ရှေ့နေများ၏ ရှေ့နေများကောင်စီ

ဥပ‌ဒေအတွေး ရေးပါရစေ အပိုင်း(၂၂၃)

 

ဦးဟန်ညွန့် (ဥပဒေ)

 

ကောင်စီဝင် ဖြစ်ချင်သူ

“တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကျင်းပတော့မယ်လို့ သတင်းစာတွေမှာ ဖတ်ရတယ်။ ကျွန်တော်လည်း အရွေးခံချင်တယ်။ ကောင်စီ ဝင် ဖြစ်ချင်တယ်။ ရှေ့နေထုကိုယ်စား ရွေးကောက်ခံချင်လို့ပါ” ဟု အလုပ်သင် ရှေ့နေ မောင်ပျင်းရိက ကျွန်တော့်အား အရေးဆိုလာပါသည်။

မောင်ပျင်းရိတို့လို အလုပ်သင်ရှေ့နေတစ်ဦးအနေဖြင့် ယခုလောလော ဆယ် ကောင်စီဝင်မဖြစ်နိုင်သေးပါ။ အလုပ်သင်ကာလမျှသာ ရှိသေး၍ များစွာ နုနယ်သေးသည်ဟု ဆိုရမည်ပါ။ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကိုလည်း သေသေချာချာ လေ့လာဖတ်ရှုဖို့၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများပါ သိမှတ်ဖို့ လိုအပ်ပါသည်။ ထို့ကြောင့် ဤဆောင်းပါး ဖြင့် ရှင်းလင်းတင်ပြပါရစေ။

တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ

တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ၁၉၂၆ ခုနှစ် အိန္ဒိယ အက်ဥပဒေအမှတ် ၃၈ အဖြစ် ၁၉၂၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။ ထို့နောက် ခေတ်နှင့်အညီ အဆင့်ဆင့်ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါသည်။

တရားလွှတ်တော်ရှေ့နေများကောင်စီ ဖွဲ့စည်းပုံ

တရားလွှတ်တော်ရှေ့နေများ ကောင်စီကို အောက်ပါအတိုင်းဖွဲ့စည်းသည်-

(က) ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌ

(ခ) ပုဒ်မခွဲ (င) အရ ဒုတိယ ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခံရသည့်

တရားလွှတ်တော်ရှေ့နေများက ယင်းတို့ထဲမှ

ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်

ရှေ့နေတစ်ဦး

(ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဖွဲ့ဝင်များ

အမည်စာရင်းတင်သွင်းသော ပြည်ထောင်စု

တရားလွှတ်တော်ချုပ် တရားသူကြီးနှစ်ဦး

(ဃ) ဒုတိယရှေ့နေချုပ် အဖွဲ့ဝင်

(င) တရားလွှတ်တော်ရှေ့နေများက အဖွဲ့ဝင်များ

သတ်မှတ်ချက်နှင့်အညီ

ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်

ရှေ့နေလုပ်သက် ၁၅ နှစ်ရှိ တရားလွှတ်တော်

ရှေ့နေ ၁၁ ဦး

(စ) ပုဒ်မခွဲ (င) အရ ရွေးကောက်တင်မြှောက် အတွင်းရေးမှူး

ခံရသည့် တရားလွှတ်တော်ရှေ့နေများက

ယင်းတို့ထဲမှ ရွေးကောက်တင်မြှောက်သည့်

ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ပြီးသူမှအပ

ဖြစ်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦး

အက်ဥပဒေကို ပြင်ဆင်ခြင်း

တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ စကားရပ်များပြင်ဆင်ခြင်း၊ တာဝန်များအစားထိုးခြင်း စသည့် အရေးကြီးသည့် မူဝါဒများကို ပြင်ဆင်ခဲ့ခြင်းမှာ သိသာထင်ရှားလှပါသည်။ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြည်သူ့ကိုယ်စား သမိုင်းသစ်တစ်ခေတ်ကို စတင်ဖွင့်လှစ် ဘိသကဲ့သို့ တရားလွှတ်တော်ရှေ့နေများ၏ ကဏ္ဍကို မီးမောင်းထိုးပြခဲ့ခြင်း ဟုလည်း မှတ်ယူနိုင်ပါသည်။

