ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

 

“မောင်မောင်ဦးနဲ့ နန်းကိန္နရီတို့ တွေ့သွားလည်း ဘာအရေးလဲကွယ်။ ညီမအနေနဲ့ ကင်းကင်းရှင်းရှင်း နေလိုက်ရင် ပြီးတာပဲမဟုတ်လား” ဆိုခဲ့သေးသည်။

 

“မဟုတ်ပါဘူး အစ်ကိုထွန်း၊ သူဟာ ဘယ်တုန်းက ကောင်းကျိုးပေးခဲ့ဖူးလို့လဲ။ သူတို့နဲ့ ပတ်သက်လို့ ခင်ကြီးတို့ ဘယ်နှခါများ စိတ်ချမ်းသာရဖူးလို့လဲ။ ဒါကြောင့် ခင်ကြီးနဲ့ ပတ်သက်လာသမျှ လူတိုင်းကို သင်းနဲ့ မဆက်စပ်စေချင်တာပါ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး နာနာကြည်းကြည်း ဆိုခဲ့မိသည်။

 

အထူးသဖြင့် ဒေါ်ရေနံ့သာခင်ခင်ကြီးသည် နန်းကိန္နရီအား ထိုသူနှင့်မဆက်စပ်စေချင်ဆုံးဖြစ်သည်။ ယခုတော့ မဆက်စပ်စေချင်ဆုံးသူက အဆက်စပ်ဆုံး ဖြစ်နေသည်။

 

နန်းကိန္နရီ ပြန်လာလျှင် ပွင့်ပွင့်လင်းလင်း ဖွင့်ဟတားဆီးမည်ဟု စိတ်ကူးသည်။ နန်းကိန္နရီ တော်တော် နှင့် ပြန်မလာသောအခါ စိတ်အနှောင့်အယှက် ဖြစ်ရသည်။

 

“သင်း လူ့လောကမှာ ရှိနေသရွေ့ ဒီသံသရာဟာ ဆက်ပြီးရှည်နေဦးမှာပဲ”

 

သည်စဉ်က သည်အတွေးမျိုး ဒေါ်ရေနံ့သာခင်ခင်ကြီး၌ တစ်ကြိမ်ပေါ်ပေါက်ခဲ့ဖူးလေသည်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ အံကို တင်းတင်းကြိတ်မိသည်လည်း ရှိသည်။ နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်မိသည်လည်း ရှိသည်။

 

ကိုမောင်မောင်ဦးနှင့် ပတ်သက်၍ သည်းခံနိုင်စွမ်းသော အတိုင်းအတာသည် မိမိ၌ကုန်ဆုံးခဲ့ပြီဟု ထင်သည်။ ယခုတော့လည်း အရာရာအတွက် စိတ်မရှည်နိုင်အောင်ပါပဲကလား။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ဒရိုင်ဘာအား ခေါ်ယူလိုက်သည်။ မော်တော်ကား အသင့်လုပ်ထားရန် ပြောလိုက်သည်။ ဒရိုင်ဘာကကားကို အသင့်ဖြစ်စေရန် ဆင်ဝင်အောက်သို့ မောင်းလာချိန်၌ သူမသည် အဝတ်အစား လဲလှယ်ဝတ်ဆင်လျက်ရှိသည်။

 

အဝတ်ခေါက်များအောက်မှ သေနတ်ကို လက်နှင့် မတော်တဆတိုက်မိသည်။

 

သေနတ်။ ဗိုလ်မှူးညိုထွန်း၏ သေနတ်။

 

ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သေနတ်ကို အဝတ်ခေါက်များအောက်မှ စမ်းသပ်ထုတ်ယူလိုက်သည်။ ထို့နောက် လက်မှာကိုင်ကာ ကြာမြင့်စွာ စူးစိုက်ကြည့်နေမိသည်။

 

သေနတ်၏အဆင်းမှာ လှပသည်။ သွက်လက်သည်။ ပြောင်လက်နေသည်။ မိမိအား ကိုင်ပါယူပါဟု ဖိတ်ခေါ်နေသယောင်ပင်။

 

သေနတ်ကို ယူသင့်၊ မယူသင့် ချီတုံချတုံ ဖြစ်နေသည်။ ယူမည်ပြုပြီးမှ အဝတ်ခေါက်များအောက်သို့ ပြန်လည်ထိုးသွင်းလိုက်မိသည်။ အံဆွဲကို ဖြည်းညင်းစွာ ပြန်ပိတ်လိုက်သည်။ စိတ်ထဲမှာ တစ်စုံတစ်ရာ အတွက် မတင်မကျ ရှိရသလိုပင်။

