ရေနစ်ရာမှာ တွေ့လိုက်ရတဲ့ ကောက်ရိုးတစ်မျှင်

ထွန်းသစ်စ

အစိုးရနဲ့ အတိုက်အခံအင်အားစုများကြား အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ အီဒလစ်ပြည်နယ်မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို တိုက်ပွဲရှောင်နိုင်စေဖို့ ရည်ရွယ်ပြီး သြဂုတ် ၂၂ ရက်က ထွက်ပေါက်လမ်းတစ်ခု ဖွင့်ပေးလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ဧပြီလကစပြီး အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ အတိုက်အခံတွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အီဒလစ်ပြည်နယ်မှာ လူအတော်များများ သေဆုံးခဲ့ရပါတယ်။ အခုတော့ အဲဒီလိုဒုက္ခတွေကနေပြီး ပြည်သူတွေ လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။

စစ်ပွဲရှောင်လမ်းကြောင်း

အခုလို သတင်းကြားရတာ ဝမ်းသာစရာပါ။ သို့သော်လည်း လွယ်လွယ်ကူကူနဲ့ ကြားရတာတော့ မဟုတ်ပါဘူး။ အစိုးရတပ်ဖွဲ့တွေအနေနဲ့ မဟာဗျူဟာကျနေတဲ့ အီဒလစ်ပြည်နယ်မြို့တော် ခွန်ရှိတ်ခွန်ကို ဂျီဟတ်တွေနဲ့ သူ့ရဲ့ မဟာမိတ်သူပုန်တွေ လက်ထဲက ပြန်လည်သိမ်းပိုက်နိုင်ပြီးမှသာ အခုလိုသတင်းမျိုး ပြောကြားနိုင်တာ ဖြစ်ပါတယ်။

အီဒလစ်ပြည်နယ်ဟာ မဟာဗျူဟာကျတဲ့ နေရာတစ်ခုဖြစ်သလို တူရကီနယ်စပ်ပေါ်မှာလည်း တည်ရှိနေပါတယ်။ အခုတော့ အီဒလစ်ပြည်နယ်ဟာ အတိုက်အခံ အင်အားစုတွေရဲ့ နောက်ဆုံးခြေကုပ်ယူရာနေရာလည်း ဖြစ်လာပါတယ်။ အီဒလစ် ပြည်နယ်ကို လွန်ခဲ့တဲ့ ဇန်နဝါရီလက စကာ ဟာရက်တာရာအယ်လ်ရှန် မဟာမိတ်တွေ က ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဟာရက်တာရာအယ်လ်ရှန် မဟာမိတ်တွေကို ယခင်ဆီးရီးယားအယ်လ်ကေဒါအဖွဲ့မှ ဂျီဟတ်တွေက ဦးဆောင်နေပါတယ်။

ဆီးရီးယားအစိုးရဟာ လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းကို နိုင်ငံမြောက်ပိုင်း ဟားမားပြည်နယ်ရှိ ဆိုရမ်မြို့ငယ်လေးမှာ ဖွင့်လှစ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး နိုင်ငံပိုင်ဆာနားသတင်း အေဂျင်စီမှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့ မြောက်ပိုင်းဟားမားပြည်နယ်နဲ့ တောင်ပိုင်း အီဒလစ်ပြည်နယ်တွေမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေအတွက် အဲဒီလမ်းကြောင်းကို တိုက်ပွဲရှောင်လမ်းကြောင်း အဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

စိုးတထိတ်ထိတ်ဖြစ်

နေရပ်စွန့်ခွာသူတွေအတွက်လည်း နေရာထိုင်ခင်း၊ အစားအစာတွေနဲ့ ဆေးဝါးတွေကိုလည်း ထောက်ပံ့ပေးသွားဦးမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဆီးရီးယား ရုပ်မြင်သံကြားမှာ ထုတ်လွှင့်တဲ့ ရုပ်မြင်ပြကွက်တွေမှာတော့ ဆိုရမ်မြို့ငယ်လေးမှာ ဆီးရီးယား လခြမ်းနီအသင်းရဲ့ လူနာတင်ယာဉ်တွေနဲ့ နေရပ်စွန့်ခွာ ထွက်ခွာမယ့် ဘတ်စ်ကားတွေ တန်းစီနေတာကို တွေ့ရပါတယ်။

