ရေမြင့်သည့်အခါ

မြင့်ထွေး(ဟိုတယ်ခရီး)

ပြည်သူ့ဝန်ထမ်းလုပ်သက် ၂၆ နှစ်ကျော်သို့ ဝင်ရောက်ပြီးဖြစ်၍ လုပ်သက်တစ်လျှောက် ပုဂ္ဂိုလ်ပေါင်းများစွာနှင့် ကြုံဆုံခဲ့ရပြီး ၎င်းတို့၏ ကြိုးစားအားထုတ်မှုပုံစံများနှင့် စိတ်နေ စိတ်ထားများကို လေ့လာခွင့်၊ သင်ယူခွင့် ရရှိခဲ့သည်။ အချို့ပုဂ္ဂိုလ်များမှာ အငြိမ်းစားခံစားနေသည့်တိုင် ဝေးဝေးက ရှောင်ရသည်အထိ ရွံ့ကြောက်ရသည့် သူများရှိသကဲ့သို့၊ အချို့ပုဂ္ဂိုလ်များမှာမူ ယနေ့အချိန်ထိ နေ့ကြီးရက်ကြီးများတွင် ဂါရဝပြုခံရလျက် ရှိပါသည်။

လေးစားဂုဏ်ယူထိုက်သည့် ပုဂ္ဂိုလ်

လေးစားဂုဏ်ယူထိုက်သည့် ပုဂ္ဂိုလ်များအနက် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု မှန်ကန်ဖြောင့်မတ်စွာဖြင့် အုပ်ချုပ်ခဲ့သူ တစ်ဦးက “တပည့်တို့ မင်းတို့ဟာ ရေဆိုရင် ကိုယ်က ကြာပါ။ ကြာဆိုတာ ရေမြင့်မှ တင့်တယ်တာပါ။ ရေမမြင့်ရင် ကြာဆိုတာလည်း တင့်တင့်တယ်တယ် မြင့်လာမှာမဟုတ်ပါဘူး” ဟု အလျဉ်းသင့်တိုင်းပြောကြားသည့် သူ၏အမှာစကားကို လုပ်ငန်းခွင်တစ်လျှောက် မှတ်သား လိုက်နာဖြစ်ခဲ့သည်။ လက်အောက်ဝန်ထမ်းများကို ခွဲခြားနှိမ့်ချခြင်းမရှိဘဲ လုပ်ဖော်ကိုင်ဖက်များ အဖြစ် တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြသည့် သူများလို လက်တွဲခေါ်ယူ စိတ်ဓာတ်မြှင့်တင်ပေးကာ အောင်မြင်မှု အသီးအပွင့်များကို မျှဝေခံစားစေသူဖြစ်သဖြင့် ဝန်ထမ်းများက ရိုသေလေးစားကာ အမြဲအမှတ်တရရှိနေမှုကို ခံယူရရှိ နေသူဖြစ်သည်။

ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

ဤသို့လေးစားထိုက်သူများ၏ စံနမူနာကောင်းများကို ခံယူလျက် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးသို့သွားရောက်၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရင်း မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးစသည့် ကမ်းရိုးတန်းဒေသများသို့ အကြိမ်ကြိမ်ရောက်ရှိခဲ့ပြီး ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ်းခြေဒေသ သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဝန်းကျင်နှင့် ဂေဟစနစ်များ မပျက်စီးစေရေးအတွက် ဒေသတာဝန်ခံများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှု များစွာရှိခဲ့သည်။

