ရန်ကုန် မတ် ၁၇
နိုင်ငံတစ်ဝန်းသို့ ရေချိုထွက်ကုန် လက်လီ/လက္ကား ဖြန့်ချိတင်ပို့နေ သည့် ရန်ကုန်မြို့ ရွှေပိတောက် ငါးဈေးသို့ ယခုလအတွင်း ရေချိုထွက်ကုန်များ အဆက်မပြတ် ဝင်ရောက်လာမှုကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားရှိနေသော်လည်း ဝယ်လိုအားနည်းလာလျက်ရှိကြောင်း ရန်ကုန်မြို့ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေး၏ ဈေးသာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့တွင် လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးနှင့် ကြည့်မြင်တိုင်မြို့နယ် စံပြငါးဈေးတို့မှ ရေချို၊ ရေငန်ထွက်ကုန်များကို မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်းနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် နယ်စပ်ဒေသများသို့ တင်ပို့ပြီး လက်ရှိတွင် ငါးအစာစရိတ် မြင့်မားလာမှုနှင့် နွေရာသီမရောက်မီ ငါးကန်အပြိုင်ဖော်မှုတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဝင်ရောက်သော ရေချိုထွက်ကုန်များ ရွှေပိတောက်ငါးဈေးသို့ အဆက်မပြတ်ဝင်ရောက်လျက်ရှိကာ စက်သုံးဆီကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်ပပို့ကုန်ကဏ္ဍတို့၌ အခက်အခဲများရှိနေသည်။
ထိုသို့ ရေချိုထွက်ကုန်များ နေ့စဉ်ဝင်ရောက်မှုကြောင့် ရွှေပိတောက်ငါးဈေးအတွင်း လက်ကားဒိုင်များက ပြည်ပပို့ကုန်အဖြစ် အအေးခန်းစက်ရုံများသို့လည်းကောင်း၊ နိုင်ငံတစ်ဝန်းသို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ မြို့နယ်ဈေးများသို့လည်းကောင်း ဖြန့်ချိတင်ပို့လေ့ရှိပြီး ယခုအခါ ပြည်ပပို့ကုန်မှာကြားမှုရပ်နားထားခြင်း၊ နိုင်ငံတစ်ဝန်း ရေချိုထွက်ကုန်တင်ပို့မှု လျော့နည်းလာခြင်းနှင့် မြို့နယ်များရှိ ဈေးများ၌ ရေချိုထွက်ကုန်စားသုံးမှု ကျဆင်းလာခြင်းတို့ကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှုကို ကြုံတွေ့လာရခြင်းဖြစ်သည်။
“ဒီလထဲမှာ ငါးဈေးကို နေ့စဉ်ငါးအဝင်များတယ်။ တစ်နေ့ကို ကားအစီးရာကျော်ဝင်နေတာ။ ကုန်အဝင်များပြီး အရောင်းအဝယ်အေး တယ်လို့ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလအတွင်းမှာ ပြည်ပပို့ကုန်မရှိဘူး။ ပြည်တွင်းကိုဖြန့်ဖြူးရာမှာလည်း ရောင်းလိုအားထက် ဝယ်လိုအားနည်းနေတော့ ဈေးကွက်ထိန်းလို့ မရဘူးဖြစ်နေတယ်။ အဓိက ပြည်တွင်းစားသုံးမှုထက် ရောင်းလိုအားက ပိုများနေတယ်လို့ ပြောရမှာပါ။ ကုန်ဈေးနှုန်းကြောင့် ငါးစားသုံးမှု လျော့နည်းလာချိန်မှာ ငါးအဝင်များနေတာကြောင့် ဝယ်လိုအားနဲ့ရောင်းလိုအား မမျှဘူးဖြစ်နေတာ။ ဒီနှစ်မှာ ငါးအဝင်ပိုများလာတာက အစာဈေးမြင့်တက်နေပြီး ငွေရှိပေမယ့် ဖွဲနု/ပဲဖတ်ဝယ်ဖို့ ကုန်ကြမ်းရှားလာတာကြောင့်ဆက်ပြီး မမွေးချင်လို့ ရတဲ့ဈေးနဲ့ကန်ဖော်တာ၊ ပြီးတော့ ဧပြီလအပူဒဏ်ကြောင့် ငါးသေဆုံးမှုမရှိအောင် ဒီလထဲမှာ ကန်ဖော်ပြီးရောင်းကြတဲ့အတွက် ငါးဈေးကို ရေထွက်ကုန်တွေအဆက်မပြတ်ဝင်နေတာပါ။ ငါးဈေးကွက် ကျဉ်းလာတဲ့အပေါ် တွန်းပြီးရောင်းနေရတဲ့သဘောရှိတယ်။ ဆက်မွေးလို့ အဆင်မပြေတဲ့သူတွေ ကန်တွေရှင်းပြီး ဖော်တာများတဲ့အတွက် ရွှေပိတောက်ငါးဈေးကို ရေထွက်ကုန် အဆက်မပြတ်ဝင်နေပြီး နောက်ပိုင်း ငါးအဝင်ပါးသွားမယ်၊ ငါးဈေးမြင့်တက်နိုင်တဲ့သဘောရှိပါတယ်”ဟု ရွှေပိတောက် ငါးဈေးမှ ဈေးသာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
ရွှေပိတောက်ငါးဈေးသို့ ရေချိုထွက်ကုန် တစ်ရက်လျှင် ကုန်ချိန် သုံးသိန်းခွဲကျော် ဝင်ရောက်လျက်ရှိပြီး ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုတ်၊ ငါးခေါင်းပွ၊ ငါးရံ့၊ ငါးခူ၊ ငါးကျည်း၊ ကကတစ် အပါအဝင် ရေချို ငါးအမယ် ၃၀ ကျော် ဝင်ရောက်လျက်ရှိသည်။ ဝင်ရောက်လာသော ငါးများကို ပြည်တွင်းဈေးကွက်အတွင်း ရသမျှဈေးဖြင့် ဖြန့်ချိလျက်ရှိပြီး ပြည်ပပို့ကုန်အရွယ်အစား မွေးမြူမှုလျော့နည်းလာခြင်း၊ ပြည်ပပို့ကုန် ရပ်နားထားခြင်း၊ အစာစရိတ်ကြောင့် မွေးမြူမှုရပ်နားလာခြင်း၊ အရွယ်မတိုင်မီငါးများ ဈေးကွက်သို့အဆက်မပြတ် ဝင်ရောက်နေခြင်းနှင့် အစာဈေးမြင့်တက်မှုကြောင့် မွေးမြူမှုကျဆင်းလာခြင်းတို့သည် နှစ်ကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတို့၌ ရေချိုထွက်ကုန်ထုတ်လုပ်မှု ကျဆင်းသွားနိုင်ကြောင်း မွေးမြူရေးတောင်သူများက ခန့်မှန်းထားသည်။
သတင်း-ဥဿ၊ ဓာတ်ပုံ-ကိုလွင်


