ရေနံ့သာခင်ခင်ကြီး

မောင်သိန်းဆိုင်

သူကလည်း နွယ်နွယ်ထွန်း၏စကားကို စိတ်ဝင်စားဟန်ပြသည်။

 

“ဟုတ်လား၊ ဆိုပါဦး။ မိန်းကလေးက ဘယ်ကလဲဟင် ”

 

“ကျွန်မ ရန်ကုန်ကပါ၊ ဒါပေမဲ့ ရေနံချောင်းဇာတိပါ”

 

“ရေနံချောင်းကို အလည်လာတာလား”

 

“ဟုတ်ပါတယ်။ ဒီမှာက ကျွန်မ ဦးလေးနဲ့ အဒေါ်ရှိပါတယ်။ ကျွန်မနာမည် နွယ်နွယ်ထွန်းလို့ ခေါ်ပါတယ်။ ဆိုပါ ဦး၊ ဦးလေးက နန်းကိန္နရီကို ဘယ်လိုလုပ် သိနေတာလဲ”

 

“ဦးလေးအနေနဲ့ သူ့ကို သိပ်သိတယ်တော့ မဟုတ်လှပါဘူး။ မြင်ဖူးတွေ့ဖူးနေတာဆိုပါတော့။ မိန်းကလေးက နန်းကိန္နရီ နဲ့ အတော်ဆင်တာကလား”

 

“ဆင်ဆို ကျွန်မတို့က ဆွေမျိုးတွေကိုး ဦးလေးရဲ့”

 

နွယ်နွယ်ထွန်းသည် ပြောရင်းမှာပင် ခပ်ဟက်ဟက်ကလေး ရယ်မောလိုက်မိသည်။ မိမိရှေ့တွင် ရှိနေသော သူ၏မျက်နှာမှာ အပြောင်းအလွဲများစွာဖြစ်သွားသည်။ သူ၏အကြည့်ကလည်း မိမိမျက်နှာပေါ်သို့ ရဲရဲစူးစူး ကျရောက် လာသည်ဆိုခြင်းများကို တွေ့ရသောအခါ မှ ရယ်လိုက်မိခြင်းမှာ မှားနေသလားထင် ကာ အရယ်ရပ်လိုက်မိသည်။

 

သူသည် အကြည့်ကို နွယ်နွယ်ထွန်း၏ မျက်နှာမှ ပြောင်းလွဲလိုက်ကာ ညည်းညူသလို ဆိုလိုက်လေသည်။

 

“မိန်းကလေးဟာ ဒေါ်ရေနံ့သာ ခင်ခင်ကြီးရဲ့ သမီးများလားကွယ်”

 

နွယ်နွယ်ထွန်း၏ စိတ်သန္တာန်သည် ပြန်လည်တက်ကြွလာသည်။ ပြန်လည် ပျော်ရွှင်လာသည်။ ရေနံချောင်းသို့ ရောက်ရှိလာပြီးနောက် သူ၏မိခင်နှင့် ပတ်သက်၍ မေးစမ်းသူ တစ်ဦးတစ် ယောက်မျှ မရှိခဲ့။ ပတ်ဝန်းကျင်သည် ဒေါ်ရေနံ့သာ ခင်ခင်ကြီးဆိုသည်ကို မေ့ပျောက်နေခဲ့ပြီ ဖြစ်ဟန်ရှိသည်။ ယခုလို တကူးတကန့်မေးလာသူနှင့် ကြုံရသောအခါ နွယ်နွယ်ထွန်း အမှန်ပင် ဝမ်းသာသည်။

 

“ဦး ကျွန်မမေမေကို သိလို့လားဟင်”

 

နွယ်နွယ်ထွန်း၏အမေးကို သူက ခေါင်းညိတ်အဖြေပေးသည်။

 

“ဦးက ရေနံချောင်းကပဲပေါ့”

 

“ဆိုပါတော့”

 

“ဪ ဒါကြောင့်ကိုး”

 

“ဒါပေမဲ့ မင်းမေမေနဲ့တော့ သိပ်မရင်း လှပါဘူး။ မင့်ဖေဖေ ကိုမောင်မောင်ဦးနဲ့ ကတော့ ရင်းပါတယ်”

