ရှေ့နေနှင့် အကြံဉာဏ်ဖြင့် ကြီးပွားရေး

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

ဆရာ

ဗျာ

ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ

ရှေ့နေနှင့် အကြံဉာဏ်ဖြင့်ကြီးပွားရေး ပါတဲ့

ဒီစကားလုံးကြားဖူးသလိုရှိတယ်ဆရာ

ကြားဖူးရမှာပေါ့။ ဆရာကြီးရွှေဥဒေါင်း ရေးခဲ့တဲ့နာမည်ကျော်စာအုပ်အမည်ပဲ

သြော် ... ဟုတ်သားပဲ။ ဒီဆောင်းပါး ဘာကြောင့်ရေးတာလဲဆရာ

ဖတ်ကြည့်ကြစို့

ဤစာအုပ်

ဤစာအုပ်ကို ကျွန်တော် စွဲလမ်းသည်။ ငယ်စဉ်လူငယ် ကျောင်းသားဘဝကတည်းက အငမ်းမရ ဖတ်ခဲ့သောစာအုပ်။ အကြိမ်ပေါင်းများစွာဖတ်ခဲ့သော စာအုပ်။ စာကြောင်းအချို့ကို အလွတ်နီးပါး ကျက်မှတ်နိုင်ခဲ့သောစာအုပ်။ လူငယ်ထုအားလုံးအတွက် တက်ကျမ်းစာအုပ်။

ဤစာအုပ်ကား အခြားမဟုတ်။ စာရေးဆရာကြီး ရွှေဥဒေါင်း၏ အကြံဉာဏ်ဖြင့်ကြီးပွားရေး အမည်ရှိ နာမည်ကျော်စာအုပ်ဖြစ်ပါပေသည်။

အပျင်းပြေခဏတစ်ဖြုတ်

ဤစာအုပ်သည် အပျင်းပြေခဏတစ်ဖြုတ် ဖတ်ရှုရန်မဟုတ်။ သင်၏ကြီးပွားချမ်းသာရေးအတွက် အထပ်ထပ်ဖတ်ရှု၍ လိုက်နာကျင့်သုံးရမည့် စာအုပ်ဖြစ်သည်။

စကားချီး

သင်သည် မည်သည့်အရာကို အလိုရှိသနည်း။

ငွေကို အလိုရှိသလော။

ထင်ပေါ်ကျော်စောခြင်းကို အလိုရှိသလော။

သြဇာတိက္ကမကြီးခြင်းကို အလိုရှိသလော။

ရောင့်ရဲကျေနပ်ခြင်းကို အလိုရှိသလော။

ဥပဓိရုပ်ကောင်းခြင်းကို အလိုရှိသလော။

စိတ်ငြိမ်းချမ်းခြင်းကို အလိုရှိသလော။

ချမ်းသာသုခကို အလိုရှိသလော။

လောက၌ လိုအပ်သောအရာကို မချွတ်ဆတ်ဆတ်ရနိုင်ရန်အတွက် အတိုဆုံးသော ဖြတ်လမ်းကြီး ဖြစ်သည်။ လက်ဖဝါး ခြေဖဝါးမှ တိုင်းကျော်၊ ပြည်ကျော်သူဌေးကြီးများအဖြစ်သို့ ရောက်ကြပြီးသော ပုဂ္ဂိုလ်ကြီးပေါင်း ၅၀ဝ ကျော်၏ စီးပွားရေးစနစ်နည်းနာများကို မေးမြန်းနှီးနှောပြီးနောက် အဆီအနှစ်ထုတ်နုတ် စီစဉ်ရေးသားထားခြင်းဖြစ်သည်။

အပျင်းပြေမဟုတ်

အပျင်းပြေဖတ်ရှုရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော စာအုပ်မဟုတ်။ အကြိမ်ကြိမ် အထပ်ထပ် ဖတ်ရှုဆင်ခြင်၍ လေ့လာသုံးသပ်ရန်လိုအပ်သော စာအုပ်မျိုးဖြစ်သည်။ ညက်ညက်ဝါး၍ စားထိုက်သည်။ စသည်ဖြင့် ဆရာကြီးရွှေဥဒေါင်းက စာအုပ်၏ စကားချီးတွင်ရေးခဲ့သည်။

