ရှေ့နေရယ်၊ ကျင့်ဝတ်ရယ်၊ တာဝန်ရယ်၊ အခွင့်အရေးရယ်

မောင်စာဂ

ရှေ့နေများ၏ပင်မလုပ်ငန်းသည် တရားရုံးများတွင် အမှုသည်များ၏ကိုယ်စား ရှေ့မှနေရပ်တည်၍ အမှုများကို လိုက်ပါဆောင်ရွက်ပေးရသည့်လုပ်ငန်းဖြစ်သည်။ တရား ရုံးများက မှုခင်းများတွင် ဥပဒေနှင့်အညီ အမှန်တရားကို ရှာဖွေဖော်ထုတ် ဆုံးဖြတ်နိုင်ရေးအတွက် ကူညီဆောင် ရွက်ပေးကြရသည်။ ထို့ကြောင့် ရှေ့နေများကို တရားရုံး ၏ အရာရှိများအဖြစ် နားလည်လက်ခံထားကြသည်။ သို့သော် ရှေ့နေများသည် လခစားနိုင်ငံ့ဝန်ထမ်းများ မဟုတ်ကြပါ။ လခစားဝန်ထမ်းများ မဟုတ်ကြသော် လည်း ရှေ့နေများလိုက်နာရမည့် ကျင့်ဝတ်ရှိသည်။ ထမ်း ဆောင်ရမည့် တာဝန်များရှိသည်။ ရှေ့နေများ၏အခွင့် အရေးများ သတ်မှတ်ထားသည်။ နိုင်ငံတော်၏ ဥပဒေ
ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတည်းဟူသော မဏ္ဍိုင်ကြီးသုံးရပ်တွင် ရှေ့နေများ၏ပါဝင်ထမ်းဆောင် ရသည့်အခန်းကဏ္ဍ မြင့်မြင့်မားမားရှိသည်။ အနှစ်ချုပ် မျှဝေပါရစေ။

 

ရှေ့နေများလိုက်နာကြရမည့်ပြဋ္ဌာန်းချက်များ

ရှေ့နေများသည် တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေ၊ တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေများ၊ ရှေ့နေလိုက်သူများအက်ဥပဒေနှင့် ယင်းအက်ဥပဒေများအရ ထုတ်ပြန်သည့် အမိန့်ကြော်ငြာ စာများ၊ ညွှန်ကြားချက်များကို လိုက်နာကြရသည်။ ရှေ့နေများသည် တရားမကျင့်ထုံးဥပဒေ၊ ပစ္စည်း လွှဲပြောင်းခြင်းဥပဒေ၊ သက်သေခံဥပဒေများနှင့် တရားရုံး များလက်စွဲ၊ တရားရုံးချုပ်ညွှန်ကြားလွှာတို့တွင်ပါရှိသော ရှေ့နေများလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာ များ၊ တာဝန်များကို လိုက်နာဆောင်ရွက်ကြရသည်။
ရှေ့နေများလိုက်နာရမည့် ကျင့်ဝတ်သိက္ခာများနှင့် ဆောင်ရွက်ရမည့် တာဝန်များနှင့်စပ်လျဉ်း၍ လမ်းညွှန် ဆုံးဖြတ်ထားသော မြန်မာနိုင်ငံတရားစီရင်ထုံးများကို အစဉ်သဖြင့် အလေးထား ဖတ်ရှုလိုက်နာကြရသည်။ ရှေ့နေများလိုက်နာရမည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်း လိုက်နာခြင်းဖြင့် မိမိစိတ်သဘော သန့်ရှင်းစင်ကြယ်စေ လျက် အကောင်းအဆိုး၊ တရားနှင့် မတရား၊ ဓမ္မနှင့်အဓမ္မ တို့ကို ခွဲခြားနားလည်နိုင်ကြမည်။

 