မောင်ပျင်းရိ၏ စောဒက

အလုပ်သင်ရှေ့နေ မောင်ပျင်းရိက “ဆရာကြီးရယ်... ရှေ့နေများ ကောင်စီ လို့ဆိုပြီး ရှေ့နေချုပ်၊ တရားသူကြီးချုပ်ရုံးက တာဝန်ရှိသူတွေနဲ့ ဦးဆောင် ပါဝင်ဖွဲ့စည်းထားတယ်။ ကျွန်တော်တို့ ရှေ့နေတွေချည်း ဖွဲ့စည်းလို့မရဘူး လား။ လွတ်လွတ်လပ်လပ်ပေါ့ဗျာ။ ဝန်ထမ်းတွေ မပါဘဲ ဖွဲ့လို့မရဘူးလား” ဟု ကျွန်တော့်အား စောဒကတက်ပါသည်။ သူ့စောဒကကို ကျွန်တော် နားလည်ပါသည်။

စီမံခန့်ခွဲမှု သဘော

ပြင်ဆင်သည့် ဥပဒေမှာ ပြည်သူ့ကိုယ်စားလှယ်များ ဆွေးနွေးဆုံးဖြတ် ခဲ့ပြီးမှ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ ဥက္ကဋ္ဌမှာ ပြည်ထောင်စုရှေ့နေချုပ် ဖြစ်သော်ငြား ဒုတိယဥက္ကဋ္ဌမှာ တရားလွှတ်တော်ရှေ့နေများက ရွေးကောက်တင်မြှောက်သည့် တရားလွှတ် တော် ရှေ့နေတစ်ဦးသာ ဖြစ်ပါသည်။ အဖွဲ့ဝင်များ၏ အရေအတွက်ကိုကြည့် လျှင် လုပ်သက်အနည်းဆုံး ၁၅ နှစ်ရှိသော တရားလွှတ်တော် ရှေ့နေ ၁၁ ဦး မှာ အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ ထို့ပြင် အတွင်းရေးမှူးမှာလည်း တရား လွှတ်တော်ရှေ့နေများက ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော် ရှေ့နေတစ်ဦးသာ ဖြစ်ပါသည်။ ဤဖွဲ့စည်းပုံအရ တရားလွှတ်တော်ရှေ့နေ အများစုဖြင့် ဖွဲ့စည်းထားကြောင်း မြင်သာပါသည်။ အချိန်ကာလနှင့် အတွေ့အကြုံများက မောင်ပျင်းရိ၏ဆန္ဒကို ဖြည့်ဆည်းပြည့်ဝလာနိုင်မည်ဟု မျှော်လင့်ပါသည်။ မောင်ပျင်းရိလည်း မပျင်းမရိဘဲ လေ့လာဆည်းပူးပြီး ရှေ့နေ လောကတွင် အားကိုးအားထားပြုလောက်သည့် တရားလွှတ်တော်ရှေ့နေ ကြီး ဖြစ်လာသည့်အချိန်တွင် ဥပဒေပြင်ဆင်ရေး တာဝန်များကို တိုးတက် သည်ထက် တိုးတက်အောင် စွမ်းဆောင်နိုင်ပါစေဟု ဆရာကြီး၏ ရုံးခန်းထွက် (တပည့်ပီသစွာ) မျှော်လင့်ယုံကြည်လိုက်ပါသည်။ တစ်ဖက်ကလည်း ရုံးလုပ်ငန်း တာဝန်၊ စီမံဘဏ္ဍာတာဝန်၊ စီမံခန့်ခွဲမှုသဘောများကို ပေါင်းစပ်သုံးသပ် စဉ်းစားတတ်သော တရားလွှတ်တော်ရှေ့နေကြီး ဦးပျင်းရိအဖြစ် မြင်တွေ့ချင် ပါသေးသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်ကို လည်း မမေ့ဖို့ သတိပေးချင်ပါသည်။

ဥပဒေပညာ

“ဥပဒေပညာသည် အကျင့် သိက္ခာနှင့် ပြည့်စုံသောပညာဖြစ် သည်” (THE LEGAL PROFESSION IS A NOBLE PROFESSION) ဟူသော ဆောင်ပုဒ်နှင့်အညီ အကျင့် သိက္ခာနှင့် ပြည့်စုံသော တရား လွှတ်တော်ရှေ့နေများ၏ ဆန္ဒဖြင့် ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် (ဦးဆောင်အဖွဲ့အစည်းတစ်ရပ်)လိုအပ်သည်ကား အမှန်ပင်ဖြစ် ပေသည်။ ယင်းလိုအပ်ချက်နှင့်အညီ မြန်မာတစ်နိုင်ငံလုံး၏ ရှေ့နေ အများစုကို ကိုယ်စားပြုသော၊ ရှေ့နေအကျိုးကိုလိုလားသော၊ စည်းကမ်း ပြည့်ဝသော၊ ဥပဒေပညာအရည်အချင်းပြည့်ဝသော၊ တိုင်းကျိုးပြည်ပြု အစဉ် အလာ ဂုဏ်ဒြပ်များနှင့် ပြည့်စုံသော တရားလွှတ်တော်ရှေ့နေများကောင်စီကို အများက ကြိုဆိုလျက်ရှိပါသည်။ မိမိတို့၏ အရေးကိစ္စများကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲနိုင်ကြမည်ဖြစ်ပါသည်။ အခက်အခဲ၊ လိုအပ်ချက်၊ ရှေ့မျှော်မှန်းချက် များကိုလည်း လက်တွေ့ဘဝများက ထောက်ပြ၊ သင်ခန်းစာရနိုင်ကြမည် ဖြစ်ပါသည်။ အလုပ်လုပ်ကြည့်မှ တာဝန်ပိုသိလာပါမည်။

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်

မောင်ပျင်းရိမေးသော နောက်မေးခွန်းတစ်ခုမှာ “ကျွန်တော်အရွေးခံချင် တယ်၊ ဘယ်လိုအရွေးခံရမည်လဲ” ဟူသော မေးခွန်း ဖြစ်ပါသည်။

အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် တရားလွှတ်တော်ရှေ့နေ များ ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်-

(က) နိုင်ငံသားဖြစ်သူ

(ခ) အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (င) အရ တရားလွှတ်တော်ရှေ့နေလုပ်သက်

အနည်းဆုံး ၁၅ နှစ်ရှိသူ

(ဂ) အက်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (၁) အရ အမှုလိုက်ပါဆောင်ရွက်ခြင်း

ဆိုင်းငံ့ထားခြင်းခံနေရဆဲမဟုတ်သူ(သို့မဟုတ်) တရားလွှတ်တော်

ရှေ့နေများစာရင်းမှ ပယ်ဖျက်ခံရခြင်း မဟုတ်သူ

(ဃ) အက်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (၁) အရ ပြင်းထန်စွာသတိပေးခြင်း

ပြစ်ဒဏ်ကိုရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီ တစ်နှစ်အတွင်း

ချမှတ်ခံရခြင်းမရှိသူ

[ နည်းဥပဒေများအခန်း (၂) ၅ ]

ရွေးချယ်တင်မြှောက်ခြင်း

တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးချယ်တင်မြှောက်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၁၉ ခုနှစ် စက်တင်ဘာ လ ၃ ရက် ရက်စွဲဖြင့် နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လထဲတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို နည်းဥပဒေများနှင့်အညီ ကျင်းပတော့မည် ဖြစ်ပါသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ၂၀၂၀ ပြည့်နှစ် မေလတွင် ထုတ်ဝေသော အောက်ပါအက်ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ဖတ်ရှု လေ့လာသင့်ပါသည်။

(၁) တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ

(၂) တရားလွှတ်တော်ရှေ့နေများကောင်စီ၊ ရွေးကောက်တင်မြှောက်ခြင်း

ဆိုင်ရာ နည်းဥပဒေများ

(၃) လုပ်ထုံးလုပ်နည်းများ

ဆက်သွယ်

နောက်ဆုံးပြင်ဆင်ချက်များပါရှိသော ဥပဒေရေးရာစာအုပ်စာစောင် များဖတ်ရှုခြင်း၊ မရှင်းမလင်းမေးမြန်းစရာများရှိပါက နီးစပ်ရာခရိုင်ဥပဒေရုံး များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး စသည့်တာဝန်ရှိဌာန၊ အဖွဲ့အစည်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါမည်။ သတင်းစာများတွင် အသိပေးကြေညာ ချက်များကိုလည်း တရားလွှတ်တော်ရှေ့နေများကောင်စီက အသိပေး ကြေညာလျက်ရှိပါသည်။ Website တွင်လည်း လေ့လာဖတ်ရှုနိုင်ပါသည်။

