ရှေ့နေနှင့် ဒေါသမီး

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း


" ဆရာ"


"ဗျာ"


" ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ "


" ရှေ့နေနှင့် ဒေါသမီးပါ"


" ဗျာ"

"ဒေါသမီး" တဲ့လား။


" ဟုတ်တယ်ဗျ "


" အဓိပ္ပာယ်အကျဉ်း ရှင်းပါဦးဆရာ "


" ဒေါသမီးဆိုမှတော့ ဒေါသမီးပေါ့ဗျာ။ ဘာများရှင်းစရာ ရှိသေးလို့လဲ။ ဟင်း "နော်ဗျာ"


" ပြောရင်းဆိုရင်း ဆရာ၊ ဒေါသကြီးလာပြီနော်"


" အေးဗျာ- ဖတ်ကြည့်ကြစို့ "

 

ဒေါသမီး


ဒေါသမီးဟု ကျွန်တော်ရေးသည်။ ဘာကြောင့်လဲ။ ဒေါသသည် မီးလိုပူသည်။ ထို့ကြောင့် ဒေါသမီးဟု ရေးခြင်းဖြစ်သည်။ ဒေါသသည် မအေးချမ်း။ ပူသည်။ အလွန်ပူသည်။ လောင်သည်။ တစ်နေရာတည်း မဟုတ်။ ခန္ဓာကိုယ်တစ်ခုလုံး လောင်မြိုက်သည်။ မီးလောင်နေ သလိုခံစားရသည်။ မုန်းသည်။ သတ်ချင်သည်။ မသေသေး။ မသေသေအောင်သတ်မည်။ ဓားနှင့်ထိုးသတ်ပြီးပြီ။ ခြေထောက်နှင့်နင်းထားမည်။ လည်မျိုကို ထပ်နင်းဦးမည်။ သေပြီးသားအလောင်း။ မကျေနပ်သေး။ အလောင်းကိုပင် လှံစွပ်နှင့် ထပ်ထိုးဦးမည်။ ပြီးတော့ မကျေနပ်သေး။ အလောင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့မည်။ ပြာမကျ သေး။ အမှုန့်ဖြစ်အောင်၊ ပြာကျအောင် ချေမွပစ်ဦးမည်။ အမှုန့်ဖြစ်မှ ကျေနပ်မည်။ ဪ ... ရေးရင်း ပြောရင်း ကြက်သီးမွေးညင်းထမိပြီ။ ဒေါသမီး ... ။ ဒေါသမီး...။ ဒေါသမီး...။

 

အမုန်းတရား


သူ့ကို သိပ်မုန်းသည်။ မမြင်ချင်။ မတွေ့ချင်။ နည်းနည်း လေးမှ အသံပင် မကြားချင်။ ကြားသည့်အသံ ငှက်ဆိုးထိုး သံ။ အမင်္ဂလာသံ။ ချစ်စရာမရှိ။ မုန်းစရာအတိ။ ငါ့မိတ်ဆွေ မဟုတ်။ ငါချစ်လို့မရ။ ငါ့ရန်သူ။ ကမ္ဘာမကျေရန်သူ။ ငါနှင့် လုံးဝဆက်စပ်မရသူ။ ငါ့ကို မုန်းတီးသူ အမူအကျင့်မတူသူ။ မြန်မြန်သေပါစေ။ သူသေမှ အေးမှာ။ မုန်းတယ်ကွာ။ အမြန်သတ်။ ချက်ချင်းသတ်။

 

