ရှေ့နေနှင့် ရှေ့နေများကောင်စီ

၆  ဇွန်

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်ကဘာလဲဆရာ”

“ရှေ့နေနှင့် ရှေ့နေများကောင်စီပါတဲ့”

“ဘာအဓိပ္ပာယ်လဲဆရာ”

“တရားလွှတ်တော်ရှေ့နေများကောင်စီအကြောင်း ရှေ့နေတစ်ဦးအနေနဲ့ မိတ်ဆက်တင်ပြ ဆွေးနွေးချင်တာပါ”

“စိတ်ဝင်စားပါတယ်ဆရာ”

“ကိုင်း----- ဒါဖြင့် ဖတ်ကြည့်ကြစို့”

တရားလွှတ်တော်ရှေ့နေများကောင်စီ တရားလွှတ်တော်ရှေ့နေများကောင်စီဆိုသည်မှာ တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေအရ ဖွဲ့စည်းသည့်ကောင်စီကို တရားလွှတ်တော်ရှေ့နေများကောင်စီဟု ခေါ်ပါသည်။ ယခုအခါ တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေအရ လက်ရှိတရားလွှတ်တော် ရှေ့နေများ ကောင်စီသည် အစည်းအဝေးများ ကျင်းပညှိနှိုင်းနေသည့်အချိန် ဖြစ်ပါသည်။

အစည်းအဝေး

တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေးကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ မကြာမီက ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းရန် လျှောက်ထားမှုများ၊ ပြည်ထောင်စု လွှတ်တော်ချုပ်သို့ စိစစ်ထောက်ခံတင်ပြမည့်ကိစ္စများ၊ တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာများ၊ အထူးသဖြင့် တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရေး စသည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ရွေးကောက်ပွဲ

တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲ ကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင်ကျင်းပရန် လျာထားခဲ့ သည်။ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ များနှင့် လုပ်ထုံးလုပ်နည်းများအရ တရားလွှတ်တော် ရှေ့နေများကောင်စီက မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည် ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၃၄ နေရာ သတ်မှတ်ထားသည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကြီးကြပ်ဆောင်ရွက်မည့်သူများကိုလည်း ခန့်အပ် ရန်ရှိသည်။ အဆိုပါအစည်းအဝေးက တရားလွှတ်တော် ရှေ့နေများကောင်စီ၏ လုပ်ငန်းများ တိုးတက်ကောင်းမွန် ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အထက်တန်းရှေ့နေ

အဆိုပါအစည်းအဝေးမှာပင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းရန် လျှောက်ထားသူ အထက်တန်းရှေ့နေ ၉၀၉ ဦးကို လည်းကောင်း၊ Online ဖြင့် သင်ကြားသော ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာသင်တန်းအောင်မြင်သူ အထက်တန်းရှေ့နေ ၁၀ ဦးကိုလည်းကောင်း စိစစ်ထောက်ခံ အတည်ပြုနိုင်ခဲ့ သည်။

တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ

တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ၁၉၂၆ ခုနှစ်၊ အိန္ဒိယအက်ဥပဒေအမှတ် ၃၈ အဖြစ် ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ခေတ်နှင့်အညီ အဆင့်ဆင့်ပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။

တရားလွှတ်တော်ရှေ့နေများကောင်စီဖွဲ့စည်းပုံ

တရားလွှတ်တော်ရှေ့နေများကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းသည်-

(က) ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌ

( ခ) ပုဒ်မခွဲ(င)အရ ဒုတိယဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခံရသည့် တရားလွှတ်တော်ရှေ့နေများက ယင်းတို့ထဲမှ ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦး၊

( ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအမည် အဖွဲ့ဝင်များ စာရင်းတင်သွင်းသော ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးနှစ်ဦး၊

(ဃ) ဒုတိယရှေ့နေချုပ် အဖွဲ့ဝင်

(င) တရားလွှတ်တော်ရှေ့နေများက သတ်မှတ်ချက် အဖွဲ့ဝင်များနှင့်အညီ ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေလုပ်သက် ၁၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ၁၁ ဦး၊

