ဗီယင်နာ  မတ်  ၂

ရေနံတင်ပို့သော နိုင်ငံများအဖွဲ့ (အိုပက်)နှင့် ၎င်း၏ မဟာမိတ်အိုပက်ပလပ်စ်အဖွဲ့တို့သည်   ရေနံစိမ်းထုတ်လုပ်မှုကို  လာမည့်ဧပြီလတွင်   တိုးမြှင့်သွားမည်ဟု  အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆော်ဒီအာရေဗျနှင့်  ရုရှားနိုင်ငံတို့အပါအဝင် အဓိကရေနံထုတ်လုပ်သူများအဖွဲ့သည် မတ် ၁ ရက်က   အွန်လိုင်းမှတစ်ဆင့်   အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ရာ လာမည့်ဧပြီလတွင်  တစ်ရက်လျှင် ရေနံ စည်ပေါင်း ၂၀၆၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းမှာ ဒီဇင်ဘာလက နောက်ဆုံးတိုးမြှင့်ထုတ်လုပ်မှုထက် ရေနံစည်  ၇၀၀၀၀ နီးပါး ပိုမိုများပြားလာမည်ဖြစ်သည်။

အီရန်နိုင်ငံ၏ တာစနင်မ်သတင်းဌာနက ဟော်မုဇ်ရေလက်ကြားကို ဖေဖော်ဝါရီ   ၂၈  ရက် ညပိုင်း တွင် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း၊ ယင်းရေလက်ကြားမှာ ပင်လယ်ကွေ့နိုင်ငံများမှ ရေနံစိမ်းသယ်ယူပို့ဆောင်ရာတွင် အဓိကအားထားရသည့် ရေလမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့ ပိတ်ပင်မှုကြာမြင့်ပါက ရေနံစိမ်းဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ကုန်သည်များက ပြောကြားထားသည်။

ထို့ပြင်   ကမ္ဘာတစ်ဝန်း   ပဋိပက္ခဖြစ်ပွားမှုများကြောင့် ကုန်စည်များ ပုံမှန်အတိုင်းပြတ်တောက်မှုမရှိ စီးဆင်းနိုင်မည်လားဆိုသည့်အပေါ်လည်း     စိုးရိမ်ပူပန်မှုမြင့်တက်လျက်ရှိသည်။    

အင်န်အိတ်ချ်ကေ