ရေနံ့သာခင်ခင်ကြီး

 

မောင်သိန်းဆိုင်

 

သူသည် အိန္ဒိယသို့အပြီးပြန်ရန် ငြင်း ဆန်သူ၊ မြန်မာပြည်၌သာ အရိုးထုတ် မည့်သူဖြစ်သည်။ ဟိုစဉ်က ရေနံမြေ အလုပ်သမား။ ယခု အသက်ကြီးပြီ။ သို့သော် သူ့ကို ရိပ်သာမှာ မာလီ ပြန်ခန့်ထားသည်။ လစာ ပေးထားသည်။

 

၁၃ဝဝ ပြည့် အရေးတော်ပုံ၏ ကျေးဇူးတရားနှင့် နှောင်းလူတို့၏ ကျေးဇူးတရား သိတတ်တုံ့ပြန်မှုကို သခင်ဆာမိအပါ အဝင် လုပ်သားမြောက်မြားစွာတို့ ခံစား ခွင့်ရနေသည်ကို မြင်တွေ့နေရပေသည်။

 

ချောက်ကို နေ့အခါမှာ ကြည့်မြင်ရသည်ထက် ညအခါမှာ ကြည့်မြင်ရခြင်းက ပိုမိုလှပသည်ဟု ထင်သည်။ နွယ်နွယ်ထွန်းတို့ တည်းခိုသောအိမ်မှာ ကုန်းအမြင့်တွင်ရှိသည်။ ထို့ကြောင့်လည်း အပေါ်စီးမှ ကြည့်မြင်ရသည်သို့ ဖြစ်နေသည်။ ရှုခင်းသည် လေယာဉ်ပေါ်မှ မြင်တွေ့ရသည့် ရှုခင်းမျိုးဖြစ်နေသည်။ သီတင်း ကျွတ်၊ တန်ဆောင်တိုင်စသောအခါ ကာလမှာ မီးများထွန်းညှိထားသည့် သဖွယ်၊ မီးစောင်းတန်း အသွယ်သွယ် ပမာဖြစ်နေသည်။ စလေဓာတ်မြေသြဇာ စက်ဘက်သို့ လှမ်းကြည့်လိုက်လေတော့လည်း မာကျူရီမီးတို့ဖြင့် တန်ဆာဆင် ထားသော မီးမျှော်စင်ကိုမြင်တွေ့ရသည်။

 

နွယ်နွယ်ထွန်း အနှစ်ခြိုက်ဆုံးမှာ ချောက်ဘက်မှနေ၍ လမ်းရွာဘက်ကမ်းကို လှမ်းမြင်ရသော ရှုခင်းပင်ဖြစ်သည်။ ဧရာဝတီမြစ်အတွင်း ကမ်းပါးဆယ်၍ ရေနံတူးယူခဲ့သည်။ သို့ဖြင့် ဧရာဝတီ တစ်ဖက်ကမ်း၌ ကျောက်စီကမ်းပါးနှင့် ယင်းအထက်မှ ရေနံစင် အစီအရီကို တွေ့ရသည်။

 

နွယ်နွယ်ထွန်းတို့သည် ပုံတောင်ဘုရားသို့ တက်ရောက်ဖူးမြော်ကြသည်။ ရှင်မဟာရဋ္ဌသာရသည် ပုံတောင်နိုင်မော်ကွန်းကို သည်မှာ နေနားရေးသားခဲ့သည်ဟု အဆိုရှိသည်။

 

ဦးခင်မောင်ညွန့်က ရေနံမြေနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာ စကား အချို့ကို ပြောကြားခဲ့သည်။

 