ဒေါသဆိုသည်မှာ


စာရေးဆရာ တင်ညွန့်ရေးသည့် “ဒေါသ” အမည်ရှိ စာအုပ်တွင် ဒေါသ၏အဓိပ္ပာယ်ကို ဤသို့ ရေးသည်-
(ဒေါသဆိုသည်မှာ မျက်နှာအမူအရာတွင် ပေါ်လာ သည်။ စကားတွေပြောလျှင် အသံတွေ ပြောင်းလာသည်။ လက်တွေ၊ ခြေတွေ ပါလာတတ်သည်။ ဒေါသထွက်လာလျှင် ကိုယ်ပြောသည်ကို မကြားမည်စိုးရိမ်သောကြောင့် အသံတွေ မြှင့်ထုတ်သည်။ အသံကုန်အော်တော့သည်။
နီးရာနှင့် ကောက်ပေါက်မည်။ တံခါးကို ဆောင့်ပိတ် မည်။ ခြေနှင့်ကန်မည်။ စားပွဲကို လက်နှင့် ပုတ်မည်။ ဖုန်း ကို ပစ်ပေါက်လိုက်မည်။ ကိုယ့်အနီးနားရှိ တစ်ယောက် ယောက်ကို အော်သည်။ နိုင်သူဖြစ်လျှင် ကိုယ်ထိလက်ရောက် ထိုးကြိတ်မည်။ အမှန်တော့ ဒေါသသည် သူများကိုအော်နေ ခြင်း၊ သတ်နေခြင်းမဟုတ်။ ကိုယ့်ကိုယ်ကိုယ်အော်ကာ ကိုယ့်ကိုယ်ကိုယ် သတ်နေခြင်းဖြစ်သည်။ ဒေါသထွက်လာလျှင် နှလုံးတွေ တဆတ်ဆတ်ခုန်လာသည်။ ဒေါသကြောင့် နှလုံးရပ်ကာ အသက်ထွက်သွားသူတွေရှိကြောင်း သတိပြုသင့်သည်။ ဒေါသဆိုသည်မှာ ပေါက်ကွဲလျှင်လည်း ရသည်၊ ငြိမ်းအေးလိုက်လျှင်လည်း ရသည်ဆိုသော အဖြေနှစ်မျိုး ထွက်လာသည်။ ) (စာ-၁၃)

 

ပျော်ရွှင်စိတ်ချမ်းသာစရာ ကိစ္စမဟုတ်ပါ


“လူတိုင်း ဒေါသထွက်ဖူးကြမည်ထင်ပါသည်။ ကလေးလည်း ဒေါသ၊ လူကြီးလည်းဒေါသ ကြုံဖူးကြသည်။ ဒေါသ ထွက်သည်ဆိုသောအလုပ်မှာ သေသေချာချာ ပြန်စဉ်းစားကြည့်ပါ။ ပျော်ရွှင်စိတ်ချမ်းသာစရာ ကိစ္စမဟုတ်ပါ။ စိတ်ထဲတွင် အနှောင့်အယှက်ဖြစ်စရာကောင်းသော ဆူးတစ်ချောင်း၊ ဗုံးတစ်လုံးလိုဖြစ်နေကြောင်း သတိထားမိမည်ထင်ပါသည်” ဟု စာရေးဆရာတင်ညွန့်က ဆက်လက် တင်ပြသည်။


စိတ်တိုသည်။ စိတ်ဆိုးသည်။ ဒေါသထွက်သည်တို့ကို လူတွေက ပိုလုပ်သည်။ စိတ်ဆိုး၍ရသူကို စိတ်ဆိုးသည်။ ဒေါသထွက်၍ရသူကို ဒေါသထွက်ပြသည်။ ကိုယ်လိုချင် သည်ကို မရသောကြောင့် စိတ်ဆိုးသည်။ ကိုယ်ဖြစ်ချင် တာ မဖြစ်ရသောကြောင့် ဒေါသထွက်သည်။ ကိုယ် လျှောက်သည့်လမ်းကို လာပိတ်လျှင် ဒေါသဖြစ်ချင်သည်။ ကိုယ်ရမည့်အခွင့်အရေးကို လုယူခြင်းခံလိုက်ရလျှင်လည်း ဒေါသထွက်ကြသည်။ ကိုယ့်ကိုရန်စလည်း ဒေါသထွက် သည်။ ကိုယ့်ကို ဆန့်ကျင်လည်း ဒေါသထွက်သည်။ “ဒေါသထောင်းခနဲထွက်သည်” ဟု ဆိုကြသည်။ ထောင်းခနဲဖြစ်စေရန် အတွင်းစိတ်တွေ၊ အာရုံကြောတွေ က နှိုးဆွနေကြသည်။ (စာ-၁၀)

 

မာတိကာ


စာရေးဆရာ တင်ညွန့်ရေးသော ဒေါသအမည်ရှိစာအုပ်တွင် အောက်ပါ ဆောင်းပါးပုဒ်ရေ (၃၇)ပုဒ်ပါရှိသည်-

ရထားထိန်း၊ ငုတ်စိတ်၊ နှလုံးသားနှင့် ဦးနှောက်၊ ငါဆို သည်မှာ၊ ပလ္လင်လုသူ၊ သည်းခံစိတ်၊ မေတ္တာရေစင်၊ ရောဂါ ပိုး၊ မီးအိမ်၊ ဖြေဆေး၊ သတိ၊ လူ့စိတ်၊ လျစ်လျူရှုခြင်း၊ စိတ်ပြတင်း၊ မျက်ကန်းမြွေ၊ တမာခါးခါး၊ ရှို့မီး၊ အနီးအဝေး၊ ဖြတ်တောက်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ စက္ကန့် ၆၀ ၊ ဆေးမဲ့အနာ၊ အလကားလူ၊ မေတ္တာစက်ဝိုင်း၊ ဆင်းရဲခြင်း၊ ငါးမိနစ်၊ သဘောထားကြီးခြင်း၊ ဆင်ခြင်ဉာဏ်၊ ကံကြမ္မာ၊ ခြေရာ၊ ခေါင်းပြတ်သူ၊ အင်္ဂဝိဇ္ဇာ၊ သူနှင့်ငါ၊ ထွက်ပေါက်၊ အမြင် ကန်း၊ ဘဝနေနည်းနှင့် အက္ခရာတို့ဖြစ်ပါသည်။

 

ဒေါသဘယ်ကစသနည်း


ဒေါသသည် နှလုံးသားကစသည်။ မေတ္တာကစသည်။ ဒေါသသည် ကောင်းသလားဟု မေးလျှင် မည်သူကဖြစ်ဖြစ် မကောင်းဟု ဖြေကြမည်သာ ဖြစ်သည်။ ထိုမကောင်းသည့် ဒေါသကို နှလုံးသားကစပြီး ဦးနှောက်က ထိန်းချုပ်အမိန့်ပေးကာ ငြိမ်းအေးနိုင်သည်။ နှလုံးသားနှင့် ဦးနှောက်ကို ချိတ်ဆက်ပြီး ထိန်းသိမ်းနိုင်မှ ဒေါသက ချုပ်ငြိမ်းနိုင်မည်။ နှလုံးသားတွင် ဖြစ်တည် နေသည့်ဒေါသကို ဦးနှောက်ဆီ မပို့ပေးလျှင် နှလုံးသားထဲတွင် ပေါက်ကွဲထွက်ကုန်မည်။ (စာ-၁၇) ဆရာတင်ညွန့်၏ ဒေါသအမည်ရှိ စာအုပ်ကို ဖတ်ပြီးနောက် ကျွန်တော်သည် ဒေါသဖျောက်နည်းကို ရှာကြံမိပါ၏။ စဉ်းစားတွေးခေါ်မိပါ၏။ ဤသို့ပါ။

 