ကြေးမုံစာချစ်ပရိသတ်

ကြေးမုံတွင် အပတ်စဉ်ဆောင်းပါးများ ကျွန်တော်ရေးသည်။ ဥပဒေ မဟုတ်သော စာပေ ဆောင်းပါးများ ဟုဆိုကြပါစို့။ စာချစ်သော ပရိသတ်အတွက် ကောင်းနိုးရာရာ စာအုပ်စာပေများကို မျှဝေတင်ဆက်ပေးလျက်ပါ။ ရှေ့နေတစ်ယောက်မို့ ရှေ့နေစာပေ၊ ဥပဒေစာပေ၊ တရားရေးစာပေတွေကိုသာ ကျွန်တော်မွေ့လျော်သူပါ။ ပုဒ်ထီးပုဒ်မ၊ တရားခံများဘဝ၊ ရှေ့နေများဘဝ၊ တရားသူကြီးများဘဝ၊ ရဲအရာရှိများဘဝ၊ ထောင်ပိုင်ကြီးဘဝ၊ မြို့ပိုင်နယ်ပိုင်များဘဝ၊ သက်သေများဘဝ၊ ရှေ့ဘတ်စာရေးများဘဝ စသည်စသည်ဖြင့် (မိမိနှင့်) နီးစပ်သော စာအုပ်စာပေများကိုသာ နေ့စဉ်ဖတ်ရှုနေရသူပါ။ သူတို့နှင့်နီးစပ်သော စာပေပါ။ တိုင်စာတောစာ၊ အဂတိလိုက်စားမှု အစုံအလင်ကို နေ့စဉ်ကြုံတွေ့ဖတ်ရှုနေရသူတစ်ဦးလည်း ဖြစ်ပါသည်။

ထိုအခါ ရသစာပေ၊ လူမှုစာပေ၊ အနုအလှစာပေ၊ တက်ကျမ်းစာပေများကို ရှာဖွေမိပါသည်။ လွမ်းမိပါသည်။ ငယ်စဉ်က စွဲမက်ခဲ့သော စာအုပ်အဟောင်းများ ကိုလည်း ပြန်ပြောင်း ဆန်းစစ်မိပါသည်။ စာစုံဖတ်ချင်မိပါသည်။ စာကောင်းမှန်သမျှ ပြန်လည်မျှဝေလိုပါသည်။

ထို့ကြောင့် အပတ်စဉ်ကြေးမုံတွင် စာစုံစု၍ ပေါ့ပေါ့ပါးပါး၊ သွက်သွက်လက်လက် ဖတ်စရာ မှတ်စရာကို စာချစ်ပရိသတ်အတွက် ကြိုးပမ်းတင်ဆက်နေရခြင်းပါခင်ဗျာ။ ဆက်၍ ရှုပါ။

အောင်မြင်ခြင်း၏ အခြေခံဖြစ်သောတရား

လောကီရေး၌ဖြစ်စေ၊ လောကုတ္တရာရေး၌ဖြစ်စေ ထမြောက်အောင်မြင်ခြင်း၏ မူလအခြေခံ ဖြစ်သော စိတ်နေစိတ်ထားသည်ကား ပြင်းစွာသောဆန္ဒ ရှိခြင်းပင်ဖြစ်၏။

မည်သည့်ကိစ္စကိုမဆို အောင်မြင်ထမြောက်အောင် ဆောင်ရွက်လိုသူဟူသမျှသည် နောက်သို့ပြန်၍ မဆုတ်နိုင်စေခြင်းငှာ လှေကို မီးရှို့ပစ်ဘိသည့်အလား ဆောင်ရွက်ကြရချေမည်။ ဆုတ်သာ တက်သာ ဟူသော သဘောထားမျိုးနှင့် စိတ်ဒွိဟထား၍ ဆောင်ရွက်သူတို့သည် နောက်သို့ပြန်၍ ဆုတ်ရတတ်သည်သာ များလှချေသည်။ ဓနဥစ္စာရှာဖွေရာ၌ ဥစ္စာကိုအလိုရှိကာမျှနှင့် ရနိုင်ကြမည် မဟုတ်။ မရလျှင်မနေ ဟူသော စိတ်ဆန္ဒမျိုးထား၍ ဥစ္စာရဖို့အတွက် မည်ကဲ့သို့သော နည်းလမ်းမျိုးဖြင့် ဆောင်ရွက်မည်ဟု အကြံအစည်ထုတ်ပြီးလျှင် ၎င်းအကြံအစည်အတိုင်း ဇွဲကောင်းကောင်းနှင့် ဆောင်ရွက်ခဲ့လျှင် ဧကန်မုချ အလိုဆန္ဒပြည့်ဝရချေမည်ဖြစ်၏။ (စာ-၄)