မွန်ပြည်နယ်တွင် စက်စဲကမ်းခြေ၊ ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေ၊ ဧရာဝတီတိုင်းဒေသကြီးတွင် မော်တင်စွန်း၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံ ကမ်းခြေ၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် မောင်း မကန်ကမ်းခြေ၊ စမ်းလှမ်း၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ တီဇစ်ကမ်းခြေ၊ ဘုတ်ကျွန်း၊ ဆင်ထောက်ကမ်းခြေ၊ မြင်းခွာအော်၊ ကျောက် ခမောက်၊ ကညင်ချောင်း၊ မြိတ်ခရိုင်တွင် စမတ်ကျွန်း၊ နှစ်ဖက်လှကျွန်း၊ နတ်သမီးရေတွင်းကျွန်း၊ ဖိုးရှမ်း၊ ကော့သောင်းခရိုင်တွင် သူဌေးကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ခရင်းခွကျွန်း၊ မြင်းခွာကျွန်း၊ လန်ပိကျွန်း ၊ ဆေတန်ကျွန်း၊ ကျွန်းဖီလာ၊ ဝအလယ်ကျွန်း၊ ကျွန်းခြောက်ဆယ် ၊ ဗိုလ်ချိုကျွန်း၊ ငှက်ခါးကျွန်း၊ ဗိုလ်နက်ကျော်၊ ၁၁၅ ကျွန်း၊ ငခင်ညိုကြီးကျွန်း စသည့် ကျွန်းများသို့ သွားရောက်ကာ ကမ်းခြေဒေသခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်တည့်တံ့ဖွံ့ ဖြိုးရေးအတွက် ကွင်းဆင်းလေ့လာခဲ့ကြပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ခဲ့ကြသည်။

လေ့လာမှုစစ်တမ်းများကိုလည်း သက်ဆိုင်ရာများသို့ တင်ပြခဲ့သည်။ ထိုသို့ကမ်းခြေဒေသ ရေရှည်တည့်တံ့ခိုင်မြဲရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတကာ၌ ဆောင်ရွက်နေသော အလေ့အကျင့်များကိုပါ ထပ်လောင်း လေ့လာခဲ့ကြပြီး ကမ်းခြေဒေသများအတွက် မရှိမဖြစ်လိုအပ်နေသော ကမ်းခြေဒေသနှင့် ကျွန်းလေ့လာရေး ခရီးစဉ်များနှင့် ဒီရေရောက်တောများသို့ သွားရောက်ရာတွင် ခရီးသွား ဧည့်သည်များ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ စက်လှေပိုင်ရှင်များ၊ စက်လှေမောင်းသမားများ လိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များကို ရေးဆွဲသတ်မှတ်ထုတ်ပြန်ရန် စတင်ကြိုးပမ်းခဲ့ပါသည်။

အဆိုပါစည်းကမ်းချက်များ ထွက်ရှိလာရေးအတွက် ဌာနတွင်းတွင်လည်းကောင်း၊ ဆက်စပ်ဌာနများနှင့်လည်းကောင်း၊ ခရီးစဉ်ဒေသများရှိ ခရီးသွားလုပ်ငန်းနှင့်ဆက်နွှယ် နေသူများနှင့်လည်းကောင်း အချိန်ကာလ လေးလခန့် အချိန်ယူညှိနှိုင်းရေးဆွဲဆောင်ရွက်ခဲ့ရာ ထုတ်ပြန်ရန်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ပါသည်။

ခရီးသွားဧည့်သည်များ လိုက်နာရန် အချက်များ

ထုတ်ပြန်ရန် အသင့်ဖြစ်နေသော စည်းကမ်းသတ်မှတ်ချက်များမှ ခရီးသွားဧည့်သည်များ လိုက်နာရန် အချက်များတွင် ပင်လယ်ကမ်းခြေနှင့်ပင်လယ်အတွင်းရှိ ကျောက်စရစ်၊ သဲ၊ ကနုကမာ၊ ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါ၊ သန္တာကျောက်တန်း၊ သစ်ပင်၊ ပန်းပင်များကို ခုတ်ယူခြင်း၊ သယ်ဆောင်ခြင်း မပြုရန်အထိ ပါဝင်သည်။ ထိုသို့မပြုလုပ်ရန်အတွက် ခရီးစဉ် မထွက်ခွာမီကပင် ဧည့်လမ်းညွှန်များက ခရီးသွားဧည့်သည်များကို ကြိုတင်အသိပေးထားရန် အသေးစိတ်ရေးဆွဲထားသည်။