အရင်တုန်းက ဆီးရီးယားနိုင်ငံတောင်ပိုင်းနဲ့ အလက်ပိုတို့မှာလည်း အလားတူ လမ်းကြောင်းမျိုး အကောင်အထည်ဖော်ခဲ့တာတော့ ရှိပါတယ်။ သို့သော်လည်း အောင်မြင်တယ်လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေရှိနေတော့ အဲဒီလမ်းကြောင်းကို သိပ်ပြီးအသုံးမပြုကြတာ ဖြစ်ပါတယ်လို့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ်တီဘက်စ်ဝဲလ်က ပြောပါတယ်။ အခုလည်း ပြည်သူတွေအနေနဲ့ စိုးတထိတ် ထိတ်ဖြစ်နေသေးပါတယ်။ သူတို့ဟာ အစိုးရရဲ့ အကူအညီတွေယူရမှာ ကြောက်သလို ဖမ်းဆီးခံရမှာလည်း ကြောက်နေကြပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်သတိထား

သြဂုတ် ၂၁ ရက်မှာတော့ အစိုးရတပ်ဖွဲ့ဝင်တွေဟာ အီဒလစ်ပြည်နယ်တောင်ပိုင်း မှ ဟားမားအထိ လမ်းကြောင်းပိတ်ဆို့မှုတွေ လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အဲဒီလိုလမ်းကြောင်းပိတ်ဆို့မှုထဲမှာ မိုရက်မြို့နဲ့ အနီးဝန်းကျင်ဒေသတွေဖြစ်တဲ့ ကာဖာဇီတာနဲ့ လာတမ်နက်တို့လည်း ပါဝင်ပါတယ်။

တိုက်ပွဲရှောင်လမ်းကြောင်းဟာ အစိုးရကွပ်ကဲမှုအောက်မှာ ရောက်ရှိနေပြီး ကျန်ရှိနေတဲ့ အရပ်သားတွေကိုလည်း ဆန္ဒရှိရင် ထွက်ခွာခွင့်ပေးမှာ ဖြစ်ပါတယ်လို့ ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ သို့သော်လည်း အရပ်သားတွေဟာ အဲဒီမတိုင်ခင်ကတည်းက ထွက်ခွာနှင့်ပြီးဖြစ်တယ်လို့လည်း ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗဒူရာမန်က ပြောပါတယ်။

မိုရက်မြို့ကို ဝန်းရံထားမှုကြောင့် ရုရှားထောက်ခံအစိုးရနဲ့ တူရကီတို့ကြား တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် သတိထားမှုတွေလည်း ဖြစ်လာကြပါတယ်။ သြဂုတ် ၂၂ ရက်ညက လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အစိုးရထောက်ခံတပ်ဖွဲ့တွေကို မိုရက်မြို့မှာ ကျေးရွာတစ်ရွာ၊ တောင်ကုန်းတစ်ခုနဲ့ လယ်မြေတစ်ခုကိုလည်း နောက်ထပ် အနည်းငယ်သိမ်းပိုက်လိုက်နိုင်ပြီလို့ ပြောပါတယ်။

အီဒလစ်အခြေအနေကို ဆွေးနွေးတော့မယ်

ဆီးရီးယား သို့မဟုတ် ရုရှားတွေဟာ အီဒလစ်မှာရှိတဲ့ တူရကီရဲ့ စောင့်ကြည့် လေ့လာရေးစခန်းကို တိုက်ခိုက်ဖို့ စိတ်မဝင်စားသလို တူရကီတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ခိုက်သတ်ဖြတ်ဖို့ စိတ်မဝင်စားပါဘူးလို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခဉာဏ်ကြီးရှင်အဖွဲ့မှ ဆမ်ဟယ်လာက သုံးသပ်ပြောကြားပါတယ်။ သို့သော်လည်း နောက်ဆုံး ဖြစ်ရပ်တွေကို ပြန်ကြည့်မယ်ဆိုရင် သူတို့တွေအနေနဲ့ တူရကီရဲ့ စောင့်ကြည့်မှုအပေါ် ကသိကအောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တူရကီနိုင်ငံပိုင် အနာဒိုလူသတင်းအေဂျင်စီက သြဂုတ် ၂၂ ရက်တွင် ဆီးရီးယား စစ်လေယာဉ်တွေဟာ ခွန်ရှိတ်ခွန်မြို့လေးရဲ့ မြောက်ပိုင်း အယ်လ်ဆာ မင်န်ရွာမှာရှိတဲ့ တူရကီစ ောင့်ကြည့်လေ့လာရေး စခန်းတစ်ခုနားမှာ စက်သေနတ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် အန်ကာရာ အစည်းအဝေးကျင်းပတဲ့အခါမှာ တူရကီသမ္မတ တေရစ်အာဒိုဂန်အနေနဲ့ အီဒလစ်အခြေအနေတွေကို ရုရှားနဲ့ အီရန်သမ္မတတို့နဲ့လည်း ဆွေးနွေးမယ်လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာကာရိုဗာက ရုရှားနိုင်ငံအနေနဲ့ ဆီးရီးယားအရေး တူရကီနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအရေးနဲ့ ပတ်သက်ပြီးတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အာဒိုဂန်တို့ဟာ သိပ်မကြာခင်ရက်အတွင်း ဖုန်းဖြင့်ဆွေးနွေးဖို့ရှိတယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ခ်ကော့ဗ်က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်