ရှေ့နေများ၏ကျင့်ဝတ်သိက္ခာ

ရှေ့နေများ၏အခွင့်အရေးများ၊ တာဝန်များကို သတ်မှတ်ထားရှိသကဲ့သို့ ရှေ့နေများလိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်သိက္ခာများကိုလည်း သတ်မှတ်ထားရှိ သည်။ ထို့သို့ သတ်မှတ်ထားရှိရာတွင် ရှေ့နေလုပ်ငန်းစဉ် နှင့်စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာများ၊ တရားရုံးများ၊ တရားသူကြီးများနှင့်စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာ၊ အမှုလိုက်ပါဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် ကျင့်ဝတ် သိက္ခာ၊ အမှုသည်များနှင့်စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာ၊ သက်သေများနှင့်စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာဟူ၍ ခွဲခြားသတ်မှတ်ထားရှိသည်။ သူ့ကျင့်ဝတ်နှင့်သူ သိက္ခာ ရှိရှိ ဆက်ဆံပြောဆို လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းချောမွေ့သည်။ လုပ်ငန်းဆောင်ရွက်မှုအောင်မြင် သည်။
ကျင့်ဝတ်သိက္ခာဟူသည် ကိုယ်ကျင့်တရားပင်ဖြစ်၍ တာဝန်သိသိ၊ စေတနာရှိရှိ စောင့်စည်း လိုက်နာကြရ ပါမည်။ ကျင့်ဝတ်သိက္ခာစောင့်စည်းခြင်းကြောင့် အပြစ် မရှိပါ။ အစွပ်အစွဲကင်းပါသည်။ အေးမြချမ်းသာပါမည်။ ရပ်ရွာအေးချမ်းသာယာဖို့ တရားဥပဒေစိုးမိုးရေး အရေး ကြီးသည်။ တရားဥပဒေစိုးမိုးဖို့၊ တရားစီရင်ရေးမဏ္ဍိုင် ကြံ့ခိုင်ဖို့အတွက် တရားနှင့်အညီ စီရင်ဆုံးဖြတ်ကာ တရားသူကြီးများနှင့်အတူ ဥပဒေလုပ်ငန်းတွင် ကျွမ်းကျင်သော ဥပဒေပညာရှင်များ၊ ရှေ့နေလုပ်ငန်းတွင် အရည်အချင်းပြည့်ဝသော ရှေ့နေများလည်းလိုအပ်သည်။ အရည်အချင်းဆိုသည်မှာ ဥပဒေပညာတတ်ကျွမ်းမှု၊ စိတ်ထားကောင်းမွန်မှန်ကန်မှု၊ ကျင့်ဝတ်သိက္ခာလိုက်နာ စောင့်စည်းမှုတို့ပင်ဖြစ်သည်။

 

တာဝန်များ

ရှေ့နေလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှေ့နေလုပ်ငန်း၏ အစဉ်အလာကောင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် ရှေ့နေတိုင်းတွင် တာဝန်ရှိသည်။ မိမိတို့ လိုက်နာ စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာတို့ကို အမြဲတစေ လိုက်နာစောင့်ထိန်းရမည်။ အခကြေးငွေကို အဓိက မထားဘဲ တာဝန်ထမ်းဆောင်မှုကို အဓိကထားရမည်။ မိမိတစ်ဦးချင်း၏ အကျိုးစီးပွားနှင့် ရှေ့နေလုပ်ငန်း တစ်ရပ်လုံး၏ အကျိုးစီးပွားကိုယှဉ်လာလျှင် ရှေ့နေ လုပ်ငန်းတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဦးစားပေးရမည်။ အမှုသည်များ၏ ယုံကြည်အပ်နှံခြင်း ခံထိုက်သူများ ဖြစ်အောင် သိက္ခာသမာဓိရှိရမည်။ မိမိတို့၏ဆောင်ရွက် ချက်များသည် အမှုအနိုင်ရရှိရေး တစ်ခုတည်းအတွက် မဟုတ်ဘဲ အမှန်တရားဖြစ်စေရေး တရားရုံးအား အထောက်အကူဖြစ်စေရမည်။ တရားလွှတ်တော်ရှေ့နေ များသည် တရားလွှတ်တော်ရှေ့နေများကောင်စီသို့ နှစ်စဉ်ကြေးများ မှန်မှန်ပေးဆောင်ရမည့်အပြင် ရှေ့နေ အားလုံးသည် ရှေ့နေလုပ်ငန်းနှင့်စပ်လျဉ်း၍ ရရှိသော နှစ်စဉ်ဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ရ မည့်အခွန်အခများကို ပေးဆောင်ကြရန် တာဝန်ရှိသည်။