 

သို့နှယ်ပင် ဒေါ်ရေနံ့သာခင်ခင်ကြီး အိမ်ပေါ်မှဆင်းလာခဲ့သည်။ ဆင်ဝင်အောက်တွင် ရပ်ထားသော မော်တော်ကားအတွင်း ဝင်ထိုင်လိုက်သည်။

 

“ဘယ်သွားမှာလဲ မမ”

 

ဒရိုင်ဘာက မေးသည်။

 

“နန်းကိန္နရီသွားတဲ့နေရာ”

 

ဒေါ်ရေနံ့သာခင်ခင်ကြီး ပြတ်ပြတ် တောက်တောက် အမိန့်ပေးလိုက်လေသည်။

 

မိမိ၏ ရင်တစ်ခုလုံးပေါက်ကွဲခဲ့ရပြီဟု နန်းကိန္နရီထင်သည်။ ရင်ထဲမှာ ဘာမျှမရှိတော့သလို ဟာနေသည်။ သို့တိုင်အောင် နာကြည်းကြေကွဲခြင်းကို ခံစားနေရဆဲဖြစ်သည်။

 

မိမိနားကိုပင် မယုံချင်။ ဖြစ်နိုင်မည်ဆိုလျှင် အရာအားလုံးကို အိပ်မက်သာ ဖြစ်စေချင်သည်။ ကိုမောင်မောင်ဦး၏ စကားအားလုံး၊ မိမိကိုယ်တိုင် ကိုမောင်မောင်ဦးထံ ရောက်လာရသည့် အဖြစ်အားလုံး၊ ကြုံခဲ့သမျှ၊ ဆုံခဲ့သမျှ အရာအားလုံး၊ အို အားလုံးပဲ။ အားလုံးပဲ။ ဖြစ်ရပ်အားလုံး အိပ်မက်သာဆိုပါလျှင် အဘယ်မျှကောင်းလေမည်မသိ။

 

အိပ်မက်သာဆိုပါက အိပ်မက်မက်နေစဉ် တဒင်္ဂတွင်သာ ခံစားရမည်။ ယင်းအချိန်တွင်သာ နာကြည်းရှိုက်မက်ရမည်။ အိပ်မက်မှ လန့်နိုးလာချိန်တွင်မူ နာကြည်းရှိုက်မက်ရခြင်းတို့ကို ရယ်မော ပစ်မည်ဆိုက ပစ်နိုင်ပါသေးသည်။ သို့ကလိုမဟုတ်ဘဲ ဤသည်ကိုပင် အတိတ်ကောက်ကာ မြူးရွှင်မည်ဆိုက မြူးရွှင်နိုင်ပါသေးသည်။ အိပ်မက်ဟူသည် အဆိုးကို မြင်မက်လျှင် အကောင်း ဖြစ်တတ်သည်ဟု နိမိတ်ကောက်တတ်သူတို့က ဆိုကြသေးသည် မဟုတ်လား။

 

ယခုမူ ဖြစ်ရပ်တို့က အိပ်မက်မဟုတ်။ စိတ် အတွေးမဟုတ်။ တကယ်တမ်း ကြုံဆုံဖြစ်ပျက်နေ ကြခြင်းသာတည်း။

 

နန်းကိန္နရီ၏ရင်သည် ပြင်းစွာတုန်လှုပ်နေသည်။ သူ့တစ်ကိုယ်လုံးကိုလည်း ချောက်ချားမှုက လွှမ်းမိုး လျက်ရှိသည်။

 

ကိုမောင်မောင်ဦးက ရှည်လျားစွာရှင်းပြပြီးနောက် စကားဖြတ်လိုက်သောအခါ သူတို့အပါးမှာ တိတ်ဆိတ်ခြင်းသည် သာလျှင် ကြီးစိုးနေသည်။ နန်းကိန္နရီသည် တုန်လှုပ်ရလွန်းသောကြောင့် စကား မပြောနိုင်အောင် ရှိသည်။

 

