ရေးမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဟိုပုံးမြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ၁၈ မေ

ရေးမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဟိုပုံးမြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ရေးမြို့နယ်၊ မော်လမြိုင်-ရေး သွားကားလမ်း၊ ကီလိုမီတာ တိုင်အမှတ် ၁၅၀ အနီးတွင် သံဖြူဇရပ်မှ ရေးဘက်သို့ စောမောင်သိန်း(၄၁)နှစ် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း။

အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် ဟိုပုံးမြို့နယ်၊ ဟိုပုံး-လွိုင်လင်သွားကားလမ်း၊ လွယ်ဝိုး တုတ်ကျေးရွာအနီးတွင် ပြည့်ဖြိုးမင်း(ခ)ကိုမင်း (၃၀)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စူဠာမုနိဘုရား အနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမည့်သူ မနှင်းအိဖြူကို မော်တော်ယာဉ်တစ်စီးနှင့်အတူ ထပ်မံဖမ်း ဆီးရမိခဲ့သဖြင့် စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်း ကျေးရွာမှ ရန်ကုန်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

mdn