ရွှေ့ပြောင်းနေထိုင်သူတွေနေထိုင်တဲ့ ကုန်လှောင်ရုံမီးလောင်မှုကြောင့် နှစ်ဦးထက်မနည်း သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိ

ဘာဒါလိုနာ ၁၀  ဒီဇင်ဘာ

 

စပိန်နိုင်ငံ ဘာဆီလိုနာမြို့အနီးမှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ၂၀၀ ခန့် နေထိုင်တဲ့ ကုန်လှောင်ရုံတစ်ခုမှာ ယမန်နေ့ ဒေသစံတော်ချိန် ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အေအက်ဖ်ပီသတင်းအရ သိရပါတယ်။

 

ကျူးကျော်သူတွေ နှစ်နဲ့ချီနေထိုင်လာခဲ့တဲ့ အဆိုပါ သုံးထပ်ဆောင်မီးလောင်မှုမှာ သေဆုံးသွားတဲ့ အလောင်းနှစ်လောင်းကို လောလောဆယ်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆောက်အအုံထဲ ဝင်လို့မရသေးတဲ့အတွက် အဆောင်အအုံထဲမှာ ပိတ်မိပြီး သေဆုံးသူတွေလည်းရှိနိုင်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောကြားပါတယ်။

 

အဆောက်အအုံထဲ ပိတ်မိတဲ့လူတွေကို ဆက်လက်ရှာဖွေဖို့ ကျွန်တော်တို့ အခု ပြင်ဆင်နေတယ်လို့ ဒေသဆိုင်ရာမီးသတ်တပ်ဖွဲ့အကြီးအကဲ ဒေးဗစ်ဘိုရဲလ်က ပြောတယ်။

 

မီးလောင်မှုမှာ ဒဏ်ရာရရှိသူတွေထဲက ခုနစ်ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေထဲက တချို့ဟာ မီးလောင်မှုဖြစ်ပွားတာနဲ့ အဆောက်အအုံပြတင်းပေါက်ကနေ ခုန်ချလို့ ဒဏ်ရာရရှိတာဖြစ် တယ်လို့ ဒေသဆိုင်ရာကျန်းမာရေးဝန်ကြီး အယ်လ်ဘာဗာဂျီးစ်က ပြောကြားတယ်။

 

မီးလောင်မှုဟာ ဖရောင်းတိုင်မီးမှ တစ်ဆင့် စတင်ဖြစ်ပွားခဲ့တယ်လို့ အဆိုပါ အဆောက်အအုံမှာ နေထိုင်တဲ့ မော်ရိုကိုနိုင်ငံသား မိုးဆက်စ်ဆိုသူက ပြောတယ်။ ဒါပေမယ့် ဒေသဆိုင်ရာ ပြည်ထဲရေးဝန်ကြီးကမူ မီးလောင်မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေး နေတယ်လို့ ဆိုတယ်။

 

အဆိုပါ ကုန်လှောင်ရုံမှာ နေထိုင်သူတွေအများစုဟာ အာဖရိကဆပ်ဆာဟာရဒေသမှ လာသူတွေဖြစ်ပြီး လမ်းဘေးမှာ ကုန်ပစ္စည်းတွေရောင်း သို့မဟုတ် သတ္တုအပိုင်းအစတွေ စုဆောင်းပြီး နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

 

တစ်ချိန်တည်းမှာပဲ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်က မီးလောင်မှုမှာ အသက်ဆုံးရှုံးသူတွေ အတွက် အလွန်ပင် ဝမ်းနည်းမိပါကြောင်း၊ လူအများအပြားရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ အပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ၎င်းရဲ့တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