ရွှေပြည်သာမြို့နယ်၌ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများဖြင့် စျေးဝယ်သူကို တွေ့ရှိဖမ်းဆီး

ရန်ကုန် ၁၇ မတ် 

 

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများဖြင့် စျေးဝယ်ခဲ့သည့် အမျိုးသမီးကို ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေကြောင်း ရွေပြည်သာမြို့မရဲစခန်းမှ သိရသည်။

 

“အမျိုးသမီးတစ်ယောက်ကို မိတာပါ။ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်ထားပါတယ်” ဟု ရွေပြည်သာမြို့မစခန်းမှူး ဒုရဲမှူး တင်မောင်လွင်ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရွှေပြည်သာမြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ဈေးဆိုင်တစ်ဆိုင်၌ မတ် ၁၆ ရက် ညနေ ၅ နာရီခန့်က အမျိုးသမီး ၁ ဦးသည် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများဖြင့် ဈေးဝယ်နေကြောင်း သတင်းရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ဒေါ်မိမိနွယ် (၃၂)နှစ်အား တွေ့ရှိပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၂၆ ရွက်၊ ဖုန်း ၁ လုံး၊ ၁၀၀၀ ကျပ်တန် MPT ငွေဖြည့်ကတ် ၁၀ ခု၊ ငွေ ကျပ် ၁၂၄၀၀ တို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်မိမိနွယ်အား ရွေပြည်သာ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး