ရှေ့နေနှင့် ပခုက္ကူ

၂၀ မေ

 


နိဒါန်း


“ဆရာ”
“ဗျာ” 
“ဆရာ့ဆောင်းပါးပြီးခဲ့တဲ့အပတ်ကမပါဘူး၊
ဘာလို့လဲ”
“ဟုတ်တယ်၊ခရီးသွားနေရလို့”
“ဘယ်ကိုသွားတာလဲ”
“ပခုက္ကူပါ”
“ပခုက္ကူအကြောင်းခရီးသွားဆောင်းပါးရေးပါလား”
“ဖတ်ကြည့်စို့”

 

ပခုက္ကူမြို့သို့


ပခုက္ကူမြို့သို့ တာဝန်နှင့် ကျွန်တော်ရောက်သည်။ ကျွန်တော့်ဇာတိမြို့လည်းဖြစ်သည်။ တာဝန်လည်းထမ်း ဆောင်၊ ဒေသန္တရဗဟုသုတလည်းရှာ၊ ခရီးသွားဆောင်း ပါးလည်းရေး၊ အချိန်အားမထားဘဲ  ကြေးမုံ ပရိသတ်အတွက်ပါ ပြန်လည်ဝေငှချင်သော စေတနာဖြင့် ဤဆောင်းပါးအား ရေးသားဝေဖြာရခြင်းပါခင်ဗျာ။

 

ပခုက္ကူသမိုင်း


(၁)  နှစ်သန်းပေါင်း ၄၀ ကျော် ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ခဲ့သော ဗဟင်းရွာ။ 
(၂)  ပခန်းကြီးဒေသ၊ ပုဂံခေတ်အစ စစ်ကိုင်း၊ အင်းဝ၊ ပင်းယ၊  ကုန်းဘောင်၊  ညောင်ရမ်း၊  အမရပူရ၊ ရတနာပုံခေတ်အဆက်ဆက်မှသည်  နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိပါပြီ။
(၃)  ဗြိတိသျှ သိမ်းပိုက်ပြီး ၁၈၉၅ ခုနှစ်ဝန်းကျင် ခရိုင်မြို့အဖြစ် ဖွဲ့စည်းရုံးစိုက်ခဲ့။ 
(၄)  ပခုက္ကူခရိုင်တွင် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါ  မြို့များပါဝင်ဖွဲ့စည်း။
(၅)  ၁၉၉၆၊ ဆော ၊ ထီးလင်း၊ ဂန့်ဂေါမှာ ခရိုင်တစ်ခုပြန်ဖွဲ့ခဲ့။
(၆)  ပခုက္ကူရွှေကူဘုရားအနီးရှိ ပုဂံပြည့်ရှင် အလောင်း စည်သူမင်း၏ ကိုယ်လုပ်တော် မယ်စိမ်းညို၏ သားသေအား အုတ်ဂူသွင်းထားရှိသည့်အရပ်ကို အစွဲပြု၍ သားထုတ်ဂူဟု ခေါ်ဝေါ်ရာကအစ ကာလရွေ့လျားလာ၍ ပခုက္ကူဟု အမည်တွင်ပါသတဲ့။

 

ဧရာဝတီတံတား(ပခုက္ကူ)


