ရှေ့နေနှင့်သမိုင်းရနံ့ပျံ့ပျံ့သင်းသင်

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

“ဆရာ “

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့်သမိုင်းရနံ့ပျံ့ပျံ့သင်းသင်း”

“ကဗျာဆန်လှချည်လားဆရာ”

“ဟုတ်တယ်ဗျ၊ အမည်နာမပေးပုံကကို ကဗျာ ဆန်တယ်။ လှတယ်။ သမိုင်းရနံ့ သင်းပျံ့နေတယ်”

“အကျိုးအကြောင်းသိချင်လှပါတယ်ဆရာ”

“ကျွန်တော်နှင့်အတူ ဖတ်ကြည့်ကြစို့”

သမိုင်းဆိုတာဘာလဲ

သမိုင်းဆိုတာဘာလဲ။ ‘သမိုင်းသင်တယ်ဆိုတာဘာလဲ။ သမိုင်းသင်တယ်ဆိုတာ မအ အောင်လို့’ ဟု သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက လမ်းညွှန်ဖူးသည်။ ဤလမ်းညွှန်ချက်ကို ကျွန်တော်ရိုသေစွာ ဂါရဝပြုလိုက်နာပါသည်။ ဤလမ်းညွှန်ချက်နှင့်အညီ သမိုင်းရနံ့ပျံ့ပျံ့သင်းသင်းစာအုပ်ကို လေ့လာဖတ်ရှုခဲ့ပါသည်။

ဦးစိန်မောင်ဦး(ရှေးဟောင်းသုတေသန)

၂၀၁၂ ခုနှစ် ဇွန်လတွင် အလင်းသစ်စာပေက ထုတ်ဝေသော စာရေးဆရာ ဦးစိန်မောင်ဦး (ရှေးဟောင်း သုတေသန) ရေးသားပြုစုသည့် သမိုင်းရနံ့ပျံ့ပျံ့သင်းသင်းစာအုပ်ကို ကျွန်တော်လေ့လာဖတ်ရှုခဲ့ရာ ဆောင်းပါး ၃၆ ပုဒ်တွေ့ရှိပါသည်။

၁။ ရတနာပုံ နန်းမြို့တည်ရခြင်း အကြောင်းရင်းနှင့်ကနောင်မင်း

၂။ အိမ်ရှေ့ထိပ်ထားနှင့် ဘောလယ်

၃။ ကနောင်မင်း၏သားတော် သမီးတော်များ

၄။ ကနောင်မင်း၊ ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင်နှင့်နှုတ်ခမ်းမွှေး

၅။ ကနောင်မင်း၊ ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင်နှင့်ယင်းတော်မလေး

၆။ အိမ်ရှေ့မောင်နှံနှင့် စာဆိုတော်မင်းထင်စည်သူ

၇။ ကနောင်မင်းနှင့် စလေဦးပုည

၈။ သီပေါမင်းတရားကြီး လက်ထက်တော်က ဆယ်ဌာန၊ ဆယ်ခရိုင်

၉။ ပထမဌာနေ ရွှေမြို့တော် ခရိုင်ဝန်များ

၁၀။ ရတနာပုံခေတ် အဝေးခရိုင်ဝန်များ

၁၁။ ရတနာပုံခေတ် ခရိုင်ဝန်အပြောင်းအလဲ

၁၂။ သမိုင်းတွင်မေ့ကျန်ခဲ့သည့် အဝေးခရိုင်ဝန်တစ်ဦး

ကောက်နုတ်ချက်အတွေး

အထက်ပါ ကောက်နုတ်ချက်ဆောင်းပါး ၁၂ ပုဒ်အနက် စာရေးသူ ဆောင်းပါးရှင် စိတ်ဝင်စားသောခရိုင်ဝန်များကဏ္ဍ သီးသန့်လေ့လာဖတ်ရှုမိပါသည်။ သီပေါမင်းလက်ထက် (မြန်မာခုနှစ် ၁၂၄၅) ကာလက ခရိုင်ဝန်များ၊ ခရိုင်များခွဲခြား အုပ်ချုပ်ပုံများ စိတ်ဝင်စားမိပါသည်။ ရွှေမြို့တော်ဝန်များ၊ မြို့စာရေးများ အကြောင်းကိုလည်း သိရှိရပါသည်