(စ) ပုဒ်မခွဲ(င)အရ ရွေးကောက်တင်မြှောက် အတွင်းရေးမှူးခံရသည့် တရားလွှတ်တော်ရှေ့နေများက ယင်းတို့ထဲမှ ရွေးကောက်တင်မြှောက်သည့်

ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ပြီးသူမှအပ ဖြစ်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦး။

နည်းဥပဒေများထုတ်ပြန်နိုင်ခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါကိစ္စရပ်များအတွက် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ သဘောထားမှတ်ချက်ကိုရယူ၍ ဤအက်ဥပဒေနှင့်အညီ နည်းဥပဒေများ ထုတ်ပြန်နိုင်သည်-

(က) တရားလွှတ်တော်ရှေ့နေများကောင်စီတွင် အဖွဲ့ဝင်များအဖြစ် တရားလွှတ်တော်ရှေ့နေများထဲမှ ရွေးကောက် တင်မြှောက်နိုင်ရန် ရွေးကောက်ပွဲကျင်းပခြင်းနှင့် လစ်လပ်နေရာဖြည့်စွက်ခြင်း နည်းလမ်းများ၊

(ခ) ရွေးကောက်ပွဲကျင်းပရာတွင် ပေါ်ပေါက်သည့် အငြင်းပွားမှုများ နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ဆောင်ရွက်မည့် နည်းလမ်းများ၊

(ဂ) တရားလွှတ်တော်ရှေ့နေများကောင်စီတွင် ရာထူးအလျောက် အဖွဲ့ဝင်ဖြစ်သူ မဟုတ်သည့် အမည်စာရင်း တင်သွင်းခံရသူနှင့် ရွေးကောက်ခံရသူများ၏ ရာထူးသက်တမ်းသတ်မှတ်ခြင်း၊

(ဃ) တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေးများ ကျင်းပ ခြင်းနှင့် အစည်းအဝေး အထမြောက်ခြင်း ကိစ္စရပ်များ၊

(င) တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးတို့ ရွေးကောက်တင်မြှောက်ခြင်းနှင့် ရာထူးသက်တမ်း သတ်မှတ်ခြင်း။

နည်းဥပဒေများထုတ်ပြန်ခြင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။

အကျင့်သိက္ခာပျက်ပြားခြင်း

အကျင့်သိက္ခာပျက်ပြားခြင်းနှင့်စပ်လျဉ်း၍-

(၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားလွှတ်တော် ရှေ့နေ တစ်ဦးဦးကို ဤမှနောက်တွင် သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ၎င်း၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ သို့မဟုတ် အခြား အကျင့်သိက္ခာ ပျက်ယွင်းခြင်းဆိုင်ရာ အပြစ်ရှိကြောင်း တွေ့ရှိလျှင် ပြင်းထန်စွာသတိပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ ထားခြင်း သို့မဟုတ် တရားလွှတ်တော်ရှေ့နေစာရင်းမှ ပယ်ဖျက်ခြင်း တို့ ပြုလုပ်နိုင်သည်။

 

(၂) တရားရုံးတစ်ရုံးရုံးကဖြစ်စေ၊ တရားလွှတ်တော်ရှေ့နေများကောင်စီကဖြစ်စေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ အဆိုပါတရား လွှတ်တော်ရှေ့နေသည် အကျင့်သိက္ခာပျက်ပြားကြောင်း တိုင်ကြား သည့်စာကို လက်ခံရရှိလျှင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ထိုသို့တိုင်ကြားမှုအား အကျဉ်းနည်းဖြင့် ပလပ်ခြင်းမပြုပါက စုံစမ်း စစ်ဆေးရန် တရားလွှတ်တော်ရှေ့နေများကောင်စီကို လွှဲပြောင်းပေး ခြင်း သို့မဟုတ် တရားလွှတ်တော်ရှေ့နေများကောင်စီနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ခရိုင်တရားသူကြီးရှိရာ တရားရုံးထံ စုံစမ်းစစ်ဆေးရန် လွှဲပြောင်းပေးခြင်းပြုရမည်။ ထို့ပြင် မည်သည့်အမှုကိစ္စတစ်ရပ် ရပ်တွင်မဆို အဆိုပါ တရားလွှတ်တော်ရှေ့နေသည် ယင်းသို့အပြစ်ရှိ ကြောင်း ယုံကြည်နိုင်လောက်သည့် အကြောင်းခြင်းရာရှိလာပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကိုယ်တိုင်အဆိုပြုချက်ဖြင့် ဖော်ပြပါတရားရုံးသို့ စုံစမ်းစစ်ဆေးရန် လွှဲပြောင်းပေးနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၁၀ တွင် ဖော်ပြထားသည်။