ကမ္ဘာပေါ်၌ အကြွယ်ဝဆုံး သူဌေးကြီးတစ်ဦးဖြစ်သော (ဟင်နရီဖို့) သည် ပထမက ပစ္စည်းဥစ္စာလည်း မရှိ၊ ကျောင်းမှ သင်ကြားခဲ့ရသော ပညာမျိုးလည်း မရှိပါဘဲလျက် မြင်းမပါသော ရထားမျိုး စ၍ထွင်ရန် စိတ်ကူးခဲ့ရာ နောက်ဆုံးတွင် ထမြောက်အောင်မြင်ခဲ့သဖြင့်ကမ္ဘာပေါ်၌ မော်တော်ကား အများဆုံးရောင်းချနိုင်သော အလုပ်ရုံပိုင်ရှင်ကြီးအဖြစ်သို့တိုင် ရောက်ခဲ့လေသည်။

သောမတ်အက်ဒီဆင်သည် လျှပ်စစ်ဓာတ်ဖြင့် ထွန်းညှိရသော မီးခွက်မျိုးကို စ၍ထွင်ရန် စိတ်ကူးခဲ့ရာ အကြိမ်ပေါင်းတစ်သောင်းတိုင်တိုင် စမ်းသပ်ဆုံးရှုံးခဲ့သော်လည်း မဖြစ်လျှင် မနေဟူသော ဇွဲဖြင့် ဆက်လက်စမ်းသပ် လုပ်ကိုင်ခဲ့ခြင်းအားဖြင့် နောက်ဆုံးတွင် ထမြောက်အောင်မြင်ခဲ့ရလေသည်။ တကယ့်ယောကျာ်းတို့မည်သည် စိတ်ကူးအတိုင်း မဖြစ်ရမချင်း လက်မလျှော့ကြချေ။

အီဘရာဟင်လင်ကွန်းသည် ကပ္ပလီလူမျိုးများကိုကျွန်အဖြစ်မှ လွတ်မြောက်စေရန် စိတ်ကူးခဲ့ရာ ယခုအခါ၌ တစ်ကမ္ဘာလုံးတွင် ငွေဝယ်ကျွန်ဟူ၍ မရှိတော့ချေ။ ရိုက်ညီအစ်ကိုတို့သည် ကောင်းကင်ပျံနိုင်သည့် လေယာဉ်ပျံမျိုးကို စိတ်ကူးခဲ့ရာ ယခုအခါ၌ လေယာဉ်ပျံများသည် ကောင်းကင်တွင် တဝီဝီ ပျံသန်းလျက်ရှိကြ လေပြီ။

မာကွန်နီသည် ကြေးနန်းကြိုးမပါဘဲ စကားပြောနိုင်သောနည်းကို စ၍ထွင်ဖို့ စိတ်ကူးခဲ့ရာ ယခုအခါတွင်ညနေတိုင်း၊ နံနက်တိုင်း ရေဒီယိုသံ ကြားနေကြရခြင်းကိုထောက်သဖြင့် ၎င်း၏စိတ်ကူးသည် အချည်းအနှီး မဖြစ်ကြောင်း ထင်ရှားခဲ့လေပြီ။

လောက၌ အကြီးအကျယ် ထမြောက်အောင်မြင်းခြင်းဟူသမျှတို့သည် အစပထမ၌ စိတ်ကူး ဉာဏ်မျှသာ ဖြစ်လေရကား စိတ်ကူးဉာဏ်၏ တန်ခိုးသတ္တိနှင့် စိတ်ကူးဉာဏ်၏ တန်ဖိုးကို ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ချေ။