ရက်တိုးမြှင့်

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေသည် မိမိဆန္ဒမဲပေးလိုသည့် မဲဆန္ဒနယ်တွင် မဲစာရင်း၌ အမည်ထည့်သွင်းပေးရန် သက်ဆိုင်ရာကြီးကြပ် ရေးအဖွဲ့သို့၊ ပုံစံ(၁)ဖြင့် ၁၃-၆-၂၀၂၀ နေ့ နောက်ဆုံးထား၍ လျှောက်ထား နိုင်ကြောင်း ကြေညာခဲ့ပါသည်။

ယခုအခါ ၁၃-၆-၂၀၂၀ အစား ၂၈-၆-၂၀၂၀ ဟု ပြင်ဆင်ထားကြောင်း သိရပါသည်။ ၁၅ ရက်ခန့် ရက်တိုးမြှင့်ပေးသည့် အခွင့်အရေးဖြစ်ပါသည်။ ကြီးကြပ်ရေးအဖွဲ့များအနေဖြင့်လည်း အလုပ်လုပ်ချိန်ပိုမိုရရှိသွားပြီဖြစ်ပါ သည်။ လိုအပ်ချက်တွေရှိပါက ဝိုင်းကူညီလုပ်ကြစေချင်ပါသည်။

အဆိုပြုလွှာတင်သွင်းခြင်း

နည်းဥပဒေများ နည်းဥပဒေ(၅)ပါ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနှင့်ပြည့်စုံသူသည် ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက် ခံလိုပါက ကောင်စီဝင်လောင်းအဆိုပြုလွှာကို ပုံစံ(၄)ဖြင့် ရွေးကောက်ပွဲကျင်းပ မည့်ရက်မတိုင်မီ ၄၅ ရက်ထက်မစော ၃၀ ရက်ထက် နောက်မကျစေဘဲ အတွင်းရေးမှူးထံ အရောက်ပေးပို့ရမည် ဖြစ်ပါသည်။

ဆန္ဒမဲပေးခြင်း

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူသည် ၎င်းအမည်ပါရှိသည့် မဲဆန္ဒနယ်၌ တစ်ကြိမ် သာမဲပေးရမည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူသည် မဲရုံသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးရမည်။ ကိုယ်စားလှယ်စေလွှတ်၍ ဆန္ဒမဲပေး ခြင်းမပြုရပါ။ ဆန္ဒမဲ ပေးနိုင်ရန် တရားလွှတ်တော်ရှေ့နေအဖြစ် အသိအမှတ်ပြု လက်မှတ်(သို့မဟုတ်)အသိအမှတ်ပြုကတ်ပြားကို ယူဆောင်လာရမည်ဖြစ် သည်။ သိစရာတွေ၊ ပြင်ဆင်စရာတွေ များလှသည်။ (တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ၁၈-၅-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၀ ကို ရည်ညွှန်းလေ့လာစေချင်ပါသည်)

ပုံစံများ

ရွေးကောက်ပွဲဝင်လိုသူတိုင်း တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထား သည့်သတ်မှတ်ထားသော ပုံစံများကို သိရှိလေ့လာထားရန် လိုအပ်ပါမည်။

ပုံစံ(၁)မှာ မဲဆန္ဒနယ်မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန် လျှောက်လွှာပုံစံဖြစ်ပါသည်။

ပုံစံ(၂)မှာ မဲစာရင်းပြုစုခြင်း ပုံစံဖြစ်ပါသည်။

ပုံစံ(၃)မှာ မဲစာရင်းကြေညာခြင်း ဖြစ်ပါသည်။

ပုံစံ(၄)မှာ ကောင်စီဝင်လောင်းအဆိုပြုလွှာဖြစ်ပါသည်။ ပုံစံ(၁)မှ ပုံစံ(၁၇)အထိ ရှိပါသည်။