ထို့ပြင် တရားရုံးများ၊ တရားသူကြီးများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ အမှုသည်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးရမည့်တာဝန်များ၊ ရှေ့နေအချင်းချင်းနှင့်စပ်လျဉ်း၍ စောင့်ထိန်းထားရှိရမည့် တာဝန်များကို သတ်မှတ်ထားရှိသည်။ ရှေ့နေများသည် လုပ်ငန်းဆောင်ရွက်ရာ၌ တရားရုံးများ၊ တရားသူကြီးများ နှင့် ဆက်ဆံရသည်။ အမှုသည်များနှင့် ဆက်ဆံရသည်။ ရှေ့နေအချင်းချင်း ဆက်ဆံကြရသည်။ ဤသို့ ဆက်ဆံ ဆောင်ရွက်ရာတွင် မိမိတို့က မည်ကဲ့သို့ ဆက်ဆံရမည် နည်း။ မိမိတို့တွင် မည်သည့်တာဝန်များရှိသနည်း။ သတ် မှတ်ထားရခြင်းဖြစ်သည်။ မိမိ၏တာဝန်ရှိမှုကို သိကြရ မည်။ တာဝန်ရှိမှုသိမှ တာဝန်ယူတတ်မည်။ တာဝန်ခံမှု သိရှိမည်။ တာဝန်ရှိမှု၊ တာဝန်ခံမှုမှ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်ကြမည်။

 

အခွင့်အရေးများ

တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေ များသည် သတ်မှတ်ထားချက်များအတိုင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တရားလွှတ်တော်များ ယင်းတို့၏လက်အောက်ခံတရားရုံးများတွင် အမှုများကို လိုက်ပါဆောင်ရွက်နိုင်ခွင့်၊ ဥပဒေနှင့်အညီသက်သေခံချက်ရယူပိုင်ခွင့်ရှိသော အခြားခုံအဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ် ရှေ့တွင်ဖြစ်စေ၊ ဥပဒေအရလိုက်ပါဆောင်ရွက်ခွင့်ပြုထားသည့် အာဏာပိုင် သို့မဟုတ် ပုဂ္ဂိုလ်ရှေ့တွင်ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက် ခွင့်ပြုထားသည့်ကိစ္စရပ်များတွင်ဖြစ်စေ ဥပဒေနှင့်အညီ အမှုများလိုက်ပါဆောင်ရွက်ခွင့်ရှိကြသည်။
အချုပ်သားများ၊ အကျဉ်းသားများနှင့် တွေ့ဆုံစကား ပြောကြားခွင့်၊ အမှုများလိုက်ပါဆောင်ရွက်ရသည့် အတွက် ရှေ့နေခရယူပိုင်ခွင့်၊ ကော်မရှင်နာ သို့မဟုတ် ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်းခံရသည့်အခါ ထိုလုပ်ငန်း တာဝန်များကို ထမ်းဆောင်ရသည့်အတွက် လုပ်အားခ ငွေများရရှိခံစားနိုင်ခွင့်တို့ကို သတ်မှတ်ချက်များနှင့်အညီ ရယူခွင့်ရှိသည်။
ရှေ့နေအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်က အခါအားလျော်စွာပြဋ္ဌာန်းထားသည့် ဥပဒေ များနှင့်အညီ ရှေ့နေအသင်းများကို ဒေသအလိုက်ဖွဲ့စည်း ၍ ရှေ့နေလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးနှင့် ရှေ့နေများ စည်းလုံးညီညွတ်ရရှိရေးတို့အတွက် ဆောင်ရွက်ခွင့်ရှိကြသည်။

 