 

“ဖေဖေနဲ့ သိတယ်”

 

“သိတယ်ဆိုတာထက် ငယ်သူငယ်ချင်း တွေလို့ ပြောလို့ရပါတယ်”

 

“ဟုတ်လား၊ ဒီလိုဆိုရင် ဦးနဲ့တွေ့ရတာ ကျွန်မ သိပ်ဝမ်းသာတာပဲ။ ကျွန်မက ဖေဖေနဲ့ ပတ်သက်တဲ့လူတွေကို သိပ်တွေ့ချင်နေတာ”

 

“အခု မင်း ရေနံချောင်းကို ဘယ်သူနဲ့ လာတာလဲဟင်”

 

“ကျွန်မ မေမေနဲ့ပါ။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးနဲ့ပါ”

 

သူသည် နွယ်နွယ်ထွန်း၏စကားကို မကြားမိသလို ရှိသည်။ သူ၏မျက်နှာသည် မှိုင်းလာသည်။ မျက်လုံးများလည်း ဝေရီလာသည်။ သူသည် တစ်ကိုယ်တည်း တစ်စုံတစ်ရာကို တီးတိုးရွတ်ဆိုသည်။

 

“ဪ... အခုတော့ ခင်ခင်ကြီးဟာ သမီးအရင်းနဲ့ ပြန်ပြီးတွေ့နေပြီကိုး”

 

ထို့နောက် သူသည် နွယ်နွယ်ထွန်း ဘက်သို့လှည့်လိုက်ကာ

 

“ဦးလည်း မိန်းကလေးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ နောက်များမှ ဆုံကြ သေးတာပေါ့ကွယ်” ဆိုသည်။

နွယ်နွယ်ထွန်းအနေနှင့် ဝမ်းသာအားရ စကားပြောလိုလှလျက်ရှိသော်လည်း သူ့အနေနှင့် စကားဆက်ပြောလိုပုံမရချေ။ သူသည် နွယ်နွယ်ထွန်းနှင့် မျက်နှာ ချင်းဆိုင်နေသည်ကိုပင် ဝန်လေးဟန်၊ မလုံမလဲရှိနေဟန်တူသည်။ စကားကို ခပ်တိုတိုဖြတ်ကာ လှေကားအတိုင်း ဆက်လက်တက်သွားသည်။ နွယ်နွယ်ထွန်းသည် သူ့အမူအရာကို နားမလည်နိုင်ဘဲ ကြောင်ငေးကြည့် နေရာမှ တစ်စုံတစ်ရာကို သတိရမိသလို လှမ်းပြောမိသည်။

 

“ဒါထက် ဦးနာမည်က ဘယ်သူလဲ ဟင်။ ဦးနဲ့တွေ့ချင်ရင် ဘယ်မှာလာတွေ့ ရမလဲ”

 

သူသည် ခြေလှမ်းတုံ့သွားရပြန်သည်။ နောက်သို့လှည့်ကြည့်လာသည်။

 

“ဦးရဲ့နာမည်က အကြောင်းမဟုတ်ပါ ဘူး။ ဦးနဲ့တွေ့ချင်ရင်တော့ ဒီပတ် ဝန်းကျင်ကိုပဲ လာပေါ့ကွယ်။ ဒီပတ်ဝန်း ကျင်မှာ ဦးရှိတတ်ပါတယ်”

 

ထို့နောက် သူသည် လှေကားအတိုင်း တက်ရောက် ပျောက်ကွယ်သွားလေသည်။

 

နွယ်နွယ်ထွန်း၏စိတ်ထဲမှာ အဆန်း တကြယ်ဖြစ်၍ ကျန်ခဲ့ရသည်။ အံ့သြ တွေဝေမှုကို ခံစားနေရသည်။ ဘယ်လို လူပါလိမ့်။ အဘယ့်ကြောင့် သည်မျှ အဆောတလျင် ရှောင်ဖယ်ချင်ရပါလိမ့်။ နွယ်နွယ်ထွန်း မတွေးတတ်ချေပြီ။

 