ရွှေလှံဗိုလ် (ငယ်နာမည်ဦးချက်)၊ ပင်လယ်မြို့စား(ငယ်နာမည်ဦးချုံ)၊ ရွှေမြို့တော်ဝန် (ငယ်နာမည်ဦးပေစိ)နှင့် ဘဝဆည်းဆာများ ဖတ်ရသည်။(စာ-၈၉)

ရတနာပုံခေတ်အဝေးခရိုင်ဝန်များ၊ အဝခရိုင်ဝန်၊ တောင်ငူခရိုင်ဝန်၊ တောင်တွင်းကြီး ခရိုင်ဝန်၊ အောက်မြစ်စဉ်ခရိုင်ဝန်၊ ပုခန်းကြီးခရိုင်ဝန်၊ ချင်းတွင်းကြောင်း ခရိုင်ဝန်၊ စစ်ကိုင်းခရိုင်ဝန်၊ ရတနာသိင်္ဃခရိုင်ဝန်၊ အညာမြစ်စဉ် ခရိုင်ဝန်များအကြောင်း ဗဟုသုတဖြစ်ဖွယ်သမိုင်းစဉ်ဖတ်ရသည်။ ( စာ-၁၀၈)       

ရတနာပုံခေတ်ခရိုင်ဝန်အပြောင်းအလဲ

မြန်မာမင်းဧကရာဇ်တော်များ လက်ထက်တော်တွင် မင်းမှုထမ်းများ၏ဘဝသည် တည်ငြိမ်အေးချမ်းသည်ဟု မဆိုနိုင်ချေ။ မင်းဧကရာဇ်၏ ဆန္ဒသဘောထားများအတိုင်း ရပ်ဝေးဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရသည့် အဖြစ်များ၊ တစ်ဌာနမှ အခြားတစ်ဌာနသို့ ကူးပြောင်းထမ်းဆောင်ရသည့် အဖြစ်များ ကြုံတွေ့ရမြဲဖြစ်ပါ၏၊ အလျှောက်အထား၊ အလုပ်အကိုင်တို့ကို သဘောတော်ညို အလိုတော်မကျခဲ့လျှင် ရာထူးဌာနန္တရမှစ၍ အစီးအနင်း၊ အဆောင်အရွက်စသည်တို့ကို ပြန်လည်ရုပ်သိမ်းခံရသည်သာမက ကံမကောင်း အကြောင်းမလှသည့် အခါများတွင် ထောင်သွင်း အကျဉ်းချသည်ကိုပင် ခံရပါ၏။ (စာ-၁၀၉) အစရှိသည်ဖြင့် သမိုင်းမှတ်တမ်းဇာတ်လမ်းများ ဖတ်ရှုရပါ၏။ ရွှေပြည်ဝန်ကြီးတစ်ဦးအား မင်းမှုထမ်း သက်တမ်းတစ်လျှောက်တွင် ခြောက်ကြိမ်တိတိ ရာထူးအချခံရသည်ဟု ရှေ့နေကြီး ဦးခင်မောင်ဒွေးထံမှ မှတ်သားရပုံကိုပါ ရေးပြထားပါ၏။

သူသူငါငါပုထုဇဉ်တို့သည် မိမိတို့၏ရာထူးဌာနန္တရကို အမှန်အကန်မဟုတ်ဘဲ ထိပါးပြောဆိုခြင်းကို မနှစ်သက်ကြကြောင်း ဆိုသည့်အချက်ကို ပေါ်လွင်စေချင်ကြောင်း ဦးစိန်မောင်ဦး၏ စေတနာကို လေးစားစွာ ဖတ်ရှုရသည်။ (စာ-၁၁၅)