ဒေါသကို မည်သို့ ဖျောက်မည်လဲ


ဒေါသ၏ ဆန့်ကျင်ဘက်သည် မေတ္တာဖြစ်၏။ မေတ္တာသည်လည်း ဒေါသ၏ဆန့်ကျင်ဘက် ဖြစ်၏။ သူတစ်ပါးကို မေတ္တာပို့ရမည်။ သူတစ်ပါးကို ခွင့်လွှတ်ရမည်။ သူတစ်ပါးကို သည်းခံရမည်။ သူတစ်ပါးချမ်းသာပါစေ။ သူတစ်ပါး ဘေးရန်ကင်းပါစေ။ သူတစ်ပါးကျန်းမာပါစေ။ ငါ့ရန်သူမဟုတ်။ ငါ့မိတ်ဆွေ။ ငါအချစ်ဆုံးမိတ်ဆွေ။ မေတ္တာထား။ ထပ်တလဲလဲ မေတ္တာပို့။ သူ့မျက်နှာကို မြင်အောင်ကြည့်။ သူကျန်းမာမှဖြစ်မည်။ သူချမ်းသာမှဖြစ်မည်။ သူကြီးပွားပါစေ။ သူရာထူးကြီးပါစေ။ ငါ့ထက် ကြီးပွားပါစေ။ ငါ့ထက်ရာထူးကြီးပါစေ။ သူ့အုပ်ချုပ်ပုံကို ငါနာခံမည်။ သစ္စာ တည်မည်။ သူသည် ငါ့ဆရာ။ သူသည် ငါ့အရှင်သခင်။ သူကို ကိုးကွယ်ပါ၏။ သူ့ကို လေးစားကြည်ညိုပါ၏။
သူ့ကို မေတ္တာအထပ်ထပ်ပို့ပါ၏။ သူ့ကို ချစ်ခင်ပါ၏။ သူဘေးရန်ကင်းပါစေ။ မေတ္တာဖြန့်ကြက်ပါ၏။ ဇွဲသန်သန် ဖြင့် မမေ့မလျော့၊ မပေါ့မဆ၊ ထပ်တလဲလဲ မေတ္တာပို့ပါ၏။ ဒေါသတွေပျောက်၍ မေတ္တာရည်ပက်ဖျန်းပါ၏။


ကျွန်တော် ကိုယ်စိတ် ပေါ့ပါးပါ၏။ ကြည်လင်ပါ၏။ လန်းဆန်းပါ၏။ သူသာမက တစ်ရွာလုံး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ခြုံငုံမေတ္တာပို့ပါ၏။ မေတ္တာဓာတ်လွှမ်းခြုံ ပါ၏။ မေတ္တာဓာတ် ရစ်ပတ်ပါ၏။ ကျွန်တော့်ဒေါသ ဘယ်ရောက်သွားပါလိမ့်---။ ကျွန်တော်ကိုယ်ကျွန်တော်ပျော်ပါ၏။ ရန်သူမရှိသော ကျွန်တော်။ ဒေါသကင်းသော ကျွန်တော်

 

အမုန်းစကား


အမုန်းစကားခေတ်စားလှသည်။ သူတစ်ပါး မုန်းတီးအောင် ပြောသောစကားမှာ အမုန်းစကားဖြစ်ပါသည်။ ချစ်အောင်ပြောဖို့မလွယ်။ မုန်းအောင်ပြောဖို့ လွယ်ပါသည်။ သူတစ်ပါးစိတ်ဆိုးအောင်၊ မုန်းတီးအောင်ပြောတာ ဘာမျှအကျိုးမရှိပါ။ သို့သော်ငြား ပြောစဲ၊ ပြောမြဲပါ။ အမုန်းစကားမှာ အဆဲစကား၊ ကြုံးဝါးစကား၊ ညစ်ညမ်းစကား အမျိုးမျိုးခွဲခြားနိုင်ပါမည်။ မကြားဝံ့မနာသာ ရှက်စရာ၊ စက်ဆုတ်စရာ စကားတွေ၊ မုန်းတီးနာကြည်းဖွယ်စကား တွေမှာ အမုန်းစကားတွေပါပဲ။

လူမျိုးရေးမုန်းတီးစေခြင်း၊ ဘာသာရေးအယူဝါဒနှိမ့်ချ ဝေဖန်ပြစ်တင်ခြင်းများကြောင့် ရန်ပွဲ၊ စစ်ပွဲများဖြစ် လာတတ်စမြဲပါ။ ယနေ့ကမ္ဘာက သက်သေခံနေပြီမဟုတ် ပါလားခင်ဗျာ။

 

ဒေါသမီးစီရင်ထုံးများ


ကြေးမုံမှာ ဒေါသမီးစီရင်ထုံးများအကြောင်း ကျွန်တော်အောက်ပါအတိုင်း ဆောင်းပါး ရေးသားတင်ဆက်ခဲ့ဖူးပါသည်။ (၂၆.၁.၂၀၁၉ ကြေးမုံ၊ စာ −၁၉ )