ဦးခင်မောင်ညွန့်၏ စကားများအရ မြန်မာပြည်၏ အနာဂတ်မျှော်လင့်ချက်သည် ရေနံပေါ်၌ အများအားဖြင့် တည်နေသည်ဟု သိရသည်။ အတိအကျတော့ မဟုတ်။ ထင်ကြေးများအရ ဟိမဝန္တာမှ စတင်စီးဆင်းခဲ့သော ရေနံကြောကြီးသည် မြန်မာပြည်မြေလွှာအောက်တွင်ရှိသည်။ အိုင်ထွန်းနေသည်။ ပြည်တောင်တန်းနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ရေနံကြောများ လူ့သွေးကြောနှယ် ယှက်ဖြာနေသည်။ ယင်းရေနံကြောများသည် မြန်မာပြည်ကိုဖြတ်ကာ အင်ဒိုနီးရှားသို့တိုင် ပေါက်ရောက်သွားသည်။ အင်ဒိုနီးရှားသည် ရေနံကို အထူးတလည် ကြိုးစားထုတ်ယူရရှိနေသည်။ မြန်မာ ပြည်အနေနှင့်လည်း တစ်နေ့ထက်တစ်နေ့ ရေနံကို ပိုမိုထုတ်ယူနိုင်ရန် ကြိုးစားနေသည်။ မန်း၊ ရွှေပြည်သာ၊ စခန်းကြီးစသည်တို့တွင် ရေနံတွင်းသစ်များ၊ အစမ်းတွင်းများ ပေါ်ပေါက်လာကာ ရေနံထွက်ရှိနေပြီဖြစ်သည်။ မြေပြင် ဆိုက်စမစ်တိုင်းတာရေးနှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ အဏ္ဏဝါဆိုက်စမစ် တိုင်းတာရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လျက်ရှိသည်နှင့်အမျှ ရေနံတွင်းသစ်ပေါင်း မြောက်မြားစွာ ပေါ်ထွန်းလာရတော့မည်မှာ သေချာသည်။

 

အကယ်၍ ဟိမဝန္တာမှ စတင်စီးဆင်းလာသည်ဆိုသော ရေနံကြောများ မြန်မာ့မြေအောက်၊ ရေအောက်တွင်ရှိသည်၊ ရေနံတို့ အိုင်ထွန်းနေသည်ဟူသော အတွေးသာ မှန်ကန်ပါက မြန်မာပြည်သည် ရေနံတစ်ခုတည်းဖြင့် ကူဝိတ်၊ ဆော်ဒီအာရေးဗီးယား စသောနိုင်ငံများ ၏ကဲ့သို့ ချမ်းသာကြွယ်ဝသော နိုင်ငံအဖြစ်သို့ နေ့ချင်းညချင်း ရောက်ရှိနိုင်သည်။ ထိုအခါတွင် ပြည်တော်သာစီမံကိန်းကြောင့် မဟုတ်သော်လည်း လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ကားတစ်စီး၊ ဝင်ငွေ ၈၀၀ လောက်ကို ပျော့ပျော့နှင့် ရနိုင်မည်ဟု စိတ်ကူးယဉ်နိုင်ကြပေမည်။

 

“သိုက်စာဖတ်ရာ နားထောင်ပါ ဥစ္စာ ရနိုးနိုး” ဟူသော စကားရှိသည်။ ရေနံနှင့်ပတ်သက်၍ ကြားသိရသော စကားများမှာ ယင်းသို့ပင်ဖြစ်သည်။ တက်ကြွ အားရဖွယ်ကောင်းလှသည်။ ရေနံသည် မြန်မာပြည်၏ မကုန်ခန်းနိုင်သော ဘဏ္ဍာသိုက်ပင်ဖြစ်သည်။

 

သို့တိုင်အောင် သိုက်သမိုင်းဝတ္ထုများကဲ့သို့ ဒဏ္ဍာရီဆန်ခြင်းကား မရှိပါချေ။ ပကတိ လက်တွေ့အမြင်တွင်ပင် သိုက်အောင်သောကိစ္စတို့ ရှိနေသည်။

 

