ရေနံချောင်းမြို့နယ်တွင် နယ်မြေကျော် သယ်ဆောင်လာသော နွားများဖမ်းဆီးရမိ

ရေနံချောင်း    ၁၇ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၁၂ ဘီးယာဉ်ငါးစီးဖြင့် နယ်မြေကျော်သယ်ဆောင်လာသော နွားအကောင် ၁၀ဝ နှင့် လူ ၂၁ ဦးအား ဖေဖော်ဝါရီ ၁၄ ရက်က (၃၆)တံတားတိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီက နွားများတင်ဆောင်လာသော မော်တော်ယာဉ် (၅)စီးမှာ မကွေးမြို့ဘက်မှ ရေနံချောင်းမြို့ဘက်သို့ ထွက်ခွာသွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်း၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှူး မိုးညို၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးသိမ့်ဦးနှင့် သက်သေများနှင့်အတူ (၃၆)တံတားတိုးဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ထောက်ခံချက် အပြည့်အစုံပါရှိသော်လည်း တိုင်းအစိုးရ၏ နွားသယ်ဆောင်ခွင့်မပါခြင်း၊ ထောက်ခံချက်တွင် ပါရှိသော အရောင်နှင့် နွားအရောင်များ ကွဲပြားနေခြင်းတို့ကြောင့် ဥပဒေအရ အရေးယူပေးပါရန် နယ်ထိန်းခေါင်ဆောင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ နွားများအား နယ်မြေကျော်သယ်ဆောင်လာသော ယာဉ်မောင်း ဦးစိုးပိုင် အပါအဝင် ယာဉ်မောင်းငါးဦးနှင့် ယာဉ်ပေါ်လိုက်ပါလာသူ စုစုပေါင်း (၂၁) ဦးအား လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုစိုးကြီး(ပြန်/ဆက်)

 

ေ