၆-၅-၂၀၁၉ မွန်းလွဲပိုင်းမှာ  ကျွန်တော်တို့  စီးနင်းလိုက်ပါသော မော်တော်ယာဉ်ပေါ်က မြို့အဝင် ပထမဆုံး ရှုမြင်ရသည်မှာတော့  ဧရာဝတီတံတား(ပခုက္ကူ) ဖြစ်ပါသည်။ ဧရာဝတီမြစ်    အရှေ့ဘက်ကမ်းဒေသနှင့် အနောက်ဘက်ကမ်းဒေသ  ဆက်သွယ်ပေါင်းကူးပေးသော တံတားကြီးပါပဲ။ မြစ်ကူးတံတားတွေအားလုံးထဲမှာ အရှည်လျားဆုံးနှင့် အလှပဆုံးပါ။  ရေလယ်တိုင်၃၁/၁၁၄၁ ပေရှည်လျား။ ရထားလမ်း၊ ကားလမ်း၊ ချဉ်းကပ်လမ်းတွေအစုံပါ။ အလျား ၁၃၉၈၁ ပေ (၂ မိုင်၅ ဖာလုံ ) ။ ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာ  ၁၅ ရက်စတင်တည်ဆောက်ခဲ့။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အပြီးတည်ဆောက်ခဲ့။

 

ဤတံတားကြီးမြင်တော့ ငယ်စဉ်က ပခုက္ကူနှင့် မြင်းခြံအကူး သဲသောင်ပြင်ဖြတ်၍ နွားလှည်းနှင့် ကူးခဲ့ရပုံ၊ မင်းဒင်သင်္ဘောစီးပြီး မြင်းခြံသို့ သွားခဲ့ရပုံ၊ ပုဂံဘုရားဖူးသွားလျှင် တစ်ရက်ကြာပုံတွေ တွေးမိသေး။ အဟောင်း တွေ အသစ်ဖြစ်ပြန်ပေါ့လေ။

 

သီဟိုဠ်ရှင်ဘုရား


ဆွေဘုရား၊ မျိုးဘုရား၊ ငယ်စဉ် မိဘ၊ ဘိုးဘွားလက်ထက်ကစ၍ ရိုကျိုးခဲ့သော ဘုရားကြီးမို့ ရောက်တုန်းရောက်ခိုက် ဦးခိုက်ပူဇော်ခဲ့ရသည်။ သီဟိုဠ်ရှင်ဘုရား ဂေါပကအဖွဲ့နာယက  ဦးမြင့်ဆွေ   (တရားလွှတ်တော်ရှေ့နေ)နှင့် အဖွဲ့ဝင်များက ကြိုဆိုကူညီခဲ့ကြ၍ ပိုမိုကြည်ညိုသဒ္ဓါပွားရသည်။ သက္ကရာဇ် ၄၇၇ ခုနှစ်၊ သီဟိုဠ်ဘုရင်မှမာလ္လာယုကျွန်းအနီးတွင် အလောင်းစည်သူမင်းကြီးအား  ဆက်သတော်မူခဲ့။ သစ်ဆယ်မျိုးပါဝင်။ ဓာတ်တော်မွေတော်များ ဌာပနာ။ သစ်ဆယ်မျိုးဆိုတာ ဘာပါလိမ့်။

 

သစ်ဆယ်မျိုး


(၁)    မဟာဗောဓိ သစ်တော်
(၂)    စန္ဒကူးနှစ် သစ်တော်
(၃)    သရက္ခန်နှစ် သစ်တော်
(၄)    သပြေနှစ် သစ်တော် 
(၅)    ထင်းရှူးနှစ် သစ်တော် 
(၆)    ကသစ်နှစ် သစ်တော် 
(၇)    ကုက္ကိုနှစ် သစ်တော်
(၈)    သခွတ်နှစ် သစ်တော်
(၉)  ထိန်နှစ် သစ်တော် 
(၁၀)  နံ့သာမျိုးနှစ် သစ်တော်တို့ဖြင့် သီဟိုဠ်လက်ရာ  စေ့စပ်သေချာ  သစ်  ၁၀  မျိုးပေါင်းစပ်ထုလုပ် ကိုးကွယ်ထားသည်ပါ။  ဗဟုသုတမှတ်ဖွယ်ဖြစ်ပါသည်။

 