ပုဂံရွှေစည်းခုံစေတီတော်ထီးတင်ပွဲ

ဆင်ဖြူရှင်မင်းတရားကြီး၏ ကုသိုလ်တော် ရွှေစည်းခုံစေတီတော် ထီးတော်ကြီးအကြောင်း၊ ရွှေ၊ ကြေးနီ၊ သံအလေးချိန်၊ ကျောက်သံပတ္တမြား၊ ထီးတော်အတိုင်း အတာများ သိရှိလေ့လာရပါသည်။ တောင်တွင်းကြီးယဉ်ကျေးမှု ပြတိုက်ရှိ ပုရပိုက်တစ်ဆူတွင် ရွှေစည်းခုံစေတီတော်၏ ထီးတော်အတိုင်းအတာများ ဖော်ပြ ထားပုံကို အသေးစိတ်မှတ်တမ်းတင်ထားပါ၏။ (စာ-၁၄၅)

ရွှေစည်းခုံစေတီတော်နှင့် လွှတ်တော်အရာရှိကြီးနှစ်ဦး အကြောင်းကိုလည်း လေ့လာနိုင်ပါ၏။ (စာ-၁၅၀)

မဟာဗန္ဓုလ၏စစ်စွမ်းရည်

မင်းကြီးမဟာဗန္ဓုလအစရှိသော မြန်မာစစ်သူကြီးများ၏ သူမတူသောစစ်စွမ်းရည်ကြောင့် နယ်ချဲ့အင်္ဂလိပ် အရာရှိငါးဦးနှင့် အမြောက်အမြား ကျဆုံးခဲ့ရကြောင်း ချီးမွမ်းထားသည်ကိုလည်း ဖတ်ရှုရ၏။( စာ -၁၈၅)

မြဝတီမင်းကြီး ဦးစနှင့် မြောက်ဦးမြို့

မြန်မာသက္ကရာဇ် ၁၁၈၅၊ တပေါင်းလတွင် ပထမအင်္ဂလိပ် ကျူးကျော်စစ်ဖြစ်ခဲ့သည်။ မြဝတီမင်းကြီးဦးစသည် စစ်ကြောင်းချီခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ရောက်ရှိခဲ့၏။ ရှစ်ခွင်မှာ ပြာရီမှဲ့၊ လွမ်းနယ်ချဲ့ မိုးဒွေးချိုးရေးခဲ့သေးကြောင်း လေ့လာဖတ်ရှုရပါ၏။( စာ-၁၈၉)

မြဝတီမင်းကြီး၏ နေဝင်ချိန်ဘဝ

၁၁၉၉ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် (တနင်္လာနေ့)တွင် သာယာဝတီမင်းတရားလက်ထက်၌ မြဝတီမင်းကြီးဦးစအား ရာထူးဘွဲ့ရုပ်သိမ်းပြီး ထောင်သွင်း အကျဉ်းချထားသည်။ မြဝတီမင်းကြီး ဦးစသည် အိုမင်းမစွမ်း အရွယ်ရောက်ခါမှ ခြေအစုံတွင် သံခြေချင်းတန်းလမ်းနှင့် မြေကြီးပေါက်နေရရှာစဉ် သမီးတော်ကြီး စကြာဒေဝီက တွေ့မြင်ခဲ့လေသည်။ သမီးတော်ကြီး၏ ကျေးဇူးကြောင့် ဘုန်းတော်ဘွဲ့ ရေးသားပေးရသော မြဝတီမင်းကြီး ဦးစသည် လွတ်စေအမိန့်ရရှိခဲ့ကြောင်း ရင်နင့်ဖွယ်ရာ မှတ်တမ်းကို ဖတ်ရှုရသည်။ (စာ-၁၉၂) ကျွန်တော်နှင့်အတူ စာရှုသူအပေါင်းတွေ့မြင်ဖတ်ရှုလေ့လာနိုင်ကြပါစေ။

ဇမ္ဗူရစ်လေလား ခပ်ပြားလား

သစ္စာတရားဟူသည်ပကတိစက္ခုဖြင့် မြင်နိုင်ကောင်းသော ရုပ်ဒြပ်အခိုင်အမာရှိသည့် အရာမျိုးမဟုတ်ပေ။ လူတို့၏ အဇ္ဈတ္တနှလုံးသားတွင် ကိန်းအောင်းနေသောကြောင့် ပညာမျက်စိဖြင့်သာ မြင်နိုင်သည်။ သိမ်မွေ့နက်နဲသောအရာဖြစ်ပါ၏။ (စာ -၁၉၃)

