ရှေ့နေနှင့် အသိပညာပေးခြင်

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

ဆရာ

ဗျာ

ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ

ရှေ့နေနှင့် အသိပညာပေးခြင်းပါ

ဘာကိုဆိုလိုတာလဲ ဆရာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အသိပညာပေးခြင်းသည် အဓိကကျတယ်ဆိုတဲ့အချက်ပါ

ပညာပေးနေတာ ကြာခဲ့ပြီမဟုတ်လားဆရာရဲ့။ ပညာမပေးဘဲ လာဘ်စားတဲ့သူမှန်သမျှ သေဒဏ်ချလိုက်ရင် မပြီးဘူးလား

ဟာ-သိပ်ပြီးဆန္ဒမစောပါနဲ့ဦးဗျာ၊ ချိန်ဆသုံးသပ်ကြည့်ကြဦးစို့ရဲ့

ကိုယ်ကျင့်တရားပျက်ယွင်းခြင်း

အဂတိလိုက်စားခြင်း (Corruption) သည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းဖြစ်ပါသည်။ Anti-Corruption  သည် ကိုယ့်ကျင့်တရားပျက်ယွင်းခြင်းကို ဆန့်ကျင်တိုက်ဖျက်ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကိုယ်ကျင့်တရားကောင်းမွန်အောင် ပြုပြင်ပေးခြင်းလည်းဖြစ်ပါသည်။ ကိုယ်ကျင့်တရား ကောင်းအောင် ပြုပြင်ပေးရာတွင် ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးရန်မဖြစ်မနေ လိုအပ်ပါသည်။

ကောင်းမွန်သောကိုယ်ကျင့်တရား

ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် လူမှုတန်ဖိုးများကို နားလည်လိုက်နာကျင့်သုံးဖို့ နာမည်ဂုဏ်သတင်းနှင့် အခွင့်အရေးကို ဦးစားမပေးဘဲ အများအကျိုးအတွက် အနစ်နာခံသည့် စိတ်ဓာတ်ရှိသော၊ တာဝန်သိစိတ်ရှိသော နိုင်ငံသားကောင်းများဖြစ်လာစေဖို့၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာကျင့်သုံးတတ်စေဖို့၊ ခြိုးခြံချွေတာရန်၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နိုင်သော အကျိုးဆက်များ၊ ကိုယ်ကျင့်တရားပျက်ယွင်းရခြင်း၏ အကြောင်းရင်းများနှင့် အန္တရာယ်များကို သိရှိနားလည်ပြီး ပယ်ခွာရှောင်ရှားတတ်စေဖို့၊ လူမှုပတ်ဝန်းကျင်နေ့စဉ်ဘဝတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်ပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာစေရန်၊ အခြေခံစည်းကမ်းမူဘောင်များ၊ ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုသူများ ဖြစ်ထွန်းလာစေရန်၊ မိမိတို့ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များရရှိစေရန် ပညာပေးအစီအစဉ်များကို အခြေခံပညာကျောင်းများတွင် အဆင့်အလိုက် သင်ကြားပေးရန် လိုအပ်ပါသည်။ ထိုလိုအပ်ချက်အတွက် ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။

ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း (၂၀၁၉)

တစ်ကြိမ်တစ်ခါမျှမဖွင့်လှစ်၊ မဆောင်ရွက်ခဲ့ဖူးသော ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း (၂၀၁၉) ကိုပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ အကူအညီဖြင့် အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။

ဖြောင့်မတ်တည်ကြည်မှုသည် အမြဲတမ်း ဦးစားပေးမခံရဘဲ ပုန်းလျှိုးကွယ်လျှိုးအဆင့်မျိုး နေခဲ့ရာမှ ယခုအခါ ပြည်သူအများစု၏ ထောက်ခံအားပေးမှုကြောင့် နေရာရလာခဲ့ပုံ၊ သို့သော် အကျင့်ဖောက်ပြန်မှုဘက်က နည်းလမ်းမျိုးစုံဖြင့် ခုခံကာကွယ်နေပုံ၊ ပြိုင်ပွဲအပြီးသတ်မှာ အောင်ပွဲခံဖို့ကြိုးစားကြဦးဟု ဥက္ကဋ္ဌ ဦးအောင်ကြည်က သတိပေးခဲ့ပုံတွေကို ပြန်လည်မြင်ယောင်မိသည်။ ထပ်မံဖွင့်လှစ်ရဦးမည့် လူငယ်စခန်းများအတွက်လည်း အားမာန်ပွားရဦးမည်။

