ရေးမြို့နယ်တွင် အမျိုးသမီးငယ်များအား အခြေခံစက်ချုပ်ပညာရပ် သင်ကြားပို့ချ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်လမ်း ရရှိစေရန်နှင့် လူတစ်ဦးချင်းဝင်ငွေ တိုးပွားလာစေပြီး အိမ်တွင်းမှုအတတ်ပညာ ပိုမိုထွန်းကားလာစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာပေး အခြေခံစက်ချုပ်သင်တန်းကို ရေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းသို့ ကျေးရွာများမှ သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ပြီး ဒေသခံ ကျွမ်းကျင်သူများက အခြေခံစက်ချုပ် ပညာရပ်များကို ၁ လခွဲကြာ စာတွေ့လက်တွေ့ ပို့ချပေးမည်ဖြစ်သည်။

 

“အရင်က စက်ချုပ်ပညာကို လေ့လာသင်ယူထားပေမယ့် လုံလောက်မှု မရှိတာရယ်ကြောင့် အခုလို ဒီသင်တန်းကနေ ပညာတွေ ဆက်လက်လေ့လာ သင်ယူပြီးတော့ ကိုယ်ပိုင်ရပ်တည်နိုင်အောင် လုပ်ကိုင်သွားဖို့ ရှိပါတယ်”ဟု သင်တန်းသူ မသဇင်က ပြောသည်။

 

သင်တန်းတွင် သင်တန်းထူးချွန်သူများကို ဆုချီးမြှင့်ပေးမည်ဖြစ်ပြီး အလုပ်အကိုင်ရရှိရန်အတွက် အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်ကူညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေမျိုးထွဋ်(ရေး)