မကြာသေးခင်က ရင်းနှီးသောမိတ်ဆွေတစ်ဦး ဆွေမျိုးသားချင်းများရှိရာ ကမ်းခြေသို့ သွားရောက်လည်ပတ်ရင်း အပြန်ခရီးတွင် ကမ်းခြေမှတွေ့ရှိသော ကနုကမာအခွံများကို ကောက်ယူခဲ့ပြီး သူ၏နေအိမ်ရှိ ဥယျာဉ်ရေကန်နှင့် ဧည့်ခန်းတွင် အလှထားရှိမှုအား လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရစဉ် ထားဝယ်ခရိုင် လောင်းလုံးဘုတ်ကျွန်းသို့ ခရီးသွား ဧည့်သည်များ နေ့ချင်းပြန်ခရီးစဉ် လည်ပတ်ရေးအတွက် ကွင်းဆင်းလေ့လာရေးခရီး ဆောင်ရွက်စဉ်အတွင်း အဖြစ်အပျက်တစ်ခုကို အမှတ်ရမိသည်။

ထားဝယ်ခရိုင်ရှိ လောင်းလုံးဘုတ်ကျွန်းသည် ပင်လယ်ပြင်လုံခြုံရေးအရ အရေးပါသဖြင့် တပ်မတော်ရေက စောင့်ရှောက်ထားမှုကြောင့် ကျွန်း၏ သဘာဝအလှအပများ၊ ရေအောက်ရှိ သဘာဝ အလှအပများ ပျက်စီးမှုမရှိဘဲ သဘာဝအတိုင်းတည်ရှိကာ ကျွန်းပေါ်တွင် တောလမ်းခရီးဖြတ်သန်းခြင်း၊ ဂေဟစနစ်များ လေ့လာခြင်း၊ ရေအောက်တွင် သဘာဝအလှအပများ ကြည့်ရှုခြင်းများကို စုံလင်စွာ ဆောင်ရွက်နိုင်၍ ထားဝယ်ဒေသရှိ ခရီးသွားနှင့်သက်ဆိုင်သော တာဝန်ရှိသူများက ခရီးစဉ်ဒေသသစ် တစ်ခုအဖြစ် ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ အဆိုပါဘုတ်ကျွန်းတွင် အော် ရှစ်အော်ခန့်ရှိရာ သောင်ဖြတ်အော်၊ အုန်းပင်အော်သို့ နေ့ချင်းပြန်ခရီးစဉ် လည်ပတ်ခွင့်ရရှိရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ညှိနှိုင်းကာ နိုင်ငံတော်အဆင့်အထိ တင်ပြခွင့်ပြုချက် ရယူခဲ့ပြီးနောက် ခရီးသွားဧည့်သည်များ လာရောက်ချိန်တွင် အဆင်ပြေချောမွေ့စေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်တွင် အဆိုပါကျွန်းသို့ နှစ်ကြိမ် ရောက်ရှိခဲ့သည်။

ကျွန်းနှင့်ကမ်းခြေမှာ လူသူအရောက်အပေါက် နည်းလှသည့်အတွက် အရာရာမှာ သဘာဝအတိုင်း ရှိနေသည်ကို တွေ့ရသည်။ ကြည်လင်စိမ်းပြာသောရေကြောင့် ရေအောက်ရှိ သန္တာကျောက်တန်းများအကြားတွင် ရေသတ္တဝါများ ကူးခတ်လှုပ်ရှားသွားလာနေမှုများကို မြင်တွေ့ရသည်။ ပင်လယ်ရေလှိုင်းများ၏ ရိုက်ခတ်တိုက်စားမှုကြောင့် ကမ်းခြေရှိ ကျောက်တုံးများ၏ အက်ကြောင်းများမှာ ပန်းရန်ဆရာတစ်ဦးက ပုံဖော်ရေးခြစ်ထားသလို ဖြစ်နေသည်။ ကမ်းခြေရှိ ကနုကမာခွံများကို တွေ့ရသည့်အခါ လှပလွန်း၍ အပြန်အမှတ်တရ ယူဆောင်သွားရန် စိတ်ကူးရရှိပြီး အခွံသုံးခုကို ကမ်းစပ်မှ ယူလာမိသည်။ အတူလိုက်ပါလာသော ထားဝယ်ရုံးမှဝန်ထမ်းက “ယူလို့မရဘူးနော် ဟု ပြောနေသော်လည်း အိမ်အပြန် အမှတ်တရ ပစ္စည်းအဖြစ် စိတ်ကကပ်နေ၍ နောက်ပြောင်ပြောသည်ဟု မှတ်ယူကာ မကြားချင်ယောင်ဆောင်ပြီး ဇွတ်ယူလာမိသည်။

