ရေညှိကြိုက်သူတွေအတွက် သတင်းကောင်း

၁၉၊ ဒီဇင်ဘာ

ကိုရီးယားကြည့်ရင်း မင်းသားမင်းသမီးတွေ ရေညှိထမင်းလိပ်စားတာ တွေ့လိုက်တိုင်းဖြစ်ဖြစ်၊ ရေညှိဟင်းချို သောက်တာဖြစ်ဖြစ် ကြည့်ရင်း စားချင်နေတတ်တဲ့ ရေညှိကြိုက်တတ်သူလေးတွေများ ရှိနေလား။ ဒါဆိုရင်တော့ စားသာစားပါ။ ရေညှိက ကျန်းမာရေးအတွက် ကောင်းကျိုးများတာမို့ စားပါလို့ပြောရတာပါ။ ရေညှိက ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။

 

ရေညှိ

ရေညှိက ပင်လယ်ရေပြင်ထဲမှာ ပေါက်ဖွားတဲ့ သဘာဝစားစရာတစ်မျိုးပေါ့။ အရောင်အသွေးကနေ အနီရောင်၊ အစိမ်းရောင်၊ အညိုရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်အသွေး အမျိုးမျိုးပါပဲ။ ရေညှိက ပင်လယ်ပြင်ရှိနေတဲ့ ကမ္ဘာ့နေရာတိုင်းမှာ ရှိပေမယ့် ရေညှိကို အဓိကစားသုံးကြတာက ဂျပန်၊ ကိုရီးယား၊ တရုတ်တို့လိုမျိုး အာရှနိုင်ငံတွေပါ။ ဂျပန်ဆူရှီဆိုင်တွေနဲ့ ကိုရီးယားရုပ်ရှင်တွေကြောင့် အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း ရေညှိစားသုံးသူ အရေအတွက် တော်တော်လေးများလာပါပြီ။ ရေညှိက သတ်သတ်လွတ် စားသုံးသူတွေအတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာကို ပေးစွမ်းနိုင်တဲ့ စားစရာတစ်ခုပါ။

 

ရေညှိမှာ ဘာတွေပါလဲ

ရေညှိမှာ အာဟာရဓာတ်တွေ များစွာပါဝင် နေပါတယ်။

• အမိုင်နိုအက်ဆစ်

• ဗီတာမင် A

• ဗီတာမင် C

• ဗီတာမင် B

• ဗီတာမင် E

• သံဓာတ်

• ကယ်လ်ဆီယမ်

• ပိုတက်ဆီယမ်

• အိုင်အိုဒင်း

• မဂ္ဂနီဆီယမ်

• ပရိုတင်း

• Fatty Acid

• ကာဗိုဟိုက်ဒရိတ် နဲ့

• အမျှင်ဓာတ်တို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်လိုရီပါဝင်မှုနည်းတဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။

 

ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေမှာလဲ

စားလို့ကောင်းသလို အာဟာရကြွယ်ဝတဲ့ ရေညှိလေးစားသုံးရင်းရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့

 

သိုင်းရွိုက်ဂလင်းတွေကို ကျန်းမာစေနိုင်ပါတယ်

သိုင်းရွိုက် ဂလင်းကဟော်မုန်းတွေကို ထိန်းချုပ်ပေးတဲ့၊ ထုတ်လွှတ်ပေးတဲ့ တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ခန္ဓာကိုယ်မှာ အင်အားတွေဖြစ်စေသလို ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်နဲ့ ဆဲလ်တွေ ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်ပေးဖို့အတွက် အိုင်အိုဒင်းကို လိုအပ်မှာပါ။ ကိုယ်တွင်းမှာ အိုင်အိုဒင်းနည်းတဲ့အခါ သိုင်းရွိုက်ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ အဖြေက သိုင်းရွိုက်ပြဿနာကင်းချင်ရင် အိုင်အိုဒင်းပြည့်ဝရမယ်ဆိုတဲ့ သဘောပေါ့။ ရေညှိလေးက သဘာဝကပေးတဲ့ အိုင်အိုဒင်းပြည့်ဝတဲ့ စားစရာတစ်ခုဖြစ်တာကြောင့် သိုင်းရွိုက်ကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။

 

ဆီးချိုသမားတွေအတွက် သင့်တော်တယ်

ရေညှိက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို အင်ဆူလင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ အနေနဲ့ သွေးချိုထိန်းရာမှာ အထောက်အကူပြုတဲ့ အမျှင်ဓာတ်ကို ကျန်းမာတဲ့ အစားအသောက် အရင်းအမြစ်က ရရှိချင်တယ်ဆိုရင်တော့ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကဲတဲ့ရေညှိကို စားသုံးပေးပါ။

 

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

စားသုံးလိုက်တဲ့ အစားအစာတွေကိုဖြိုခွဲဖို့နဲ့ အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက်ရော ခန္ဓာကိုယ် ကျန်းမာစေဖို့ အတွက်ပါ အရေးပါတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ပေးနေတဲ့ ဇာတ်လိုက်လေးတွေက အစာခြေစနစ်ထဲက ဘက်တီးရီးယားတွေပါ။ ဒီတော့ အပေါ်မှာပြောခဲ့တဲ့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံး လုပ်နိုင်စေဖို့ဆိုရင် အကျိုးပြု ဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးဖို့လိုမှာပါ။ သူတို့ကို အားဖြည့်ပေးနိုင်တဲ့ အမျှင်ဓါတ်တွေက ရေညှိမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ရေညှိစားသုံးပေးမယ်ဆိုရင် အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို ကျန်းမာစေနိုင်ပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်မှာပါ။ရေညှိစားသုံးပေးမှုက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်သလို ဝမ်းသွားနေတာကိုလည်း သက်သာစေနိုင်ပါတယ်။

 

ဝိတ်ကျစေနိုင်တယ်

ရေညှိမှာပါတဲ့ အမျှင်ဓာတ်တွေက ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူတွေအတွက် တော်တော်လေး အထောက်အကူ ဖြစ်စေမှာပါ။ ရေညှိက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အပံ့ပေးပါတယ်။

 

နှလုံးကျန်းမာစေနိုင်တယ်

ရေညှိအပါအဝင် အမျှင်ဓာတ်များစွာပါဝင်တဲ့ အစားအစာတွေက သွေးတွင်း ကိုလက်စထရောပမာဏကို ကျဆင်း စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရေညှိမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်နေတာကြောင့် သွေးတွင်း ကိုလက်စရောကို ကျစေတဲ့အပြင် နှလုံးကိုပါ ကျန်းမာစေနိုင်ပါတယ်။

 

ရေညှိစားရင်း အခုလို အကျိုးထူးတွေ ရစေနိုင်တယ်ဆိုမှတော့ ရေညှိကြိုက်သူလေးတွေကို စားသာစား၊ လို့ပြောပါရစေနော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Aye Thi Mon

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”