ကျင့်ဝတ်သိက္ခာ

ကျင့်ဝတ်သိက္ခာဟူသည် ကောင်းမြတ်သော ကိုယ်ကျင့်တရားပင်ဖြစ်ပါသည်။ မိမိ၏လုပ်ငန်းအပေါ် တာဝန်သိသိသစ္စာရှိရှိ ပြည့်ဝသော သဘောထားဖြင့် ဆောင်ရွက်သူတို့အဖို့ အထူးသတ်မှတ်ပြဋ္ဌာန်းရန်ပင် လိုအပ်မည် မဟုတ်ပါ။ အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ တရားနှင့် မတရား၊ ဓမ္မနှင့်အဓမ္မ ခွဲခြားနားလည်ပြီး မိမိ၏ စိတ်သဘောကို သန့်ရှင်းစင်ကြယ်စေလျက် မကောင်း မွန်မှု၊ မမှန်ကန်မှု၊ မတရားမှုများကို ဖယ်ရှားကာ ကောင်းမွန် မှု၊ မှန်ကန်မှု၊ တရားမျှတမှုတို့ကို ကြိုးပမ်းပြည့်စုံစေရန်ပင် ဖြစ်ပါသည်ဟု ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများ စာစောင်စာမျက်နှာ ၃၊ ၂၀၁၀ တွင် ဖော်ပြထားပါသည်။

ရွေးကောက်တင်မြှောက်ခြင်း

တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးချယ်တင်မြှောက်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် နည်းဥပဒေများကို ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲ ကို နည်းဥပဒေများနှင့်အညီ ကျင်းပတော့မည်ဖြစ်ပါသည်။

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်

အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသူသည် တရားလွှတ်တော်ရှေ့နေများကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်-

(က) နိုင်ငံသားဖြစ်သူ၊

(ခ) အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(င)အရ တရားလွှတ်တော်ရှေ့နေ လုပ်သက်အနည်းဆုံး ၁၅ နှစ်ရှိသူ၊

(ဂ) အက်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(၁)အရ အမှုလိုက်ပါ ဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ထားခြင်းခံနေရဆဲမဟုတ်သူ သို့မဟုတ် တရားလွှတ်တော် ရှေ့နေများစာရင်းမှ ပယ်ဖျက်ခံရခြင်းမဟုတ်သူ၊

(ဃ) အက်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(၁)အရ ပြင်းထန်စွာသတိပေးခြင်း ပြစ်ဒဏ်ကို ရွေးကောက်ပွဲကျင်းပမည့်ရက်မတိုင်မီ တစ်နှစ်အတွင်း ချမှတ်ခံရခြင်းမရှိသူ။

(နည်းဥပဒေများ၊ အခန်း(၂) အပိုဒ်-၅)

လုပ်ထုံးလုပ်နည်းများ

တရားလွှတ်တော်ရှေ့နေများကောင်စီကလည်း ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက် ရက်စွဲဖြင့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

နိဂုံး

တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲတွင် အများချစ်ခင် လေးစား ဂုဏ်သရေမြင့်မားသော ရှေ့နေထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ကောင်စီဝင်များအား ရွေးချယ်နိုင်ကြပါစေကြောင်း . . . ။ ။

ဦးဟန်ညွန့် (ဥပဒေ)