နွယ်နွယ်ထွန်းသည် စနေနံဘုရားသို့ တစ်ရက်ခြားလောက်တွင် တစ်ခေါက် ရောက်ခဲ့သေးသည်။ သို့ရာတွင် သူ၏အရိပ် အယောင်ကိုသော်မျှ မတွေ့ရတော့ချေ။

 

သည်ရက်များအတွင်းဝယ် ချောက် မြို့သို့သွားရန် ဦးခင်မောင်ညွန့်က အဆိုပြုလာလေသည်။ ရေနံချောင်းမှသည် ချောက်သို့ နွယ်နွယ်ထွန်းတို့ အလည် အပတ် ရောက်ရှိခဲ့ရပြန်ပေသည်။

 

တကယ်တမ်း ပြောရမည်ဆိုပါက ရေနံမြေဆိုသော်လည်း ရေနံချောင်းသည် ရေနံမြေ မပီသချေ။ ရေနံမြေစစ်စစ်သည်ကား ချောက်သာလျှင် ဖြစ်လေသည်။ ရေနံချောင်း ရေနံမြေသည် လူနေအိမ်ခြေနှင့် တစ်ကန့်စီ တစ်သန့်စီလိုဖြစ်နေသည်။ ရေနံအလုပ်အပြင် ရောင်းဝယ်ဖောက်ကားခြင်းလည်း ထွန်းကားသည်။ ထို့ကြောင့် အလုပ်သမားမြို့တော်ဟု သတ်သတ်မှတ်မှတ်ခေါ်ယူ၍မရ။ ချောက် သည်သာလျှင် အလုပ်သမားမြို့တော် အစစ်ဖြစ်သည်။ အလုပ်သမားတိုင်းသည်လည်း ရေနံနှင့်မကင်းကြ။

 

ချောက်သို့ ဝင်ပြီဆိုကတည်းက စက်ရုံဥသြကိုလည်း ကြားရသည်။ ပျားပန်း ခတ်မျှ သွားလာနေကြသော အလုပ် သမားများကိုလည်း မြင်ရသည်။ ကြီးမား ထည်ဝါသော ရေနံချက်စက်ရုံကို တွေ့ရသည်။ လှုပ်ရှားနေသော မောင်းတက်များ၊ သံငြမ်းစင်များ။

 

ချောက်မြို့ကို ကြည့်မြင်ရသည်မှာ ပျားအုံတစ်အုံကို ကြည့်မြင်ရသည်နှင့် မခြားနားလှဟု နွယ်နွယ်ထွန်း ထင်သည်။ လူတိုင်း လှုပ်လှုပ်ရွရွ၊ ထထကြွကြွရှိသည်။ အားလုံး အလုပ်နှင့်လက်နှင့် မပြတ်သည့် ပမာဖြစ်သည်။ လုပ်သားမြို့တော်နှင့် လျော်ညီစွာ နေရာတကာမှာပင် အလုပ်သမားများကို မြင်တွေ့နေရသည်။ မရပ်နားသောမြို့၊ အစဉ်လှုပ်ရှားနေသောမြို့။

 

ချောက်၌ ဒေါ်ဝင်းရီနှင့် ဆွေရိပ်မျိုးရိပ် မကင်းသူများ ရှိကြသည်။ ဒေါ်ဝင်းရီ အနေနှင့် ရေနံတွင်းစားနှင့် အကြောင်းပါကာ ချမ်းသာကြွယ်ဝနေသော်လည်း ဆွေမျိုးအသိုက်အဝန်းတို့သည်ကား ရေနံ အလုပ်သမား ဘဝမှာသာ ရှိနေသေးကြောင်း တွေ့ရသည်။ ရေနံတွင်းရိုး တွင်းစားတို့အနေနှင့် စိန်ကို ပြည်တောင်းနှင့် ခြင်တွယ်နေရစေကာမူ ရေနံလုပ်သား တို့သည်ကား လုပ်သားသာလျှင် ဖြစ်နေကြပေသေးသည်။ ခေတ်အဆက်ဆက်ပြောင်းခဲ့သည်နှင့်အမျှ အခွင့်အရေး ရသည် မရသည်၊ ဘဝဖူလုံမှုရှိသည် မရှိ သည်၊ အာမခံချက်ရှိသည် မရှိသည်သာလျှင် ကွာခြားနေပေသည်။