အသိပညာပေး လိုအပ်သေး

အသိပညာပေးခြင်းလုပ်ငန်းကို လူငယ်ထုအတွင်းသာမက ဝန်းကျင်တစ်ခုလုံးတွင် အားသွန်ခွန်စိုက် မိမိတို့တတ်စွမ်းသမျှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြိုးပမ်းဆောင်ရွက်နေသော်ငြား ဝန်နှင့်အား မျှတဖို့ လိုအပ်နေသေးကြောင်းကိုမူ ဝန်ခံရပေမည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ နေရာ ဘယ်မှာရှိသည်။ ဆက်သွယ်ရန် ဖုန်းနံပါတ်မသိသေး၊ တိုင်စာမည်သို့ တိုင်ရမည်ကို နားမလည်၊ ပြည်နယ်၊ တိုင်းဒေသကြီးအနှံ့သို့ အသိပညာပေးမှုနည်းပါးနေသေးသည်ဟု သတင်းမီဒီယာအချို့နှင့် တိကျသေချာစွာ စစ်တမ်းကောက်ယူခဲ့သော အဖွဲ့အစည်းအချို့၏ အကြံပြုချက်များကိုလည်း အလေးဂရုပြုပါသည်။ အသိပညာပေးခြင်းလုပ်ငန်းကို တိုး၍တိုး၍ ဆောင်ရွက်ကြရပါဦးမည်။

ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်လုပ်ငန်းကော်မတီခြောက်ခုကို ဖွဲ့စည်းထားရှိပါသည်။ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီသည် လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်၍ အောက်ပါလုပ်ငန်းတာဝန်များကို ထမ်းဆောင်သည်-

၁။ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အကျိုးသက်ရောက်မှုများအား သတင်းထုတ်ပြန်ရန်နှင့် ရုပ်မြင်သံကြားအစီအစဉ်များ ထုတ်လွှင့်ရန်၊ သတင်းမီဒီယာများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ဖော်ပြချက်များ၊ ကျော်စောသတင်းများကို ကောက်နုတ်တင်ပြရန်၊

၂။ အသိပညာပေး ဟောပြောပွဲများအတွက် စာတမ်း၊ ဟောပြောပို့ချချက်မှတ်စုများ ရေးသားပြုစုရန်၊

၃။ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ရမည့်စာတမ်း၊ သတင်းဆောင်းပါးများ ရေးသားပြုစုရန်၊

၄။ နိုင်ငံတကာနှင့်ပတ်သက်သော အဂတိလိုက်စားမှုဆိုင်ရာ သတင်းများကို ပြည်သူလူထုသိရှိရေး ပညာပေးရန်၊

၅။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမှုများနှင့်စပ်လျဉ်း၍ သင်ခန်းစာ ယူဖွယ်များကို ထုတ်နုတ်စုစည်းတင်ပြရန်၊

၆။ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊

၇။ အဂတိလိုက်စားမှုဖြစ်နိုင်ခြေများ၊ တိုင်ကြားစာမှတ်တမ်းများကို အခြေခံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ တားဆီးကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊

၈။ သုတေသနလုပ်ငန်းနှင့် လူထုပညာပေးရေးကဏ္ဍတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်၊

ထုတ်လွှင့်ခဲ့သောဇာတ်လမ်းများ

အသိပညာပေးခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အောက်ပါအသိပညာပေးအစီအစဉ်များကို ၂၀၁၈-၂၀၁၉ ခုနှစ်များအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးခဲ့ပါသည် -

၁။ မှန်မှန်ကန်ကန်မျှမျှတတ (ရုပ်ပြသီချင်း)

၂။ ကိုယ်ကျင့်တရားအလေးထား(ရုပ်ပြသီချင်း)

၃။ မှန်တာကိုပြောပါ (ရုပ်ပြသီချင်း)

၄။ ရိုးသားပါ (ရုပ်ပြသီချင်း)

၅။ မျှတသောယှဉ်ပြိုင်ခြင်း (ရုပ်ပြသီချင်း)