အီဒလစ်ပြည်နယ်မှာဆိုရင် အရပ်သားသုံးသန်းလောက်နေထိုင်ပြီးတော့ သူတို့ကို လွန်ခဲ့တဲ့ စက်တင်ဘာလက ရုရှားနဲ့ အန်ကာရာတို့ သဘောတူထားတဲ့ စစ်မဲ့ဇုန်အဆိုပြုချက်အရ ကာကွယ်မှုတွေ လုပ်ဆောင်သွားဖို့တော့ရှိပါတယ်။ ဒါပေမယ့်လည်း အိတ်ချ်တီအက်စ်အဖွဲ့တွေဟာ သတ်မှတ်ကာလမှာ အဲဒီနေရာမှ ဆုတ်ခွာရမှာကို မဆုတ်ခွာနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ဧပြီလမှာ အစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားတပ်ဖွဲ့တွေဟာ အဲဒီနေရာကို ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့ရပြန်ပါတယ်။

အကျိုးဆက်အားဖြင့် အရပ်သား ၉၀ဝ နီးပါးသေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ထို့အတူ လူပေါင်း ၄၀ဝ၀ဝ၀ ခန့်လည်း အိုးပစ် အိမ်ပစ် ထွက်ပြေးခဲ့ရတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ သြဂုတ် ၂၂ ရက် မှာလည်း အစိုးရစစ်လေယာဉ်တွေဟာ ဒမတ်စကတ်-အလက်ပို အဝေးပြေးလမ်း ပေါ်မှာရှိတဲ့ အဓိကမြို့လေးတစ်မြို့ ဖြစ်တဲ့ မာရက်အယ်လ်နူမင်န် အရှေ့ပိုင်းမှာရှိတဲ့ ရွာတွေကို ဗုံးကြဲတိုက်ခိုက်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အဲဒီလို ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သူပုန်တွေထိန်းချုပ်တဲ့ မြို့လေးကို မတိုက်ခိုက်ခင် အရပ်သားတွေကို ထွက်ပြေးစေချင်တဲ့အတွက်ဖြစ်တယ်လို့ လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ထပ်လောင်းပြောကြားပါတယ်။

ကောက်ရိုးတစ်မျှင်

အခုတော့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားနေသောကြောင့် ပြည်သူတွေ မနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတော့တယ်။ မြို့တွေနဲ့ ရွာတွေမှာ ဟာလာဟင်းလင်း တစပြင်ကဲ့သို့ ဖြစ်နေပါပြီလို့ ဗုံးကြဲတိုက်ခိုက်မှုမှ တိမ်းရှောင်ထွက်ပြေးနေရသူ ဒေသခံတစ်ဦးဖြစ်တဲ့ အဘူဟူစိန်က ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားစစ်ပွဲကြောင့် အခုဆိုရင် လူပေါင်း ၃၇၀ဝ၀ဝ ခန့်သေဆုံးခဲ့သလို လူပေါင်းသန်းချီ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်မှုတွေ လုပ်နေရာတာကြောင့် စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုပါပဲ။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် အခုလို တိုက်ပွဲရှောင်လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးလိုက်တာဟာ အပြစ်မဲ့ပြည်သူတွေအတွက် ရေနစ်ရာမှာ တွေ့လိုက်ရတဲ့ ကောက်ရိုးတစ်မျှင်ပါပဲ လို့ ဆိုချင်ပါတယ်။ ။

ကိုးကား- အေအက်ဖ်ပီ