(၁) နောက်မီးလင်း လင်ငယ်နေသူ ဇနီးမယားအား လင်သားက ပက်ပင်းတွေ့၊ ဒေါသထွက်၊ တွေ့ရာ လက်နက်ဖြင့် အသေသတ်အမှု


(၂) ဒေါသထွက်စဉ် လူသတ်မှုဖြစ်၊ မောင်းချဓားဖြင့် လည်ပင်းကို ဆောင့်ထိုး၊ ပွဲချင်းပြီး သေမှု။


(၃) ခွေးနှင့်နှိုင်း၍ ဆဲရပါမည်လားဟုဆိုကာ လူကြားထဲအရှက်ကွဲသဖြင့် မချုပ်တည်းနိုင်သော ဒေါသကြောင့် လူသတ်မှုဖြစ်။


(၄) ဇနီးမယား၏ ကိုယ်ဝန်ကို ခြေထောက်နှင့် ဆောင့်ကန်၊ ပါးနားဆွဲရိုက်၊ ဖနောင့်နှင့် ပေါက်၊ ကိုယ်ဝန်ပျက်ကျ၊ လင်ငယ်နှင့် ရသည့်ကိုယ်ဝန် ဟု စွပ်စွဲ။ ဝမ်းနည်းလွန်း၍ အနှိပ်စက်ခံ ဇနီး ပွဲချင်းပြီးသေမှု။


(၅) ဝမ်းဗိုက်ပေါက်၊ အူထုတ်ချင်းပေါက်၊ ဓားနှင့်ထိုး၊ သူခိုးစွပ်စွဲ၍ သတ်မှုများစသည်---။
ရေးရင်း၊ ဖတ်ရင်းနှင့်ပင် မကြားရက်၊ မမြင်ရက်၊ ရက်စက်လွန်းသော အမှုများ။ ဤအမှုများမှာ ဒေါသကြောင့်။ ဒေါသမီးတောက်လောင်ပြီး အားလုံးလောင်ကျွမ်း၊ ပျက်စီးကြရသည်။ ဘဝပျက်ရသည်။ ရာဇဝတ်မှုတွေကို စစ်မေး၊ စစ်ဆေး၊ ကိုယ်တွေ့ကြုံခဲ့ရသည်များ ယနေ့တိုင် မမေ့နိုင်...။

 

ဒေါသဖြေဖျောက်ဖို့


ဒေါသကို မည်သို့ဖြေဖျောက်ရမည်နည်းကို စာရေးဆရာ တင်ညွန့်က အောက်ပါအတိုင်း လေ့လာရေးပြပါ၏။


“ဒေါသပျောက်ဖို့ ဖြတ်လမ်းမရှိ။ ဒေါသကို ကိုယ်တိုင်ပဲသတ်။ ကိုယ်တိုင်ပဲငြိမ်း။
လျင်မြန်စွာ ပြေးနေသည့်ရထားအား လမ်းမမှားအောင် စောင့်ရှောက်နိုင်သကဲ့သို့ အကြင်သူသည် ဖြစ်ပေါ်လာသော ဒေါသကို တားဆီးနိုင်ရမည်။ ထိုသို့ စောင့်ရှောက်နိုင်သောသူကိုသာ ရထားထိန်းဟု ငါဆို၏။ ရထားကိုထိန်းရုံသာ ထိန်းတတ်ပြီး လမ်းမမှားအောင် မစောင့်ရှောက်နိုင်သူကို ငါသည် ရထားထိန်းဟုမဆို။ ရထားကြိုးကိုင် သက်သက်သာဖြစ်သည်” ဟု ဘုရားရှင် ဟောတော်မူ၏။
(ဓမ္မပဒ၊ ကောဇဝဂ်)

နိဂုံး
ငါသည် ရထားထိန်းလား ... ။ ရထားကြိုးကိုင် အဆင့်လား ... ။

ကြေးမုံ