မိမိကအစ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစေချင်

ကမ်းခြေအဆုံး တောစပ်ရောက်တော့ ဝန်ထမ်းဖြစ်သူက “ယူမသွားပါနဲ့ဆရာ... ထားခဲ့ပါဟု ယဉ်ကျေးစွာ အတည်ပေါက်ပြောသည့်အခါ ကမ်းခြေဒေသ ရေရှည်တည့်တံ့ခိုင်မြဲရေးအတွက် စည်းကမ်းသတ်မှတ်ချက်များ ရေးဆွဲနေသော မိမိအဖို့ အသိစိတ်ပြန်ဝင်ကာ အရှက်ရမိပြီး ကမ်းခြေတောစပ်တွင် ကနုကမာအခွံများကို ညင်သာစွာချကာ သံယောဇဉ်ဖြတ်ထားခဲ့ရသည်။ တစ်ဆက်တည်းပင် သည်လိုဝန်ထမ်းမျိုး ဤဒေသတွင် ရှိနေသည့်အတွက် များစွာကျေနပ်မိကာ နှစ်ထောင်းအားရလည်း ဖြစ်မိသည်။ သူမှတစ်ဆင့် အခြားဝန်ထမ်းများနှင့် ဧည့်လမ်းညွှန်များ၊ ခရီးသွားကုမ္ပဏီများ၊ ဆက်စပ်သူများထံသို့လည်း သည်လိုအသိ အယူအဆ၊ အတွေးအခေါ်များ၊ သည်လိုပြတ်သားရဲရင့်မှုများ၊ ခံယူမှုများ ဆင့်ပွားတိုးမြှင့်လာလျှင် ဒေသအတွက် ခရီးသွားလုပ်ငန်း ရေရှည်တည့်တံ့စေရန် စိတ်အေးရပြီ။

ပင်လယ်ကမ်းခြေနှင့် ကျွန်းများကို အခြေပြု၍ ခရီးသွားလုပ်ငန်းကို ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သော လုပ်ငန်းလုပ်ကိုင်သူများ၊ ဒေသခံပြည်သူများ၏ ခရီးသွား၊ ယဉ်ကျေးမှု၊ အသိပညာ ရေချိန်မြင့်မားမှုကလည်း အရေးကြီးလှသည်။ ခရီးသွား အသိပညာ ရေချိန်မြင့်မားစေရေးအတွက် ဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်ရှိ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ဒေသခရီးသွားတာဝန်ခံများနှင့် ဒေသနေပြည်သူများက ဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်သည်။ လိုအပ်သော မူဝါဒများချမှတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထုတ်ပြန်ခြင်း၊ တာဝန်ယူမှု၊ တာဝန်သိမှုများ ပိုမိုဖွံ့ဖြိုးရင့်သန်လာစေရန် လေ့ကျင့်ပျိုးထောင်ခြင်း၊ ဒေသခံများ ပူးပေါင်းပါဝင်လာစေရန် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ စည်းရုံးခြင်း၊ ပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် အထူးလိုအပ်သည်။

အထူးသဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော ဒေသခံပြည်သူများအထိ ခရီးသွားလုပ်ငန်း သဘောသဘာဝများနှင့် အကျိုးရလဒ်များကို နားလည်၊ သိရှိလိုက်နာ ဆောင်ရွက်ကြစေရန်၊ အချိန်ယူ၊ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးသင့်သည်။ ရေလုပ်သားများအနေဖြင့် ခရီးသွားဗဟုသုတ နည်းပါးမှုကြောင့်လည်းကောင်း၊ မိသားစုများ၏ စားဝတ်နေရေးကြောင့်လည်းကောင်း၊ စီးပွားရေးသမားများ၏ မက်လုံးပေးမှုကြောင့်လည်းကောင်း၊ တားမြစ်ကန့်သတ်ထားသော ရေသတ္တဝါများကို ဖမ်းဆီးသတ်ဖြတ်ကာ ဈေးကွက်တင် ရောင်းချနေမှုများကို လူမှုကွန်ရက်တွင် မကြာခဏတွေ့ရသည်။

တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိ

ယခုအခါ တနင်္သာရီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးကို ရည်မျှော်၍ ကန့်သတ်ထားသော ရေသတ္တဝါများဖမ်းဆီးခြင်း၊ သန္တာကျောက်တန်းများ၊ ကနုကမာ၊ ခရုခွံများ ရောင်းချခြင်းလုပ်ငန်းများအပေါ် ဆောင်ရွက်ခြင်း မပြုရန် ဗဟုသုတများဖြန့်ဝေခြင်း၊ ကန့်သတ်ခြင်း၊ တားမြစ်ခြင်း၊ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများကို ဆက်စပ်ဌာနများ နှင့်ပူးပေါင်းကာ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။

မကြာသေးခင်က အလွန်ရင်းနှီးသည့် မိတ်ဆွေတစ်ဦး မြိတ်ကျွန်းစုသို့ သွားရောက်လည်ပတ်ပြီး ရန်ကုန်သို့ ပြန်လည် ရောက်ရှိချိန် မိမိနှင့်တွေ့ဆုံစဉ် “မင်းဝန်ထမ်းတွေက တော်တယ်ကွာ၊ သဘာဝ အလှအပတွေ မပျက်စီးစေဖို့ ကျွန်းပေါ်မှာရှိတဲ့ သက်ရှိသက်မဲ့၊ ကမ်းခြေမှာရှိတဲ့ သက်ရှိသက်မဲ့၊ ကုန်ကုန်ပြောရရင် ကျောက်စရစ်ခဲတောင် ယူခွင့်မပြုနိုင်ကြောင်း၊ ယူခွင့်မရှိကြောင်း တားမြစ်တယ်ကွ ဟု အားပါးတရ ဆိုသည်။ တစ်ဆက် တည်းပင် “ဒီလိုစည်းကမ်းတွေနဲ့ ထိန်းသိမ်းသင့်တာကြာပြီ။ ငပလီကမ်းခြေလည်း အခုနောက်ပိုင်း အတော်သန့်ရှင်းလာတယ်ကွ ဟု ချီးကျူးပြောဆိုသည်။

ကမ်းခြေဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဌာနဝန်ထမ်းများ၏ တာဝန်သိစိတ်ကို ဂုဏ်ယူမိသည်။ ဝန်ထမ်းများ၏ ဆောင်ရွက်မှုကြောင့် ဌာနနှင့်ကမ်းခြေခရီးစဉ် စည်းကမ်းချက်များ ရေးဆွဲရန် စတင်ဖော်ဆောင်ခဲ့သူ မိမိမှာလည်း ဂုဏ်တက်ရသည်။ ကမ်းခြေဒေသ ခရီးစဉ်ရေရှည် တည့်တံ့ခိုင်မြဲရေးအတွက် ရက်ရှည်ကွင်းဆင်းဆောင်ရွက်ခဲ့စဉ်က ဝန်ထမ်းများ၊ ခရီးသွားလုပ်ငန်း ဆက်နွှယ်သူများနှင့် ဆွေးနွေးတိုင်ပင်မှုများ၏ ရလဒ်များက သူတို့၏ ဦးနှောက်၊ နှလုံးသားထဲတွင် ကမ်းခြေသာယာလှပရေး၊ သဘာဝအလှတရားများ ပျက်စီးမှုမရှိစေရေးအတွက် သူတို့တွင် တာဝန်ရှိကြောင်း တစိမ့်စိမ့်ဝင်ရောက်စေခဲ့သည်။

အငြိမ်းစားယူသွားပြီး အခါအားလျော်စွာ ဖုန်းဆက်မေတ္တာပို့သလျက်ရှိသော ပုဂ္ဂိုလ်တစ်ဦး၏ “ရေမြင့်လျှင်ကြာတင့် ဆိုသည့် အမှာစကားမှ တပည့်များ၏ ခရီးသွားအသိပညာ ရေချိန်မြင့်မားလာမှုနှင့်အတူ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာမှုကြောင့် ကမ်းခြေနှင့်ကျွန်းများ ရေရှည်တည်တံ့ သန့်ရှင်းသာယာလှပရေးအတွက် အတူတကွဆောင်ရွက်ခဲ့ကြသော တပည့်များနှင့် ခရီးသွားညီအစ်ကိုမောင်နှမများအပေါ် သတိတရကျေးဇူးတင်စွာဖြင့် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူ ကြည်နူးမိပါတော့သည်။ ။

မြန်မာ့အလင်း