ရာထူးဂုဏ်သိမ် စည်းစိမ်အာဏာဟူသည် ပုထုဇဉ်များအဖို့ စွဲလမ်းနှစ်ခြိုက် ဘဝင်ခိုက်ဖွယ်ရာ ဖြစ်ပါ၏။ သို့သော် ကေသရာဇာခြင်္သေ့မင်းတို့မည်သည် မည်မျှပင် ဆာလောင်မွတ်သိပ်စေကာမူ မြက်ကိုစားရိုးမရှိသကဲ့သို့ သစ္စာတရားကို အလေးအနက်တန်ဖိုးထားသော မှူးတော်၊ မတ်တော်အများစုကမူ နိုင်ငံလူမျိုး သာသနာကို သစ္စာဖောက်ပြီး စားသုံးရမည့် အစာအာဟာရကို မစင်ဘင် ပုပ်တမျှ စက်ဆုပ်ရွံရှာကြသောကြောင့် ကမ်းလှမ်းလာသော အခွင့်အရေးများကိုပင်ငြင်းပယ်လျက် နယ်ချဲ့အရင်းရှင် စစ်အာဏာပိုင်များနှင့် ကင်းကင်းရှင်းရှင်းနေခဲ့ကြသော မှူးတော်၊ မတ်တော်ကြီးများလည်း ရှိပါကြောင်း (စာ-၁၉၄)တွင်မှတ်သားဖွယ်၊ လေးစားဖွယ် ကောက်နုတ်ဖတ်ရှုရ ပေသည်။ (အကျယ်ကိုဆက်လက်လေ့လာသင့်ကြပါကြောင်း)

သမိုင်းပညာရပ်

သမိုင်းပညာရပ်စာပေသည် သုတစာပေတွင် အကျုံးဝင်နေသည့်အားလျော်စွာ လူအမည်နာမ၊ အဆင့်အတန်း၊ ဒေသရပ်ရွာ၊ အချိန်ကာလ၊ အကြောင်းအချက် စသည်တို့သည် မှန်ကန်တိကျသည်နှင့်အမျှ ခိုင်လုံမှုရှိမှသာ သမိုင်းအရည်အသွေး ပီပြင်မည်ဖြစ်၏။ စာရေးသူ၏အမြင် (ဦးစိန်မောင်ဦး၏အမြင်) ကို ပွင့်ပွင့်လင်းလင်းပြောရလျှင် စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင် ဝက်မစွက်ဝန်ထောက်မင်း၏ နေ့စဉ်မှတ်တမ်းကို မောင်သန်းဆွေ (ထားဝယ်) က အကောင်းဆုံး တည်းဖြတ်ပေးနိုင်လိမ့်မည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ဒဂုန် ခင်ခင်လေးနှင့် မောင်သန်းဆွေ(ထားဝယ်) တို့၏ ရင်းနှီးမှု အနေအထားသည် သားအမိတမျှဖြစ်ကြောင်း ကို စာရေးသူ သိနားလည်သောကြောင့် ဖြစ်ပါ၏ ဟုဆရာ ဦးစိန်မောင်ဦးကရေးခဲ့ပါသည်။(စာ-၂၂၆)

ဆောင်းပါး ၁၄ ပုဒ်

ဆောင်းပါးစုစုပေါင်း ၃၆ ပုဒ်အနက် ကျန်ဆောင်းပါး ၁၄ ပုဒ်များ၏ ခေါင်းစဉ်များ မဖော် ပြတော့ပါ။ ကျွန်တော်စိတ်ဝင်စားဖွယ်ရာ ကောက်နုတ်ချက်များကိုသာ ရွေးထုတ်သုံးသပ်ခြင်း ဖြစ်ပါသည်။ ဆောင်းပါးအားလုံးကတော့ စိတ်ဝင်စားစရာချည်းပါပဲ။