နန်းကိန္နရီကိုကြည့်ကာ ကိုမောင်မောင်ဦး နားမလည်နိုင်အောင် ဖြစ်နေသည်။ စင်စစ် သူပြောသော စကားတို့ကြောင့် သည်မိန်းကလေးတွင် အံ့ဩခြင်းကို ခံစားရလိမ့်မည်ဖြစ်ကြောင်း သူကြိုတင် စဉ်းစားထားခဲ့သည်။ သည်အဖြစ်ကို ကြိုတင်မျှော်လင့်ခဲ့သည်။ သည်မျှ အတုန်တုန်အလှုပ်လှုပ် ဖြစ်လာလိမ့်မည်ဟုမူ သူမထင်ခဲ့။ မမျှော်လင့်ခဲ့။

 

မိမိနှင့် နန်းကိန္နရီတို့ ဖအေတူမအေကွဲ မောင်နှမတော်စပ်ကြောင်းကြားရလျှင် ဝမ်းမြောက်ဝမ်းသာ မရှိနိုင်သည့်တိုင် ကျေနပ်ခြင်းရှိလိမ့်မည်ဟု မှတ်ယူခဲ့သည်။ ယခုမူ နန်းကိန္နရီ၏ အသွင်အပြင်တို့က ထူးခြားလှချေသည်တကား။

 

“ဦးမောင်မောင်ဦး ပြောတဲ့စကားတွေဟာ အမှန်တွေချည်းပဲလားဟင်”

 

နန်းကိန္နရီ အသံတုန်တုန်ဖြင့် မေးသည်။

 

“အမှန်တွေချည်းပဲပေါ့ နန်းကိန္နရီ။ မင်းညာတာ မကြိုက်ဘူး မဟုတ်လား။ ညာတာမကြိုက်တဲ့လူဟာ အညာမိမှာကိုလည်း စိုးရိမ်တတ်တယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ ကိုယ်ပြောတဲ့စကားတွေကိုယုံပါ”

 

“အရီ ယုံပါတယ်။ အခုဟာက မယုံတာမဟုတ်ဘူး ဦးမောင်မောင်ဦး၊ မယုံဝံ့တာပါ”

 

“မင်း အမှန်အတိုင်း သိချင်တယ်ဆို။ အခုအမှန်တွေ သိရပြီလေ။ အမှန်သိရပြန်တော့လည်း မယုံဝံ့ ပြန်ဘူးတဲ့လား နန်းကိန္နရီရယ်”

 

ကိုမောင်မောင်ဦး ညည်းညူသလို ဆိုလိုက်သည်။

 

နန်းကိန္နရီ၏မျက်ဝန်းတွင် မျက်ရည်ရစ်ဝဲလာလေပြီ။ ငိုရှိုက်လိုခြင်းက ကြီးစိုးထားသည်။ အော်ဟစ် ငိုယိုလိုက်ချင်သည်။

 

“ဒီလိုဆိုရင် ဒေါ်ရေနံ့သာခင်ခင်ကြီးဟာ အရီနဲ့ပတ်သက်လို့ အညာခံနေရတာပဲပေါ့။ အညာမိနေ တာပဲပေါ့။ သူ့ရဲ့အကြီးဆုံးရန်သူရဲ့ သမီးကို ပြုစုစောင့်ရှောက်မိသလို ဖြစ်နေတာပေါ့။ အို... ဒီအကြောင်းတွေ သူသိရရင် အရီ့ကိုမွေးစားခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လောက်များ ခံပြင်းလိုက်မလဲ၊ ဘယ်လောက်များ နောင်တရလိုက်မလဲ”

 

နန်းကိန္နရီ တစ်ကိုယ်တည်းပြောသလို ရေရွတ် ပြောဆိုနေသည်။

 

မျက်ရည်တို့သည် ပါးပြင်ပေါ်သို့ လိမ့်လျှော ကျဆင်းလာသည်။

 

“ဒီအတွက် မင်းအနေနဲ့ ဝမ်းနည်းစရာ ဘာမှမရှိပါဘူး နန်းကိန္နရီ။ ကိုယ့်မိဘကို ဘယ်သူဘယ်ဝါလို့ မသိရတာနဲ့စာရင် သိလာရတာက ပိုပြီး စိတ်ချမ်းသာစရာ ကောင်းပါသေးတယ်ကွယ်”

 

ကိုမောင်မောင်ဦး နှစ်သိမ့်သည်။

 

“အရီ မှားပြီ”

 

“ဟင်”

 

“ဟုတ်တယ်၊ အရီမှားပြီ။ ဒီအကြောင်းတွေ သိနိုင်အောင် ကြိုးစားတာ အရီအမှားပဲ။ အရင်ကလို ဘာတစ်ခုမှ မသိတာကမှ အရီ့အတွက် ကောင်းပါလိမ့်ဦးမယ်ရှင်”

