ရွှေပြည်သာမြို့နယ်၌ နေအိမ်ဆောက်လုပ်နေစဉ် နေအိမ်နောက်ဖေးတန်း ကျိုးကျပြီး ပြုတ်ကျကာ သေဆုံးမှုဖြစ်ပွား

ရန်ကုန်  ၃၀  ဇွန်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်၌ နေအိမ်ဆောက်လုပ်နေစဉ် နေအိမ်နောက် ဖေးတန်း ကျိုးကျပြီး ပြုတ်ကျကာ သေဆုံးမှု ဇွန်လ(၂၉)ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ရွှေပြည်သာမြို့နယ်၊အမှတ်(၁၉)ရပ်ကွက်၊ နှင်းပန်း(၃)လမ်း၊ အမှတ်(၆၈၆)ရှိနေအိမ်တွင် သေဆုံးသူနှင့် အလုပ်အတူ လုပ်ကိုင်ပြီး တူတော်စပ်သည့် ဦးကျော်ငြိမ်း ဦး၊(၄၀)နှစ်၊(လိပ်စာတူ)၏ ပြောပြချက်အရ သေဆုံးသူ ဦးဝင်းတင်မှာ နေအိမ်အား ၎င်းတို့(၂)ဦးတည်း ဆောက်လုပ်နေစဉ် သေဆုံးသူ ဦးဝင်းတင်မှာ အမြင့်(၁၃)ပေရှိ နေအိမ်နောက်ဘက် ခေါင်မိုးသစ်သား တန်း(အလျား ၉ ပေ၊အနံ ၃.၅ လက်မခန့်ရှိ)ပေါ်မှ ထိုင်ပြီး သံရိုက်နေစဉ် ၎င်းထိုင်နေသည့် သစ်သား တန်းကျိုးကျကာ အောက်ရှိ အုတ်ခုံနှင့်ရိုက်မိပြီး သတိမေ့သွားသဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေပြည်သာမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)