ဖောင်တော်ဦးဘုရား


သက္ကရာဇ် ၄၅၄၊ ပုဂံပြည့်ရှင်အလောင်းစည်သူသည် မြင်းမိုရ်တောင်သို့ ကြွချီတော်မူသည်။ သီဟိုဠ်ဘုရင်ဆက်သသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖောင်တော်ဦးခိုက်ရာအရပ် အထိမ်းအမှတ်စေတီ  တည်ခဲ့ခြင်းဖြစ်သည်။ နန်းစဉ်နန်းဆက်ကိုးကွယ်တော်မူသော နန်းဦးဘုရားကို ဦးခိုက်ပူဇော်ခွင့်ရခဲ့သည်။    ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးဝင်းကျော်နှင့် လူငယ်အကျိုးဆောင်များ၏ ကူညီပံ့ပိုးညီညွတ်မှုကြောင့်  ကုသိုလ်ပွားများခွင့် ပို၍ရခဲ့သည်။ စင်ကြယ်သန့်စင်သော ဗုဒ္ဓဘာသာဝင်လူငယ်များ ၏ လုပ်အားကိုလည်း လက်တွေ့မြင်ခဲ့ရသည်။

 

အလွန်ပူသော ပခုက္ကူ 


‘အလွန်ပူသော ပခုက္ကူ’ ဟု စာဆိုနှင့်အညီ ပခုက္ကူကမ္မသား ကျွန်တော့်အတွက် အပူငွေ့ကို ရဲဝံ့စွာခံယူရင်း ဇာတိဒေသကို လွမ်းခဲ့သည်။ ရာသီဥတုကို အန်တုရင်း နိုင်ငံ့တာဝန်ထမ်းခဲ့သည်။ လေ့လာမှတ်သားစရာ အချိန်ယူမှတ်စုပြုခဲ့သည်။

 

တရားဥပဒေ သံယောဇဉ်


တရားဥပဒေသံယောဇဉ်မို့  တာဝန်အရ  မဟုတ်ဘဲရောက်သည့်အရပ်၊   ရောက်သည့်ဒေသတွင် တရားသူကြီးများ၊  ဥပဒေအရာရှိများနှင့်  တွေ့ဆုံဖြစ်အောင်တွေ့၊ နှုတ်ဆက်ဖြစ်အောင်နှုတ်ဆက်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ပြောဆိုကြရသည်။ ပခုက္ကူခရိုင် တရားသူကြီး ဒေါ်အေးအေးသန့်၊ ပခုက္ကူခရိုင် ဥပဒေအရာရှိဦးသိန်းဌေးအပါအဝင် မြို့နယ်တရားသူကြီးများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် တွေ့ခဲ့သည်။ မိမိရေးသည့် ဥပဒေသုတစာအုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ   ဗ ဟုသုတစာအုပ်များ မေတ္တာလက်ဆောင်အဖြစ် ဝေငှခဲ့ပါသည်။

 

ပြန်/ဆက်ဦးစီး


သတင်းမီဒီယာသမားမို့ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး    ဦးဇော်ဌေးအောင်နှင့်တွေ့ပြီး လိုအပ်သည်များ မေးမြန်းရသည်။ ပခုက္ကူမြို့နယ်အတွင်း  ကျေးရွာများအကြောင်းပါ  လေ့လာမှတ်သားရသည်။ စာကြည့်တိုက်အတွက် ဥပဒေသုတနှင့် အဂတိတိုက်ဖျက်ရေးစာအုပ်များ လှူဒါန်းသည်။ နယ်မြေခံ ပခုက္ကူသတင်းထောက်များနှင့် အချိန်မရ၍ မတွေ့ခဲ့။ သန်းလင်း (ရွှေချောင်းပခုက္ကူ) ရေးသားပြုစုသော ‘ပခုက္ကူ’ အကြောင်း စာအုပ်ကို ခရိုင်ပြန်/ဆက်မှူးက  ကျွန်တော့်အား  လက်ဆောင်ပေးသည်။ အချက်အလက်အတော်စုံ၍ ရည်ညွှန်းကိုးကားရသည်။(ပူးတွဲပုံ)