 

ကိုမောင်မောင်ဦး ဘာမျှမပြောတတ်တော့သလို နန်းကိန္နရီ၏မျက်နှာကို စူးစိုက်ကြည့်နေသည်။

 

“ပြီးတော့လည်း အရီဟာ ဒီဦးကောင်းမိုးနဲ့ မခင်သန်းနွဲ့တို့ရဲ့ သမီးဖြစ်နေရမှာနဲ့စာရင် လူ့လောကမှာ လူလာမဖြစ်ခဲ့တာကမှ ကောင်းပါလိမ့်ဦးမယ်။ အရီ့ကိုယ်အရီ ဒီလောက်ကံဆိုးတဲ့ လူတစ်ယောက် ဖြစ်ခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ အို .. သူတို့ရဲ့သမီး ဖြစ်မယ့်အစား သေလိုက်တာကမှ ကောင်းပါလိမ့်ဦးမယ်”

 

နန်းကိန္နရီ၏ မျက်နှာမှာ ရုတ်ခြည်းတင်းမာလာသည်။ ရုတ်ခြည်း ခက်ထန်လာသည်။ မျက်ဝန်း များသည် နဂါးစောင်းမာန်နှယ် ဝင်းလက်လာသည်။

 

“ဖြစ်ချင်ဖြစ်ရင် အီရ့ကိုယ်အရီ လမ်းပေါ်က သူဖုန်းစားတစ်ယောက်ရဲ့ သမီးသာဖြစ်ချင်တယ်။ သုဘရာဇာရဲ့သမီးပဲ ဖြစ်ချင်တယ်။ အဲဒီလိုဖြစ်ခဲ့ရင် အရီဝမ်းသာမယ်။ အခုတော့ ဒီဦးကောင်းမိုးရဲ့သမီးမှ ဖြစ်လာရတယ်။ ဒီလူကြီးဟာ ဘယ်လောက်ကောက်ကျစ်ပြီး ဘယ်လောက် ယုတ်မာတယ်ဆိုတာ အီရ့ထက် ဦးမောင်မောင်ဦးက ပိုသိပါလိမ့်မယ်။ ပြီးတော့ မခင်သန်းနွဲ့။ သူကကော ဘာလဲဟင်။ မိန်းမရွှင်တစ်ယောက် မဟုတ်လား။ ဒီလိုလူမျိုးတွေကို မိဘတော်ရမယ့်အတွက် ဘယ်သူ ဝမ်းသာနိုင်မှာလဲ ပြောပါဦး”

 

နန်းကိန္နရီ၏စကားကြောင့် ကိုမောင်မောင်ဦး ကိုယ်တိုင် ခံပြင်းလာရသလိုရှိသည်။ ထိုစကား များအပေါ် မကျေနပ်နိုင်။ သို့ပေမဲ့ ယင်းမိန်းကလေး၏ စကားများကို မည်သို့ချေပရမည် မတွေးတတ်နိုင်သေး။

 

“ဒါပေမဲ့ ဒီလိုရှိတယ် နန်းကိန္နရီ”

 

ကိုမောင်မောင်ဦး တစ်စုံတစ်ခု ဖြေရှင်းမည် ပြုသည်။ သည်စဉ်

 

“ကိုမောင်မောင်ဦး”

 

အသံတစ်သံ ကြားရသည်။ အသံသည် အိမ် တံခါးဝဆီမှ လာသည်။ အသံကြောင့် ကိုမောင်မောင်ဦး ရော နန်းကိန္နရီပါ ဆတ်ခနဲတုန်သွားကြသည်။ အသံလာရာဆီသို့ လှည့်ကြည့်လိုက်မိကြသည်။

 

တံခါးပေါက် ပုဏ္ဏားကွယ်တိုင်ကိုကိုင်ကာ ရပ်နေ သူ တစ်ယောက်ရှိသည်။ သူက ...

ခင်သန်းနွဲ့။

 

စင်စစ် ခင်သန်းနွဲ့သည် ပုဏ္ဏားကွယ်တိုင်ကိုကိုင်ကာ ရပ်နေခြင်းနှင့်မတူ။ လဲပြိုမသွားစေရန် ထိန်းကိုင်ကာ ကိုယ်ကိုအနိုင်နိုင် မှေးမှီထားရသည်ဟု ထင်သည်။

 

ဆက်လက်ဖော်ပြပါမည်။