ရွှေ့ပြောင်းနေထိုင်သူများ စခန်းမီးလောင်ရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀၀ တူရကီသို့ ပြန်ပို့ရန် ဂရိဆန္ဒရှိ

အေသင် ၁  အောက်တိုဘာ

ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းရှိ လူအဆမတန်များပြားသည့် ရွှေ့ပြောင်းနေထိုင်သူများ၏ စခန်းတွင် လူအသေအပျောက်ရှိသည့် မီးလောင်ကျွမ်းမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ယင်းရွှေ့ပြောင်းအခြေချနေထိုင်သူ ထောင်ပေါင်းများစွာကို တူရကီသို့ ပြန်လည်စေလွှတ်မှုများ စတင်ရန် ဆန္ဒရှိကြောင်း ဂရိအစိုးရက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။

အေဂျီယန် ပင်လယ်အတွင်းရှိ ကျွန်းများပေါ်၌ လူစုလူဝေးဖြင့်ရှိနေသည့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများ၏ ဖိအားပေးမှုများ အားလျှော့ချရေးအတွက် လုပ်ဆောင်ရန် ဂရိအစိုးရနှင့် နိုင်ငံရပ်ခြားအစိုးရများ၏ တာဝန်ရှိသူများက တောင်းဆိုမှုများ ပြုစဉ်အတွင်း ဂရိအစိုးရအဖွဲ့က အရေးပေါ် အစည်းအဝေးကျင်းပကာ ယင်းသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ကုန်တွင် အခြေချနေထိုင်သူဦးရေ ၁၀၀၀၀ ခန့်အား တူရကီနိုင်ငံသို့ ပြန်လည်စေလွှတ်ရန် ဂရိအစိုးရက ဆန္ဒရှိကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

လက်ရှိ ဂရိဝန်ကြီးချုပ် ကာရီယာ ကော့စ်မီဆိုတာကစ်က ပြောင်းရွှေ့ အခြေချနေထိုင်သူများ ဝင်ရောက် မလာနိုင်စေရေးအတွက် အေဂျီယန် ပင်လယ်ပြင်အတွင်း၌ ဂရိရေတပ်မှ ကင်းလှည့်စောင့်ကြပ်မှုများ ပိုမို
ပြုလုပ်ရန်၊ ပြောင်းရွှေ့အခြေချနေထိုင်သူများ၏ စခန်းများအား ပိတ်သိမ်းရန်နှင့် ခိုလှုံခွင့်တောင်းခံမှုများအား ငြင်းပယ်ရန် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

စက်တင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် ဥရောပ၏ အကြီးဆုံးရွှေ့ပြောင်း အခြေချနေထိုင်သူများ နေထိုင်ရာစခန်း၌ မီးလောင်ကျွမ်းမှုတွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဂရိတာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။ ယင်းမီးလောင်ကျွမ်းမှုကြောင့် ကလေးနှစ်ဦး အပါအဝင် အခြား လူ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကားအေအက်ဖ်ပီ
ဘာသာပြန်-ဇော်ဝင်း