ရေနံချောင်းမြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန် (၅) မျိုး ထောက်ပံ့ပေးအပ်

 

ရေနံချောင်း အောက်တိုဘာ ၁၂

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံလူတန်းစားပြည်သူများ၏ စားဝတ်နေရေး အထိုက်အလျောက် ပြေလည်စေရန် ရည်ရွယ်၍ ရေနံချောင်းမြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန် (၅) မျိုး ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်သည်။

 

mdn

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ စားဝတ်နေရေး ပြေလည်စေရန်အတွက် သက်သာချောင်ချိရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များကလည်း အခြေခံလူတန်းစား ပြည်သူများ စားဝတ်နေရေး အထိုက်အလျောက် ပြေလည်စေရန် ရည်ရွယ်ပြီး အခြေခံစားကုန်များကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း (၅၀၀) အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံဖြင့် အခြေခံစားကုန် (၅) မျိုးဖြစ်သည့် (ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်) တို့ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ စားသောက်ကုန်ရရှိသည့် အိမ်ထောင်စုများအနေဖြင့် များပြားသည့်ပမာဏ မဟုတ်ပေမဲ့ ထိုက်သင့်သည့် အကူအညီတစ်ခုတော့ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ရေနံချောင်းမြို့နယ်သည် စိုက်ပျိုးရေး ဖြစ်ထွန်းသည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကိုလည်း ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် စီးပွားရေးအရ အချက်အခြာကျသည့်မြို့၊ တိုင်းမြို့တော်နှင့်နီးပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်မြို့၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးခေါင်ရေရှားဒေသ ဖြစ်ခြင်းကြောင့် ရေရရှိရေးလုပ်ငန်းများကိုလည်း အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် အလျဉ်းသင့်သလို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုးနည်းတူစွာ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍစသည့် နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အခြေခံပညာကျောင်းများ၊ ရေနံချောင်းတက္ကသိုလ် အဆင့်မြင့်ပညာကျောင်းများ၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများ တည်ရှိပြီး ရေခံမြေခံ ကောင်းမွန်ပါကြောင်း၊ လက်ရှိ ရှိပြီးဖြစ်သည့် စက်မှုဇုန်နေရာမျိုးကိုလည်း ယခုထက် ဖွံ့ဖြိုးတိုးတက်အောင် အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် လိုအပ်သလို ကြီးကြပ်ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပြီး နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရ အနေနဲ့လည်း အများပြည်သူ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် တစ်ဖက်မှ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးစေရေး ဘက်စုံဆောင်ရွက်နေသကဲ့သို့ တစ်ဖက်ကလည်း မိမိ မိသားစု တစ်စုချင်းကလည်း ခြိုးခြံချွေတာပြီး စီးပွားရေးခိုင်မာ တောင့်တင်းအောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူတို့က အခြေခံစားကုန် (၅) မျိုးဖြစ်သည့် (ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်) တို့ကို အခြေခံ လူတန်းစားပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

 

mdn

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းတက္ကသိုလ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ကျပ် (၇၇၀ ဒသမ ၃၃၆) သန်းဖြင့် တည်ဆောက်လျက်ရှိသည့် Three Storyed (RCC) (၃) ထပ် ကျောင်းဆောင်တည်ဆောက်ခြင်း လုပ်ငန်းသို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် Shwe Beikman Co.,Ltd မှ တာဝန်ရှိသူများနှင့် ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ ချိုချိုမြင့်တို့မှ (၃)ထပ် ကျောင်းဆောင်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံနှုန်းများနှင့်အညီ လုပ်ငန်းအန္တရာယ် ကင်းရှင်းစွာဖြင့် သတ်မှတ်ကာလ အချိန်မီပြီးစီးရေးနှင့် အခြားလိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)