 

ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်အံ့မောင်နှင့်ခရိုင်ရဲတပ်ဖွဲ့မှူး ဉာဏ်ဝင်းတို့နှင့်ပါ  တွေ့ဆုံ၍ လိုအပ်သည်များ မေးမြန်းလေ့လာဆွေးနွေးပြီး ဥပဒေစာအုပ်များ ဝေငှပေးသည်။

 

မွေးရာဇာတိ


ကျွန်တော့်မွေးဇာတိက ပခုက္ကူခရိုင် ကမ္မမြို့နယ်ခွဲလက်ပြရွာဖြစ်ပါသည်။ ကမ္မက ပခုက္ကူမြို့ ကိုယ်ခွဲဟုပြောနိုင်ပါသည်။ ကိုယ့်ရွာ၊ ကိုယ့်ဇာတိမို့ ကြွားဝါခြင်း မဟုတ်ရပါ။ အလွန်နေချင်စရာ ကောင်းသော၊ အေးချမ်းသော ပခုက္ကူနှင့် ၁၈ မိုင်ဝေးသော သစ်ပင်သီးနှံ ဖွံ့ဖြိုးသော  ပခုက္ကူနှင့်ပေါက်  ကားလမ်းမကြီးပေါ်မှာ  တည်ရှိသော၊ အရောင်းအဝယ်ဖွံ့ဖြိုးသော၊  ဂေါတမဘုရား(ရေမျက်ကျေးရွာ) တည်ထားသော၊ ခရီးသည် အပေါင်း ထပ်တလဲလဲ လည်ပတ်လိုသော မြို့ငယ်ကလေးပါခင်ဗျာ။  ကျွန်တော့်မိဘများက ဆင်းဆင်းရဲရဲနှင့် ကျွန်တော့်အား ကျောင်းထားခဲ့ပြီး အလယ်တန်းကျောင်းအုပ်  ဆရာကြီး ဦးစောလှမောင်၊ ဆရာ ဦးသောင်းဗိုလ်၊ ဆရာကြီး ဦးညီညီ(မူလတန်းကျောင်းအုပ်ကြီး) တို့၏    ကျေးဇူးကြောင့် တက္ကသိုလ်ဥပဒေပညာသင်ခွင့်ရခဲ့သည်ပါ။ ကျွန်တော့်ရွာ ကျွန်တော်ပြန်ရောက်ပြီး ဒီအကြောင်းတွေစဉ်းစားမိတော့(ဘာကြောင့်မှန်းမသိ)  ကျွန်တော်မျက်ရည်ဝေ့မိပါသည်ခင်ဗျာ။ ကျေးရွာကျေးဇူး၊ မြို့ကျေးဇူး(အထူး) မမေ့အပ်ဘူးဟု ကျွန်တော်လေးနက်စွာ ခံယူမိပါသည်။

 

မိတ်ဆွေသူငယ်ချင်းများ


အချိန်မရ၍ မိတ်ဆွေသူငယ်ချင်းများကို စုံစုံလင်လင်နှုတ်မဆက်ခဲ့ရ။ အလုပ်တာဝန်(အဓိက) ဖြစ်၍ပါ။ အချိန်ရတုန်းရခိုက် ဥပဒေအရာရှိ(အငြိမ်းစား) လုပ်ဖော်ကိုင်ဖက်များနှင့် နယ်မြေခံမိတ်ဆွေ သူငယ်ချင်း ဒေါက်တာ လှိုင်မိုး၊ ဦးတင်ဝင်း(ရတနာဝင်း)တို့နှင့် တွေ့ခဲ့သည်။

 