၆။ ရထိုက်ခွင့်မရှိသောအခွင့်အရေးကိုပေးခြင်း (ရုပ်ပြဇာတ်လမ်းတို)

၇။ တင်ဒါအကြောင်းသိကောင်းစရာ (ရုပ်ပြဇာတ်လမ်းတို)

၈။ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ(ICAC) ဇာတ်လမ်းအပိုင်းလေးပိုင်း (ဟောင်ကောင် အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ ကူညီသည်)

၉။ အရာထမ်း၊ အမှုထမ်း (စာတန်းထိုးသီချင်း)

၁၀။ ဖြောင့်မတ်တည်ကြည်မှုသည် တစ်ခုတည်းလမ်းဖြစ်သည် (ရုပ်ပြသီချင်းသရုပ်ဖော်)

၁၁။ တံခါးမှူး ဒတ္ထသို့တမ်းခြင်း (ရွှေမန်းချမ်းသာ) ရုပ်ပြဇာတ်လမ်းတို (ဒါရိုက်တာမြတ်ခိုင်)

၁၂။ ဤအပြုအမူမျိုး ပြုလုပ်သင့်ပါသလား၊ (ရုပ်ပြဇာတ်လမ်းတို) (ဒါရိုက်တာဝေဠုဝဿန်)

ဟောပြောပို့ချမှု

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ ဝန်ထမ်းတက္ကသိုလ်များ၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ ရုံးများသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ မူဝါဒနှင့် သိကောင်းစရာများကို အခါအခွင့်သင့်သလို ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ အသိပညာပေးအစီအစဉ်များ အပြန်အလှန် ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ နောင်တွင်လည်း စီမံချက်နှင့်အညီ ဆောင်ရွက်ပါမည်။

Facebook

Facebook : ACC Myanmar  အား ဖွင့်လှစ်ပြီးသတင်းများ၊ ဆောင်ရွက်မှုများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဥပဒေ၊ နည်းဥပဒေ၊ အသိပေးထုတ်ပြန်ချက်များကို အများပြည်သူ သတင်းမှန်သိရှိရေး အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။ Website: www.accm.gov.mm ကိုလည်း လွှင့်ထုတ်လျက်ရှိပါသည်။ ကျေနပ်ချက်၊ မကျေနပ်ချက်များကို ပွင့်လင်းစွာခံယူမှတ်သား၍ ဆောင်ရွက်စရာရှိသည်များ ဆောင်ရွက်လျက်ရှိပါသည်။

သတင်းစာရှင်းလင်းပွဲများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သတင်းများကို အများပြည်သူသိရှိအောင် ထုတ်ပြန်ခြင်းပြုရမည့် လုပ်ငန်းတာဝန်သည် နည်းဥပဒေ ၅၉(ဃ) အရ ပေးအပ်ထားပါသည်။ သို့ဖြစ်၍ ( ကျွန်တော်ကိုယ်တိုင် သတင်းမီဒီယာသမားတစ်ဦးဖြစ်ပါ၍ ) အခက်အခဲမရှိအောင် ကြံဆောင်ကြိုးပမ်းလျက် သတင်းစာရှင်းလင်းပွဲများ ကျင်းပရေး တာဝန်ယူခဲ့ပါသည်။ ပြည်သူလူထုရှေ့မှောက် အချိန်မီ သတင်းမှန်များရောက်ဖို့ ဆောင်ရွက်ခဲ့ပါသည်။ သတင်းဆောင်းပါးများ တတ်နိုင်သမျှ ရေးသားတင်ဆက်မှု၊ ရုပ်မြင်သံကြားတင်ဆက်မှုလည်း ရှိပါသည်။

သတင်းမီဒီယာအချို့၏နားလည်မှု

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၂၀(ဃ) အရ စစ်ဆေးသည့် ကိစ္စရပ်အသီးသီးကို လျှို့ဝှက်ထားရှိရသဖြင့် စစ်မေးဆဲအမှုများအပေါ် သိရှိလိုသည့် မေးခွန်းများအား မဖြေဆိုနိုင်ခဲ့ပါ။ အဆိုပါ ကိစ္စအပေါ် သတင်းမီဒီယာအချို့က စိတ်မရှည်ကြသဖြင့် သတင်းသမားအချင်းချင်း နားလည်မှုရယူခဲ့ရသည်ကိုဖြင့် ခွင့်လွှတ်စေချင်သည်။ အစည်းအဝေးခန်းမထဲ ရောက်နေစဉ် တယ်လီဖုန်းပိတ်ထားမှုကိုလည်း မိတ်ဆွေသတင်းထောက်များက နားလည်ပေးကြပါသည်။