ဥပမာ မြန်အောင်ရေနံမြေကိုပင် ကြည့်။ ယခင်က ထန်းတောညိုညိုတွင် ကွင်းပြောင်ပြောင်ကိုသာ မြင်တွေ့ခဲ့ရ သော မြေအပြင်တွင် ယခုအခါ ရေနံတွင်းများ အလျှိုအလျှို ပေါ်ပေါက်လာသည်။ ယခင်က သည်မြေသည် သည်မျှတန်ဖိုး ကြီးမားလိမ့်မည်၊ မြေအောက်မှာ သည်မျှ အဖိုးတန်သော သယံဇာတများ သိုမှီးထားလိမ့်မည်ဟု မည်သူကမျှ မထင်ခဲ့။ သည်နယ်တစ်ဝိုက်မှ ရှေးကျသော ပုဂ္ဂိုလ်အချို့တို့ကလည်း သည်မြေသို့ ရေနံရှာဖွေရန် လာသည်ဆိုသောအခါ “သိုက်စာဖတ်ရာ နားထောင်ပါ ဥစ္စာ ရနိုးနိုး” ဟူသောစကားဖြင့် ပြက်ရယ်ပြုမိခဲ့ကြသည် အမှန်ပင်။ သို့သော် ယခုမူ တကယ်ဥစ္စာသိုက် ပေါ်ပေါက်လာရချေသည်။ စလန်ဘာဂျာ၊ ဘူမိဗေဒနှင့် ရေနံတွင်းတူး အင်ဂျင်နီယာ စသော သိုက်ဆရာတို့သည် ကဝေများနှယ် ပညာကြွယ်ကြပါပေသည်။ အံ့သြချီးမွမ်းကြရလေပြီ။ ထန်းတောညိုတို့ အကြား၊ လယ်ကွင်းတို့အလယ်၌ ရေနံတွင်းတို့ အလျှိုလျှို ပေါ်ပေါက်လာသည်ကိုလည်း မျက်မြင်တွေ့ကြရပြီ။ မီးရှို့ထားသော ဓာတ်ငွေ့တွင်းတို့မှ ထိန်လင်းသော မီးရောင်များကို တွေ့ကြရပြီ။ မြန်အောင်ရေနံ မြေ၌ ၁၉၆၉ ခုနှစ် ပတ်ဝန်းကျင်က တွင်းပေါင်း ၅၈ တွင်း တူးခဲ့ရာ ၄၄ တွင်း အောင်ခဲ့သည်။ ၁ဝ တွင်းကို ယာယီပိတ်ထားခဲ့သည်။ ခြောက်တွင်းက လေတွန်း ကန်အားများသည်။ အန္တရာယ်မကင်း၍ ပိတ်ရသည်။ လေးတွင်းက ထွက်အားနည်းသည်။ ရသောရေနံနှင့် စုပ်ခ မမျှ၍ ပိတ်ရသည်။ သုံးတွင်းက ရေအားသန်သည်။ တစ်တွင်းကို ရေလွှမ်းစီမံကိန်းအတွက် ထားရသည်။ တွင်းအောင်စက တစ်နေ့အထွက်နှုန်း ပီပါ ၈ဝဝဝ ဖြစ်သည်။ နောက်တော့ ပျမ်းမျှ ၇၂၀၀ ထွက်သည်။ ရေနံက အပါးစား။ ချောက်၊ ရေနံချောင်း ရေနံမြေတို့မှထွက်ရှိသော ရေနံထက် အမျိုးအစား ကောင်းသည်။ ယင်းဒေသမှ ထွက်သောရေနံက အထူစား။ ရေနံအထူစားသည် ဖယောင်းများသည်။ ရေနံအပါးစားက ဖယောင်းအထွက်နည်းသည်။ ရေနံတစ်ပီပါကို စရိတ်စက နုတ်ပြီး တန်ကြေး ကျပ် ၂၀ ထား။ မြန်အောင်ရေနံမြေမှ ထွက်သမျှ ရေနံကြောင့် တိုင်းပြည်ဘဏ္ဍာတော် စာရင်းတွင် တစ်နေ့လျှင် ငွေကျပ် တစ်သိန်းလေးသောင်းကျော် သပိတ်ဝင် အိတ်ဝင် ဖြစ်လာရချေသည်။ တစ်လတွင် လေးသန်းကျော် ဖြစ်သည်။

 

ရေနံချောင်းနှင့် ချောက်ရေနံမြေတို့ အကြောင်းကို ကြားသိရသည်ကမူ ဝမ်းနည်းဖွယ် ကောင်းနေသည်။ ယင်း ဒေသရှိ ရေနံတွင်းတို့မှာ ရေနံအထွက်နှုန်း ကျဆင်းနေပြီဖြစ်သည်။ အဆီခန်း၊ အသားကုန်နေသော သူအိုတို့နှင့် ပမာတူနေသည်။ အဘွားအို၏ နို့ပျဉ်းကျများလိုဖြစ်နေသည်။ ရေနံတွင်း မည်ကာမတ္တများ ဖြစ်နေကြပေပြီ။ စင်စစ် အိုလည်း အိုမင်းလှပြီဖြစ်သည်။ သည်ကြား ဒုတိယကမ္ဘာစစ်အတွင်းက အရင်းရှင်များ မြေလှန်စနစ်ဖြင့် ဖျက်ဆီးခဲ့ကြရာမှ ရရှိခဲ့ သော ဒဏ်ရာဒဏ်ချက်များကြောင့် နာတာရှည် လူမမာများလို ဖြစ်နေကြပေသည်။

