ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများတိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ် ခြင်းလုပ်ငန်း၏ သဘောသဘာဝသည် အရင်းအနှီးများပြားပြီး စွန့်စားလုပ်ဆောင်ရမှု လည်းကြီးမားကြောင်း၊ ခေတ်မီနည်းပညာများအသုံးပြုခြင်းဖြင့်သာ စွန့်စားလုပ်ဆောင်ရမှု (Risk)ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများပြားသဖြင့် ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများကို ပါဖိတ်ခေါ်ဆောင်ရွက်ကြရပါကြောင်း၊ ရေရှည်လုပ်ငန်း ဖြစ်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ရသည်ဖြစ်၍ နှစ်ဘက် သဘောတူစာချုပ်စာတမ်းများ ချုပ်ဆိုဆောင်ရွက်ကြရာတွင် နိုင်ငံတော် အတွက်ဆုံးရှုံးနစ် နာမှုမရှိစေရေး သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်သည့်ဥပဒေပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်၍ သေချာသည့်စည်းနှောင်မှုများဖြင့် ချုပ်ဆိုင်နိုင်ရန်အရေးကြီးကြောင်း၊ နိုင်ငံ တော်၏စွမ်းအင်အရင်းအမြစ်များသည် ကန့်သတ်ချက်ရှိသည့် Limited Resource များဖြစ်၍ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများဖြစ်သည့်အားလျော်စွာ သတိကြီးစွာထား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း။

သဘာဝဓာတ်ငွေ့များကို ကုန်ကြမ်းအနေဖြင့်အသုံးပြုနေခြင်းထက် ရေရှည်တွင် ထုတ်ကုန်အဖြစ်ပြောင်းလဲထုတ်လုပ်သွားရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု လက်ရှိ သဘာဝဓာတ်ငွေ့ထုတ်လုပ်ပေးလျက်ရှိသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်း များသည် နှစ်ကာလကြာမြင့်ပြီဖြစ်သဖြင့် အချို့စီမံကိန်းများသည် ထွက်ရှိမှုလျော့နည်း ကျဆင်းလာနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိစီမံကိန်းများကို တိုးမြှင့်ထုတ်လုပ်နိုင် ရေး၊ ဆောင်ရွက်ဆဲစီမံကိန်းများကို သတ်မှတ်ထားသည့်အချိန်အတွင်း ပြီးစီးရေး၊ စီမံကိန်း အသစ်များထပ်မံဖော်ဆောင်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကုန်းတွင်းနှင့် ကမ်းလွန်စီမံကိန်းများမှ ရေနံ နှင့်သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရေတိုရေရှည် ဆောင်ရွက်သွားမည့် အစီအမံများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်