါဘူးဗျာ”။ ။

 

မြန်မာ့အလင်း