အန်တီမြ မုန့်ဟင်းခါး


အန်တီမြမုန့်ဟင်းခါးအကြောင်းကိုတော့ မရေးမဖြစ်ရေးချင်သည်။ ပခုက္ကူရောက်လျှင် အန်တီမြ မုန့်ဟင်းခါးဆိုင်သို့ မရောက်ရောက်အောင်သွားပါ။ ပခုက္ကူ-ရေစကြို ကားလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဝက်အူချောင်း၊ ငါးဖယ်ကြော်၊ ဗယာကြော်နှင့် ကြက်သွန်အကွင်းလိုက်၊ နံနံပင်အစုံအလင်ကို စားပွဲပေါ်တွင်တင်ထားသည်။ မုန့်တီ၊ ခေါက်ဆွဲ၊ နန်းလတ်၊ ဆန်ပြား၊ ကြာဆံဟင်းခါးနှင့်အုန်းနို့ခေါက်ဆွဲကြိုက်ရာ မှာစားပြီး နှစ်သက်ရာ အကြော်နှင့်တွဲဖက်စားသုံးနိုင်သည်။ မုန့်ဟင်းခါးအရည်၊ အသုပ်၊ တစ်ပွဲ ကျပ် ၆၀ဝ၊  ကျပ် ၈၀ဝ  (သင့်သလို)ဖြစ်ပါသည်။

 

အန်တီမြက သူ့သမီးမဇင်ကို လွန်ခဲ့သော ၁၀ နှစ်က အမွေပေးခဲ့တဲ့   မုန့်ဟင်းခါးချက်သောအလုပ်  ဖြစ်ပါ သည်။ ထိုအလုပ်ကို ပခုက္ကူခရိုင် ဥပဒေအရာရှိ(ငြိမ်း) ဦးခင်မောင်မြင့်(မဇင်၏ ခင်ပွန်း) က ဦးဆောင်၍ ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်ပါသည်။

 

ဦးခင်မောင်မြင့်က ခရိုင်ဥပဒေအရာရှိ (ငြိမ်း)လည်းဖြစ်၊ ဂေါက်သီးသမားလည်းဖြစ်သဖြင့် အပေါင်းအသင်း ဝင်ဆံ့သူ၊ မိတ်ဆွေပေါများသူဖြစ်ပါသည်။ ထို့ကြောင့်ရောင်းကောင်းပါသည်။ အန်တီမြဆိုင်က မုန့်ဟင်းခါး၊ လက်သုပ်တို့မှာလည်း အရသာရှိရှိ ပြင်ဆင်မွမ်းမံထား သောကြောင့် ထိုင်ရာမထ စွဲမက်စားသုံးကြပါသည်။ အား ပေးဝယ်ယူစားသုံးသူ များသထက်များလာနေပါသည်။

 

ကျွန်တော်က  Facebook ထဲမှာ ထည့်ရေးလိုက်၍ ကြော်ငြာသလိုဖြစ်သွားပြီး လာစားကြသူတွေ သတင်းမေးပြီး ရပ်ဝေးက မိတ်ဆွေတွေက လာအားပေးဦးမည်ဆိုသူတွေပါ ပေါက်ဖွားများပြားလာပါသည်။

 

အရင်းပြုတ်


သူငယ်ချင်း(ရင်းနှီးသူအချို့) ကတော့ “လာသမျှ သူငယ်ချင်းတွေကို အခမဲ့ဧည့်ခံကျွေးမွေးနေရ၍   အရင်းပြုတ်တော့မှာပဲ” ဟု Facebookု မှာရေးကြပါသတဲ့။ အရင်းမပြုတ်တဲ့အပြင်  သူ့ဆိုင်နာမည်ကြီးပြီး  အားပေးဝယ်ယူစားသုံးသူများလာသဖြင့်   ဆိုင်ခန်းတိုးချဲ့ပါမည်။ လှူဒါန်းသမျှ ကုသိုလ်လည်းရ ဝမ်းလည်းဝဟု ဆိုင်ရှင်ဦးခင်မောင်မြင့်က  Facebook မှာ ပြန်ရေးပါသတဲ့။ စေတနာတန်ဖိုးကြောင့် သူ့ဆိုင်တိုးတက်အောင်မြင်ကြီးပွားပါစေဟု ဆန္ဒပြုလိုက်ပါသည်။