အရွေးခံမည့်သူရော၊ မဲပေးမည့်သူများပါ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို ကျေညက်စွာဖတ်ရှုလေ့လာကြရန် လေးစားခင်မင်စွာ တိုက်တွန်းအပ်ပါသည်။

အသင်းအဖွဲ့များစုံညီစွာ

ယခုအခါအသင်းအဖွဲ့များစုံညီစွာ အမည်နာမအသီးသီးဖြင့် ရှေ့နေရှေ့ရပ် အသင်းများ၊ အဖွဲ့အစည်းများ ဖွဲ့စည်းရပ်တည်လျက်ရှိကြပါသည်။ ရည်ရွယ်ချက် အမျိုးမျိုး၊ အမြင်အမျိုးမျိုး ကွဲပြားနိုင်သော်ငြား ရှေ့နေရှေ့ရပ်အများစု၏ အကျိုး၊ ရှေ့နေထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို မည်သည့်အသင်း၊ အဖွဲ့အစည်းကမျှ ထိခိုက်နစ်နာအောင် လုပ်ဆောင်မည် မဟုတ်ကြပါ။ “အရေးကြီးလျှင် သွေးစည်း ကြသည်” ဆိုသည့်အတိုင်း ရှေ့နေထုတစ်ရပ်လုံးရှေ့နေလောက၏ဂုဏ်ရည် ကို မြင့်မားစေမည်သာဖြစ်ပါသည်။ မွန်မြတ်သောဥပဒေပညာ၊ မွန်မြတ်သော ရှေ့နေရှေ့ရပ်အသက်မွေးဝမ်းကျောင်းမှု၏ ကောင်းမြတ်သော ကိုယ်ကျင့် သိက္ခာ အကျင့်စာရိတ္တများ ကောင်းမွန်တိုးတက်စေမည်သာ ဖြစ်ပါသည်။ ရှေ့နေဟူသည့်အတိုင်း ရှေ့တန်းက နေကြစေချင်ပါသည်။ နောက်တန်းသို့ မရောက်စေချင်ပါ။

အကျင့်သိက္ခာ

အကျင့်သိက္ခာ မြင့်မားမှုအတွက် ကျွန်တော်တို့ရှေ့နေထုတစ်ရပ်လုံးက အစဉ်တစိုက် ညီညီညွတ်ညွတ်ထမ်းရွက်ကြမည်ဖြစ်ပါသည်။ အကျင့်သိက္ခာ ပျက်ပြားခြင်းအတွက် ရှေ့နေရှေ့ရပ်အချင်းချင်း ဝိုင်းဝန်းထိန်းသိမ်းကြပါ မည်။ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ရသည့်အဖြစ်မျိုး မဖြစ်ရ အောင်လည်း ကိုယ့်အချင်းချင်း ရိုင်းပင်းထိန်းသိမ်းကြပါမည်။ မိမိတတ်သိ သည့် မွန်မြတ်သောဥပဒေပညာဖြင့် တိုင်းကျိုးပြည်ကျိုး အစဉ်သယ်ပိုးကြ ရပါမည်။ တိုင်းပြည်၏အရေးပါအရာရောက်သော ကဏ္ဍအသီးသီးတွင် ရှေ့နေရှေ့ရပ်အသီးသီးက ဥပဒေပညာဖြင့် အထောက်အကူပြုကြပါမည်။ ပြုလျက်လည်းရှိကြပါသည်။ ရှေ့နေများ၏ ရှေ့နေများကောင်စီကို ကြိုဆိုပါ သည်။ မင်္ဂလာရှိသော အခါသမယ ဖြစ်ပါပေသည်။

စေတနာ

ကောင်စီဝင်ဖြစ်ချင်သူ အလုပ်သင်ရှေ့နေ မောင်ပျင်းရိ၏မေးခွန်းကို ဖြေဆိုပေးရာမှ ရင်တွင်းကပေါက်ဖွားလာသော ကျွန်တော်၏စေတနာ ဥပဒေအတွေး မျှသာပါ...။

 

မြန်မာ့အလင်း