ရှေ့နေများ၏အရေးပါမှုအခန်းကဏ္ဍ

ရှေ့နေများသည် ခေတ်အဆက်ဆက် တရားစီရင်ရေး ကဏ္ဍတွင် တရားစီရင်ရေးမယိမ်းမယိုင် တည့်မတ်စေ ရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍတို့တွင် အရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးကြရသည်။ ယနေ့ ဒီမိုကရေစီခေတ်ကာလတွင် ရှေ့နေများ၏အရေးပါမှု အခန်းကဏ္ဍ ပို၍မြင့်မားလာနေပြီဖြစ်သည်။ နိုင်ငံ၏ ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍတို့တွင်ပါ ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ခွင့် ရရှိနေကြသည်။

တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံးအနှစ် ၂၀ ထမ်းဆောင်ခဲ့ပြီးသူများ သို့မဟုတ် ထင်ပေါ်ကျော်ကြား သည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆရသူများသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် တရားသူကြီးချုပ်အဖြစ် လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးတွင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တွင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ပြည်ထောင်စုဒုတိယ ရှေ့နေချုပ်အဖြစ်လည်းကောင်း တာဝန်ပေးခံရခြင်း အခွင့်အရေးများ ရှိနေသည်။

တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သူများ သို့မဟုတ် ထင်ပေါ်ကျော် ကြားသည့်ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်ဖြစ်သည် ဟု နိုင်ငံတော်သမ္မတက ယူဆရသူများသည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် သို့မဟုတ် တရားသူကြီးများအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် လည်းကောင်း တာဝန်ပေးခံရခြင်း အခွင့်အရေးများရှိနေ သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၁ (က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ် သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်ဟူ၍ ပြဋ္ဌာန်း ထားသည်။


ရှေ့နေများသည် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရကာ သက်ဆိုင်ရာဥပဒေပြုလွှတ်တော်များဖြစ်သော ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ တွင် ပါဝင်၍ ဥပဒေပြုလုပ်ငန်းများ ဆောင်ရွက်နေကြသည်။

အုပ်ချုပ်ရေးကဏ္ဍအဆင့်ဆင့်တွင် တာဝန်ပေး အပ်နှင်းခြင်းခံရပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေကြသည်။တရားစီရင်ရေးကဏ္ဍတွင် တရားသူကြီး များအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရပြီး ပြည်ထောင်စု တရားလွှတ်တော်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များတွင် ပါဝင်၍ တရားစီရင်ရေးလုပ်ငန်များ ဆောင်ရွက်နေကြသည်။

ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ လူ့အခွင့်အရေး ကော်မရှင်၊ ပြည်ထောင်စုဥပဒေအထောက်အကူပြုပေး ရေးအဖွဲ့စသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင်လည်း ရှေ့နေများပါဝင်လျက် ကိုယ်စီတာဝန်များ ထမ်းဆောင်လျက်ရှိနေကြသည်။
ဤသို့ ရှေ့နေများ၏ အရေးပါမှုအခန်းကဏ္ဍ မြင့်မား လာသည်နှင့်အညီ ရှေ့နေများသည် လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်သိက္ခာများ၊ ထမ်းဆောင်ရမည့်တာဝန် များကို ပို၍ပို၍ အလေးအနက်ထားကာ လိုက်နာစောင့် ထိန်းကြရင်း ပြည်သူနှင့်နိုင်ငံတော်၏ ကောင်းကျိုး ချမ်းသာများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ကြသူ များ ဖြစ်ကြစေလိုကြောင်းပါဗျား။


ရှေ့နေများ၏အခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိ ခံစားနိုင်ကြပါစေ၊


ထမ်းဆောင်ရမည့်တာဝန်များ ကျေပွန်စွာ ဆောင် ရွက်နိုင်ကြပါစေ၊


စောင့်ထိန်းရမည့်ကျင့်ဝတ်သိက္ခာများ စောင့်စည်း ထိန်းသိမ်းနိုင်ကြပါစေ။


ကိုးကားချက်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားရုံးချုပ်ရှေ့နေများကောင်စီ၏ ရှေ့နေ၊ ရှေ့ရပ်များ ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေး များ။