 

ဂုဏ်ယူ


ကျွန်တော် အဓိကရေးချင်တာကတော့ ခရိုင်ဥပဒေအရာရှိတစ်ယောက်အနေဖြင့် အငြိမ်းစားယူပြီး ရှေ့နေမလိုက်ဘဲ မိဘမျိုးရိုးဆက်ခံပြီး သမ္မာအာဇီဝလုပ်ကိုင်သည့်အနေဖြင့် မုန့်ဟင်းခါးရောင်းသည့်အလုပ်ကို မြတ်မြတ်နိုးနိုး လုပ်ကိုင်စားသောက်ခြင်းပါပဲ။ ထို့ကြောင့်ဥပဒေအရာရှိ(ငြိမ်း)များဖြစ်ကြသော ဦးကျော်ဆွေ၊ ဦးဗိုလ်၊ တရားလွှတ်တော်ရှေ့နေ ဦးစိန်မြင့်တို့နှင့် ကျွန်တော်တို့  သွားရောက် အားပေးခဲ့ခြင်းပါ။ ရေစကြိုသား ဦးတင်မြင့်၊ ခုံရုံးအဖွဲ့ဝင်(ငြိမ်း)နှင့် ညွှန်ချုပ်(ရှေ့နေချုပ်ရုံး-ငြိမ်း) နှင့် မုံရွာသား ဦးအောင်မြင်ထွန်း( နေပြည်တော်ကောင်စီဝင်၊ ပြည်နယ်ဥပဒေအရာရှိ-ငြိမ်း) တို့လည်း လာရောက်အားပေးဖူးပါသတဲ့။

 

Facebook သတင်းမှာ ကျွန်တော်ရေးသဖြင့် နာမည်ကျော် တရားလွှတ်တော်ရှေ့နေကြီးနှင့် နိုတြီပဗ္ဗလစ်ဆရာကြီးဦးမြသိန်းနှင့် မမဝင်းတို့မိသားစုကလည်း ပုဂံညောင်ဦးဘုရားဖူးရင်း  နာရီဝက်နှင့်   ကူး၍ရသော ပခုက္ကူသို့  တကူးတကလာပြီး  အန်တီမြမုန့်ဟင်းခါး စားမည်၊  အားပေးမည်ဆိုပါလား။  ကြော်ငြာခ မရဘဲကျွန်တော်ညွှန်းသော ကြော်ငြာမှန်၊ မမှန် လက်တွေ့စမ်းသပ်ကြည့်ပါခင်ဗျား။

 

ပခုက္ကူ


ပခုက္ကူခရီးစဉ်အကြောင်းတွင် ဒေသအကြောင်းလည်းပါ  တရားဥပဒေအကြောင်းလည်းပါ၊   ဘုရားသမိုင်း လည်းပါ၊ မုန့်ဟင်းခါးအကြောင်းလည်းပါ (ရေးစရာတွေ) များလှပါ၍ စုံစီနဖာ သောင်းပြောင်းထွေလာဖြစ်ပါမည်။ ခရီးသွားအတွေ့အကြုံများ တင်ပြခွင့်ပေး၍ ရှေ့ဆက်ရ မည့်ခရီး ပို၍နီးသည် ထင်မိပါသည်။


နိဂုံး


(၁)  ပခုက္ကူအကြောင်းရေးစရာတွေ များလှပေသည်။
(၂)  ဤဆောင်းပါးမျှနှင့် မပြည့်စုံနိုင်သေး။
(၃)  အခါအခွင့်သင့်မှ ထပ်မံရေးပါမည်။

 

ဦးဟန်ညွန် (ဥပဒေ)