 

သို့တိုင်အောင် ချောက်ရေနံမြေမှ ပုဂ္ဂိုလ်အချို့တို့သည်ကား သည်မြေသည်ဒေသ၌ ရေနံပေါကြွယ်ဆဲဟုပင် အထင်ရှိကြသည်။ ငယ်ရွယ်ပျိုမျစ် အသစ်အသစ်သော တွင်းတို့ကို ဖွားမြင် စေသလို အဘွားအိုအားလည်း ဆေးကုစေချင်ကြပေသည်။ တစ်လောကပင် ဓာတ်မြေသြဇာစက်အတွက် ဓာတ်ငွေ့တွင်းတူးရာမှ မမျှော်လင့်ဘဲ ရေနံတစ်နေ့ ပီပါ ၂၀၀ ထွက်သည့် တွင်းတစ်တွင်း ပေါ်ပေါက်လာသည်။ ဤသည်မှာ သည်နယ်သည်ဒေသ၌ ရေနံမခန်းသေး၊ မကန်းသေးသည့် အကြောင်းကို ပြသည်ဟု ထင်ကြသည်။ သို့သော် ယင်းတွင်းမှာ ကုလားထိုင်ပေါ်က ဆရာကြီးများ၏ အမိန့်ကြောင့် ပြန်ပိတ်လိုက်ရသည်ဟု အဆိုရှိသည်။ အကြောင်းက သည်သို့ ဖြစ်သည်။ ဓာတ်မြေသြဇာစက်အတွက် ဓာတ်ငွေ့တွင်းတူးသည်။ မမျှော်လင့်ဘဲ အထွက်သန်သည့် ရေနံတွင်းကို တွေ့ရသည်။ လိုသည်မှာ ရေနံမဟုတ်။ ဓာတ်ငွေ့သာ ဖြစ်သည်။ ထို့ကြောင့် ယင်းတွင်းကို ပိတ်ရမည်ဟု အမိန့်ရှိသည်။ နှမြောလှစွာနှင့် ပိတ်ခဲ့ရသည်။ တွင်းတစ်တွင်း တူးသည်ဆိုသည်မှာ လွယ်ကူသောကိစ္စ မဟုတ်။ ငွေ သိန်း ၃၀ မှ သိန်း ၄၀ အကြား၊ ထိုထက်များချင်လည်းများ၍ ကုန်ကျသည်။ တွင်းကို ပိတ်လိုက်ရသည်ဆိုပါက ဘဏ္ဍာငွေ အလဟဿဖြစ်ရမည်။ ရေနံတွင်းအဖြစ်နှင့်ပင် ရေနံ ဆက်လက် ထုတ်ယူစေချင်သည်။ ဤသည်ကို အလုပ်သမားကောင်စီနှင့်ညှိနှိုင်း၍ အထက်သို့ တင်ပြကြသည်။ ထိုအခါကျမှ ရေနံထုတ်ယူစေ အမိန့်ရသည်။ သို့သော် ရေနံပြန်လည်ထုတ်ယူ သောအခါ၌ကား ပီပါ ၅ဝ ပင် မထွက်ချင်တော့။

 

မည်သို့ပင်ဆိုစေ ရေနံနှင့်ပတ်သက် ရာ ပတ်သက်ကြောင်းတို့ကို ကြားသိရ သည်မှာ ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား စသော ရတနာတွင်းတူးသူတို့ကဲ့သို့ မျှော်လင့်ချက်လှလှ ရရှိစေသည်လည်းအမှန်။ ထီထိုးထားသူတစ်ယောက် အိပ်မက်ကောင်း မြင်မက်သည့်ပမာ စိတ်ကူးယဉ်စရာ ကောင်းလှသည်လည်း အမှန်ပါပင်။

 

ဆက်လက်ဖော်ပြပါမည်။