 

နယ်ချဲ့အစိုးရလက်ထက် အရင်းရှင် ကုမ္ပဏီများက ရေနံမြေကို အဆီစား အသားမျိုနေစဉ်ကဆိုလျှင် အလုပ်သမား အိုပြီဆိုပါက မခိုင်းချင်တော့။ ပျိုမျစ်သူကိုသာ အလိုရှိကြသည်။ သို့မှသာလည်း တွက်ချေကိုက်သည်ဟု မှတ်ယူပုံရသည်။ တစ်သက်လုံး လက်တွဲလုပ်ကိုင် လာသည်ကိုပင် မထောက်ထားဘဲ အလုပ်မှ ရပ်စဲလိုက်တတ်သည်။ ဤသည် ကိုထား၊ သူတို့အနေနှင့် တွက်ခြေမကိုက်ဘူး ထင်လျှင် အလုပ်သမားတို့၏ စားဝတ် နေရေးနှင့် မှီခိုအားထားနေသူတို့၏ မျက်နှာကိုမျှမထောက်ဘဲ အလုပ်ရပ်စဲ ပစ်ခြင်းတို့ ရှိခဲ့သည်။ ငတေမာပြီးရော သဘောထားတို့ ရှိခဲ့သည်။ ယခုမူ သည်သို့မဟုတ်။ အသက် ၆၀ ကျော်ပင် ဖြစ်စေကာမူ ကျန်းမာရေးကောင်းပါက သင့်လျော်ရာဌာနမှာ ပြန်လည်အလုပ် လုပ်စေသည်။ သို့ဖြင့် အဘညိုတို့လို လုပ်သားကြီးများ သင့်လျော်ရာနေရာ၌ လုပ်အားပေးနိုင်ကြသေးသည်။

 

အလုပ်သမားရိပ်သာ၊ သက်သာ ချောင်ချိရေး၊ စာဖတ်ခန်း စသည်ဖြင့် စုံစုံညီညီရှိနေသည်ကို တွေ့ရသည်။

 

ယခင်က မျက်နှာဖြူများမှလွဲ၍ အသား ညို၊ အသားဝါတို့ အနားပင်မသီနိုင်သော၊ သီခွင့်မရခဲ့သော ရေကူးကန်၊ ကပွဲခန်းမ များရှိရာ ရိပ်သာမှာ လုပ်သားကောင်စီ၏ စည်းဝေးခန်းမနှင့် အပန်းဖြေရိပ်သာ ဖြစ်နေလေပြီ။

 

“ဟိုမှာ သခင်ဆာမိ”

 

ဦးခင်မောင်ညွန့်က တစ်နေရာသို့ လက်ညှိုးထိုးပြရင်း ဆိုသည်။ လှမ်းကြည့်လိုက်သောအခါ ပန်းပင်များကို ရေဖျန်း နေသော ဒိုတီဝတ် ကုလားလူမျိုးတစ် ယောက်ကို တွေ့လိုက်ရသည်။

 

သခင်ဆာမိသည် ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံတုန်းက မြန်မာလူမျိုးများ နှင့်အတူ ဥမကွဲသိုက်မပျက် ဆင်နွှဲပါဝင် ခဲ့သူတစ်ဦးဖြစ်သည်။ သပိတ်တပ်သားတစ်ဦး ဖြစ်ခဲ့သည်။ အရင်းရှင်ကို ဆန့်ကျင်ရာ၌ အမျိုးမတူ၊ ဘာသာခြားဟူ၍ သဘောမထားခဲ့ဘဲ ပါဝင်ခဲ့သူဖြစ်သည်။ စင်စစ် အလုပ်သမားဟူသည် ကုလား လည်းအတူတူ၊ ဗမာလည်း အတူတူပင်။ အရင်းရှင်၏ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသည့် နေရာတွင်လည်း အတူတူပင်။ ထို့ကြောင့်လည်း သခင်ဆာမိသည် အရင်းရှင်အား ဆန့်ကျင်ရာ၌ အတူ ပါဝင်ခဲ့ခြင်းဖြစ်မည်။

 

ဆက်လက်ဖော်ပြပါမည်။