စိတ်ကူးဉာဏ်ရှိသူအပေါင်းတို့ နိုးကြားကြလော့၊ ထကြလော့။ သင်တို့၏ ဇာတာစန်းလဂ်သည် တက်ကြွလျက်ရှိနေလေပြီ။ စိတ်ကူးဉာဏ်ရှိသူတို့အဖို့ ကမ္ဘာတွင် တစ်ခါမျှမကြုံဖူးသော ခေတ်ကြီးမျိုး ပေါ်ထွန်းလျက်ရှိနေလေပြီ။ ကြံကြလော၊ စည်ကြလော၊ စိတ်ကူးကြလော၊ ဉာဏ်ထုတ်ကြကုန်လော့....... ဟူ၍ ဆရာကြီး ရွှေဥဒေါင်းက ရေးခဲ့လေသည်။

အချက်ကြီး ၂၈ ချက်

မိမိကိုယ်ကို စစ်တမ်းထုတ်ရန် အချက်ကြီး ၂၈ ချက်ကိုလည်း ဆရာကြီးရွှေဥဒေါင်းက ရေးသားထားလေသည်။ (စာ-၁၀၈)

၁။ ဤနှစ်အဖို့ ငါမှန်းထားသော ပန်းတိုင်သို့ ရောက်ပါ၏လော။ နှစ်စဉ်နှစ်တိုင်း မည်မျှလောက် ခရီးရောက်အောင် ကြိုးစားမည်ဟု သတ်မှတ်ထားရမည်။

၂။ ငါသည် တတ်နိုင်သမျှ အစွမ်းကုန် အမှုထမ်းခဲ့ပါ၏လော။ ယခုထက် ပို၍ကောင်းအောင် အမှုထမ်းဖို့ ဖြစ်နိုင်ပါသေး၏လော။

၃။ ငါသည် ယခုထက်ပို၍ အလုပ်လုပ်နိုင်ပါသေး သလော။

၄။ ငါသည် သူတစ်ပါးတို့နှင့် ချောမောညီညွတ်စွာ အမှုထမ်းခဲ့ပါ၏လော။

၅။ ငါ၌ အလုပ်ကို အချိန်ရွှေ့ဆိုင်းတတ်သော အလေ့အကျင့်မျိုးရှိပါသလော။

၆။ ငါသည် သူတစ်ပါးကို နှစ်သက်ဖွယ်သော ဥပဓိရုပ်မျိုးရှိအောင် ကြိုးစားခဲ့ပါလော။ ကြိုးစားလျှင်မည်မျှလောက် တိုးတက်ခြင်းရှိခဲ့ပါသနည်း။

၇။ ငါသည် အကြံအစည်တစ်ခုကို အဆုံးတိုင် ဆောင်ရွက်သည့် ဇွဲသတ္တိ ရှိခဲ့ပါလော။

၈။ ငါသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်သော အစွမ်းသတ္တိရှိပါ၏လော။

၉။ ငါ၌ ရွံ့ကြောက်ခြင်း ခြောက်မျိုးအနက် မည်သည့်ရွံ့ကြောက်ခြင်းမျိုး ရှိခဲ့ပါသနည်း။

၁၀။ ငါသည် စိုးရိမ်ခြင်း များလွန်းသလော၊ နည်းလွန်းသလော။

၁၁။ အခြားသူတို့နှင့် ဆက်ဆံရာတွင် ချောမောညီညွတ်ခြင်း ရှိပါ၏လော၊ ချောမောညီညွတ်ခြင်း မရှိခဲ့လျှင် ငါ၏အပြစ်လုံးလုံး ဖြစ်သလော၊ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်သလော။

၁၂။ ငါသည် အလုပ်တစ်ခုတည်းတွင် စူးစူးစိုက်စိုက ်လုပ်ကိုင်ခဲ့ပါ၏လော၊ သို့မဟုတ် အာရုံများခဲ့သလော။

၁၃။ ငါသည် ပွင့်လင်းသောသဘောရှိ၍ သူတစ်ပါးတို့၏ ကွဲလွဲချက်များကို သည်းခံနိုင်ပါ၏လော။

၁၄။ အမှုထမ်းရာ၌ ငါ၏ အရည်အချင်းကို မည်သို့သော နည်းဖြင့် တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ပါသနည်း။

၁၅။ ငါ၌ လွန်ကျူးသော အလေ့အကျင့်မျိုး ရှိပါသလော။

၁၆။ ငါသည် ပလွှားသော စိတ်မျိုးရှိကြောင်းကို အထင်အရှားဖြစ်စေ၊ မထင်မရှားဖြစ်စေ ဖော်ပြမိပါသလော။

