ရွှေပေါက္ကံ စက်မှုဇုန်မှ မော်တော်ယာဉ် ခိုးယူသူထံမှ  သက်သေခံ ယာဉ်နှင့်အတူ ဆိုင်ကယ် ၄ စီး ထပ်မံဖော်ထုတ် သိမ်းဆည်းရမိ

နေပြည်တော်  ၂၂   ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက္ကံစက်မှုဇုန်မှ မော်တော်ယာဉ်ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးရာ ခိုးရာပါ ဆိုင်ကယ် ၄ စီး ထပ်မံဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရှိ ‘ဆုစံ’ မုန့်မျိုးစုံ စက်ရုံပိုင်ရှင်ဖြစ်သူ ဦးစိတ်ဖုန်းသည် ဇွန် ၄ ရက် ညနေ ၆ နာရီတွင် ၎င်းပိုင် YGN 5E/xxxx YUEJIN LIGHT TRUCK အဖြူရောင်ယာဉ်အား စက်ရုံရှေ့လမ်းမပေါ်၌ စက်ရုံပိုင် အခြားမော်တော်ယာဉ် (၁၀)စီးနှင့်အတူ ရပ်တန့်ထားခဲ့ကြောင်း၊ ဇွန် ၅ ရက် နံနက်ပိုင်းတွင် မုန့်များပို့ဆောင်ရန် စစ်ဆေးစဉ် YUEJIN LIGHT TRUCK အဖြူရောင်ယာဉ်မှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးပါရန် တိုင်တန်း၍ ရွှေပေါက္ကံနယ်မြေ ရဲစခန်း က  အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

 

အမှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှ ပူးပေါင်းစုံစမ်း ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ပုသိမ်မြို့နေ ချစ်လင်းကို(ခ)ဇော်ရှဲအား သက်သေခံ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ ၎င်းသည် ဆိုင်ကယ်(၄)စီးအား ခိုးယူထားကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံဆိုင်ကယ်များအား လိုက်လံသိမ်းဆည်း  ရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)