ရေပေးဝေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ နံနက် ၇ နာရီတွင် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၁၀) ရပ်ကွက်၊ ဗဟိုစည်အိမ်ရာဝင်းသို့ သွားရောက်၍ ဝင်းအတွင်း အိမ်ရာတိုက်ခန်းများ ရေရရှိရေး လိုအပ်ချက်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အိမ်ရာဝင်းအတွင်းရှိ မြေအောက်ကန်များသို့ ရေဖြည့်တင်း သိုလှောင်ရန်နှင့် အိမ်ရာဝင်းအတွင်း သန့်ရှင်းသာယာ သပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။ 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လမ်းမတော်မြို့နယ်၊ (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်အကြား၊ ဝါးတန်းလမ်း၊ ကျုံးကြီးမြောင်း၌ မြောင်းအတွင်းနှင့် မြောင်းသွယ်များ ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်၊ သဲမြေနှင့် မြောင်းချေးများအား ဆယ်ယူရှင်းလင်းနေမှု၊ မြေထိန်းနံရံ တွယ်ကပ်ပင်များ ဖယ်ရှား ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အလုံမြို့နယ် သစ်တောရပ်ကွက်နှင့် စောရန်ပိုင် အနောက်ရပ်ကွက်အကြား၊ သစ်တောလမ်းသို့ သွားရောက်၍ အဆိုပါလမ်း ဝဲ/ယာ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်များ၊ မြောင်းချေးများ၊ သဲမြေများအား Excavator ယန္တရားယာဉ်နှင့် ဝန်ထမ်းအင်အားများဖြင့် ဆယ်ယူရှင်းလင်း ဆောင်ရွက်နေမှု၊ လမ်းအတွင်း သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ငြိမ်းချမ်းရေးရပ်ကွက်နှင့် အလုံမြို့နယ် လွတ်လပ်ရေး ရပ်ကွက်အကြား ကုက္ကိုလ်လမ်းဘေး ကွင်းကျောင်းမြောင်းသို့ သွားရောက်၍ မြောင်းအတွင်း အမှိုက်များ၊ သဲမြေများ ဆယ်ယူရှင်းလင်းနေမှု၊ လမ်းတစ်လျှောက် အုပ်မိုးကိုင်းများ၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းနေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်