ဒေါက်တာ ကျော်ဝင်း (ရန်ကုန်တက္ကသိုလ်သမိုင်းပါမောက္ခ-ငြိမ်း) ၏ အမှာစာအရ မြန်မာမင်းများလက်ထက် နန်းတွင်းရေးရာများ၊ ဆွေတော်မျိုးတော်များ၊ မြန်မာ့မင်းအမှုထမ်းများအကြောင်းကို ရေးသားရာ တွင် အထူးကျွမ်းကျင်သူဖြစ်ကြောင်း၊ သမိုင်းရနံ့ ပျံ့ပျံ့သင်းသင်းစာအုပ်ပါ သမိုင်းဆောင်းပါးအားလုံးသည် သမိုင်းတန်ဖိုးကြီးမားသော ဆောင်းပါးများဖြစ်ကြောင်း ထင်ရှားပါသည်။

မဟာဂီတ ဦးပြုံးချိုနှင့် ပါမောက္ခချုပ် ဒေါက်တာ ထင်အောင်တို့ မျိုးရိုး

‘မျှစ်ချိုးသွားရာတွင် မှိုပါရှာတွေ့ခဲ့သည်’ ဟူသော ဆိုရိုးစကားအတိုင်း မဟာဂီတပညာရှင် ဦးပြုံးချို၏မျိုးရိုးကို လေ့လာရာတွင် ‘တစ်နွယ်ငင်တစ်စင်ပါ’ ဟူသကဲ့သို့ မမျှော်လင့်ဘဲ တွေ့ရှိလာသော ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်၏ မျိုးရိုးပင်ဖြစ်ပါကြောင်း လေ့လာတွေ့ရှိရပါသည်။ (စာ- ၂၇၁)

မင်းတုန်းမင်းတရားကြီးလက်ထက် အစီရင်မင်း (ခေါ်) မြို့နယ်ဥပဒေအရာရှိ ဦးတက်ဖြိုးသည် ဒေါက်တာထင်အောင်၏ အဘိုးဖြစ်နေကြောင်း မှတ်သားဖွယ်ကို ဤစာအုပ်တွင် တွေ့မြင်ရပေသည်။

စာအုပ်အမျိုးမျိုး

စာမျိုးစုံဖတ်ကြောင်း ကျွန်တော်တင်ပြခဲ့ဖူးပါပြီ။ ဥပဒေစာအုပ်တွေက နေ့စဉ်တာဝန်အရ မဖတ်မနေရပါ။ ပုဒ်ထီး၊ ပုဒ်မတွေက များလွန်းလှသည်။ တရားလို၊ တရားခံများ၏ ဘဝမျိုးစုံက ကြမ်းတမ်းလှသည်။ အမွေမှု၊ တရားမမှုများကြောင့် (သူတို့အပူ) (ကိုယ့်အပူ) ဖြစ်ရပေါင်းများပြီ။ အမှုသည်များ၏ မျက်ရည်စများက ကိုယ့်မျက်ရည်စအဖြစ် ပြောင်းလဲခံစားခဲ့ရမှုတွေ စုံလင်လှပါပြီ။

တိုင်စာများကိုလည်း တာဝန်အရ စစ်ဆေးနေခဲ့၊ စစ်ဆေးနေဆဲပါ။ မကျေနပ်ချက်မျိုးစုံပါပဲ။ မတော်မတရားမှု မျိုးစုံပါပဲ။ ဘယ်သူမှန်သလဲ။ ဘယ်သူ မှား သလဲ။ မျက်လုံးဖြဲ၍ ကြည့်ရပါသည်။ အမှားမခံပါ။ အမှားမခံနိုင်ပါ။ ထိုတာဝန်များ အားသည့်အခါ ဘယ်စာမျိုးတွေ ဖတ်ရမည်လဲ။

နိဂုံး

(၁) သမိုင်းကို မအအောင် လေ့လာကြတာပါ။

(၂) သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်း၏ အဆိုအမိန့်နှင့်အညီ ဦးစိန်မောင်ဦး (ရှေးဟောင်းသုတေသန)၏ သမိုင်းရနံ့ ပျံ့ပျံ့သင်းသင်းစာအုပ်ကို ဖတ်ရှုလေ့လာခဲ့ပါသည်။

(၃) စာရှုသူများအပေါင်းပါ သမိုင်းရနံ့သင်းပျံ့နိုင်ကြပါစေကြောင်း။