၁၇။ ငါသည် လုပ်ဖော်ကိုင်ဖက်များ၏ ကြည်ညိုရိုသေခြင်း ခံရလောက်အောင်ပြုမူပါ၏လော။

၁၈။ ငါ၏ ထင်မြင်ချက်များနှင့် ဆုံးဖြတ်ချက်များသည် မှန်းဆခြင်းအပေါ်၌ အခြေတည်ပါသလော၊ သို့တည်းမဟုတ် သေချာစွာ ပိုင်းခြားဝေဖန်ခြင်းနှင့် ဆင်ခြင်စဉ်းစားခြင်းတို့အပေါ်၌ အခြေတည်ပါသလော။

၁၉။ ငါ၏အချိန်ကိုလည်းကောင်း၊ အသုံးစရိတ်ကိုလည်းကောင်း၊ ဝင်ငွေကိုလည်းကောင်း တွက်ချက်တတ်သော အလေ့အကျင့်ရှိပါ၏လော။

၂၀။ အကျိုးရှိသော အလုပ်မျိုး၌ ကုန်သင့်သော အချိန်ကို အကျိုးမရှိသော အလုပ်မျိုး၌ ဘယ်မျှလောက်ဖြုန်းတီးမိလေသနည်း။

၂၁။ ရှေ့နှစ်အဖို့၌ တိုး၍ အလုပ်တွင်ကျယ်စေခြင်းငှာ ငါ၏ အချိန်ဖြုန်းတီးပုံ အလေ့အကျင့်များကို မည်ကဲ့သို့ ပြုပြင်ပြောင်းလဲနိုင်ပါသေးသနည်း။

၂၂။ ငါ၏စိတ်ထဲ၌ မကျေနပ်သော အပြုအမူမျိုးကို ပြုမိပါသလော။

၂၃။ ငါ့အား ပေးထားသောလခငွေထက် ပို၍တန်အောင် မည်သည့်နည်းဖြင့် ဆောင်ရွက်လုပ်ကိုင်ခဲ့ပါသနည်း။

၂၄။ ငါသည် မည်သူ့အား မည်သည့်နည်းဖြင့် မတရားသဖြင့်ပြုကျင့်ခဲ့မိလေသနည်း။

၂၅။ ငါလုပ်သောအလုပ်ကို ငါကိုယ်တိုင် အလုပ်ရှင်ဖြစ်ခဲ့လျှင် ကျေနပ်လောက်ပါ၏လော။

၂၆။ ငါသည် ငါနှင့်လျော်သော အလုပ်အကိုင်မျိုးတွင် လုပ်ကိုင်လျက် ရှိပါ၏လော။

၂၇။ အလုပ်ရှင်သည် ငါ၏အလုပ်ကို ကျေနပ်ခြင်း ရှိပါ၏လော၊ မကျေနပ်ခဲ့လျှင် ဘယ်အတွက် မကျေနပ်လေသနည်း။

၂၈။ ထမြောက် အောင်မြင်ရေး နည်းစနစ်များဖြင့်ငါ့ကိုယ်ကို စစ်ဆေးလိုက်သည့်အခါ ဘယ်သို့သော အခြေအနေ၌ ရှိပါသနည်း။ (ဤနေရာ၌ နှီးရင်းသော မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် မထောက်မညှာ မှန်ကန်စွာစစ်ဆေး၍ တော်သည်၊ ညံ့သည်၊ အသင့်အတင့်ရှိသည် စသည်ဖြင့် ဆုံး ဖြတ်ရမည်) မိမိကိုယ် မိမိစစ်တမ်းထုတ်ကြပါ။

နိဂုံး

(၁) ရွက်စိမ်းစာပေက ပြန်လည်ထပ်မံထုတ်ဝေသော စာရေးဆရာကြီးရွှေဥဒေါင်း၏ အကြံဉာဏ်ဖြင့်ကြီးပွားရေးစာအုပ်ကို ကြီးပွားလိုသူတိုင်း ထပ်တလဲလဲဖတ်ရှုသင့်ပါသည်။

(၂) အပျင်းပြေ ခဏတစ်ဖြုတ် ဖတ်ရှုရမည့်စာအုပ်မဟုတ်ကြောင်းကိုမူ ကျွန်တော်က ထပ်လောင်း တင်ပြအစီရင်ခံအပ်ပါကြောင်း ....... ။