ရေးမြို့နယ်မှထွက်ရှိသည့် မင်းကွတ်သီးများ နိုင်ငံအနှံ့ အွန်လိုင်းမှ တင်ပို့ရောင်းချနေရမှုကြောင့် ဒေသခံဥယျာဉ်ခြံစိုက် တောင်သူများ အဆင်ပြေ

ရေး ဇွန် ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်မှထွက်ရှိသည့် မင်းကွတ်သီးများအား အွန်လိုင်းမှတစ်ဆင့် ရောင်းချနေကြသဖြင့် ဒေသခံစိုက်ပျိုးတောင်သူများ နေ့စဉ် အလုံးရေ သောင်းနှင့်ချီကာ တင်ပို့ရောင်းချနေကြပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

လက်ရှိကာလတွင် တစ်လုံးလျှင် အနည်းဆုံး အလုံးအကြီးအသေးအပေါ် မူတည်ကာ ငွေကျပ် ၁၀၀ မှ ၂၀၀ ကျော်ခန့်အထိ အရောင်းအဝယ်ဖြစ်နေပြီး မှာယူသူများပြားသည့် မော်လမြိုင်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့အပါအဝင် နိုင်ငံအနှံ့ နေ့စဉ်တင်ပို့နေရကြောင်း စိုက်ပျိုးရေးတောင်သူများက ပြောကြားသည်။ 

ယခုနှစ် မင်းကွတ်သီးထွက်ရှိမှုက အရင်နှစ်ထက်စာရင် ထွက်အားကောင်းပြီး အဆုံးအရှုံးနည်းကာ အသီးကောင်းတွေများကြောင်း၊ ဝယ်သူတိုက်ရိုက် ရောင်းချရမှုများပြားသဖြင့် အဆင်ပြေကြောင်း၊ ခြံထဲအထိ လိုက်လံဆင်းဝယ် ရောင်းချနေရကြောင်းလည်း စိုက်ပျိုးရေးတောင်သူများက ပြောသည်။ ရေးမြို့နယ်အတွင်း မင်းကွတ်သီးကို နေရာအနှံ့ ဥယျာဉ်ခြံမြေများအတွင် သီးထပ်သီးညှပ် အဓိကထားစိုက်ပျိုးကြပြီး အပူစာဖြစ်သည့် ဒူးရင်းသီးနှင့် တွဲဖက်စားသုံးလေ့ရှိသော အသီးအနှံတစ်မျိုးလည်းဖြစ်ကြောင်း သိရသည်။

ရေး(ပြန်/ဆက်)