ခင်မင်ရင်းနှီးသောအဖွဲ့အစည်းများ

အသိပညာပေးခြင်းလုပ်ငန်းတွင် ပူးပေါင်းကူညီအကြံဉာဏ်ပေးခဲ့သည့် ခင်မင်ရင်းနှီးသော အဖွဲ့အစည်းများ၏ကျေးဇူး၊ ကူညီမှုများကိုလည်း မမေ့မလျော့ဘဲ ရေးချင်သေးသည်။ ဥပမာ- UNODC၊ UNDP အပါအဝင် USAID – Promoting Rule of Law in Myanmar(P.R.L.M)  စသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ပညာရှင်များအားလုံး ဖြစ်ပါသည်။

ပြည်ပအဖွဲ့အစည်းများဆို၍ ပြည်တွင်း NGO အဖွဲ့အစည်းများ၊ မိတ်ဆွေများ၊ ပညာရှင်များ ပူးပေါင်းကူညီမှုများကိုလည်း မမေ့။ UMFCCI အပါအဝင် ပြည်တွင်းအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းကူညီမှု၊ ပညာရှင်များ၏အကြံဉာဏ်ပေးမှုများဖြင့် အသိပညာပေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်

ကျယ်ပြန့်လွန်း

ကျယ်ပြန့်လွန်းသော အသိပညာပေးလုပ်ငန်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် များစွာ အချိန်ယူလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ရပ်ပါ။ ထို့ကြောင့်လည်း အဖွဲ့အစည်းအသီးသီးနှင့် ဌာနများ၊ သတင်းမီဒီယာများ၊ လူပုဂ္ဂိုလ်များ၊ ပညာရှင်များအားလုံး၏ အကူအညီရယူရတာပါ။ ရှေ့ဆက်၍လည်း ဝိုင်းဝန်းကူညီကြပါခင်ဗျာ။

အသိတရားမြင့်မားဖို့

အသိတရားမြင့်မားဖို့၊ စိတ်သဘောထားမြင့်မြတ်ဖို့၊ စာရိတ္တကောင်းဖို့ လူ့ဘဝမှာ အလိုအပ်ဆုံးဟု ယုံကြည်မိပါသည်။ ရိုးသားမှု၊ လေးစားမှု၊ တာဝန်သိမှု၊ အကျင့်စာရိတ္တခိုင်မြဲမှုများသည် ဂုဏ်သိက္ခာများပင်ဖြစ်ပါသည်။ လူဆိုးလူမိုက်များ (ကိုယ်ကျင့်တရားပျက်ယွင်းသူများ) ကိုမူ အများက အလိုရှိမည်မထင်ပါ။ အဂတိလိုက်စားခြင်းကို ဝိုင်းပယ်ကြမည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ရှေ့ဆက်ရမည့်ခရီး (မနီးသေး) ဟု ခံယူနေဆဲပါ။

နိဂုံး

(၁) ရုပ်ရှင်အနုပညာရှင်များဖြစ်ကြသော အကယ်ဒမီ ရန်အောင်၊ ညီဂျော်၊ မေမြင့်မိုရ်၊ ရတနာဗိုလ်နှင့် ပံ့ပိုးသူ အနုပညာရှင်များကပါဝိုင်းပြီး စေတနာနှင့်ကူညီကြပြီမို့ ကြည်နူးမဆုံးပါ။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အလက(၄) မှဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကပါ အသိပညာပေးဇာတ်လမ်းများတွင် ပါဝင်ကူညီနေကြပါပြီ။ အခြားအခြားသော ကူညီကြသည့်ပုဂ္ဂိုလ်များလည်း ကျန်ရှိပါသေးသည်။

(၂) အဂတိတိုက်ဖျက်ရေး အသိပညာပေးလုပ်ငန်းမှာ အများပြည်သူတွေ ယခုထက် ပိုမိုပါဝင် ကူညီလာကြမည်မှာ ဧကန်မလွဲဖြစ်ပါကြောင်း။

ကြေးမုံ