ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု

ရေသောက်ပါ၊ ရေသောက်ပါလို့ အမြဲတိုက်တွန်းရတဲ့အကြောင်းရင်းက ရှိပါတယ်နော်။ တစ်ရက်မပြောနဲ့၊ တစ်မနက်လောက် ရေမသောက်ဘဲနေလိုက်ရင်ပဲ နေလို့မကောင်းတာ သတိထားမိတယ်မလား။

 

တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်တော့ သောက်သုံးသင့်တယ်လို့ ကျန်းမာရေးအကြံပြုချက်တွေ ရှိထားပြီးသားပါ။ ဒါပေမယ့် အလုပ်မအားလို့၊ မေ့နေလို့၊ ရေမဟုတ်တဲ့တခြားသောက်စရာတွေ သောက်နေလို့(ရေသောက်စရာမလိုဘူးထင်နေတာ)ဆိုရင် ရေဓာတ်လုံလောက်နိုင်မှာမဟုတ်ပါဘူး။

 

ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓါတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လေးဖက်နာ၊ ခေါင်းတစ်ခြမ်းကိုက်၊ နှလုံးသွေးကြောကျဉ်း၊ အူမကြီးအနာပေါက်ရောဂါ၊ အစာမကြေခြင်း၊ သွေးတိုးရောဂါ၊ အဝလွန်တာ၊ လိပ်ခေါင်း၊ ရင်သားကင်ဆာ၊ တီဘီအဆုတ်ရောင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ထိပ်ကပ်နာ၊ သားအိမ်ကင်ဆာ စတဲ့ရောဂါတွေဖြစ်လာနိုင်တယ်။

 

ဒီတော့ ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ကိုယ်မှာ ဒီလက္ခဏာတွေဖြစ်လာရင်တော့ ရေသောက်နည်းနေပြီ၊ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေပြီလို့ သိလိုက်ပါတော့…

 

ဘာတွေဖြစ်လာမလဲ

 

(၁) အာခေါင်တွေခြောက်မယ်

 

ဒါက သိတော့သိသာပါတယ်။ ဒါပေမယ့် တခါတလေ အာခေါင်ခြောက်တာ၊ ပါးစပ်ထဲ စေးကပ်ကပ်ဖြစ်တာမျိုးကို ရေမသောက်ဘဲ အချိုရည်တွေ၊ ကော်ဖီတွေသောက်ပစ်တာ ဆိုးပါတယ်။ ရေဓာတ်လိုအပ်လို့ ခန္ဓာကိုယ်က ပြတဲ့ လက္ခဏာဖြစ်ပေမယ့် တခြားအရာတွေစွက်တဲ့အရည်ဓာတ်ကို ဖြည့်တင်းလိုက်ရုံနဲ့မလုံလောက်ပါဘူး။ အချိုရည်တွေ၊ ကဖင်းတွေကြောင့် ပိုပြီးတောင်ရေငတ်ရနိုင်ပါတယ်။

 

(၂) အသားခြောက်မယ်

 

အရေပြားက ခန္ဓာကိုယ်ရဲ့အကြီးဆုံးအစိတ်အပိုင်းဖြစ်နေတော့ ရေဓာတ်ပြည့်ဝဖို့ ပိုပြီးလိုအပ်ပါတယ်။ တကယ်တော့ အသားခြောက်တယ်ဆိုတာ ရေဓာတ်ခန်းခြောက်မှုရဲ့ အစောဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်။ ရေသောက်နည်းတော့ ချွေးမထွက်နိုင်ဘူး၊ အသားအရေစိုပြည်မှုမရှိတော့ဘဲ ဝက်ခြံတွေလည်း ထွက်လာနိုင်တယ်။

 

(၃) မျက်လုံးခြောက်မယ်

 

မျက်လုံးခြောက်သွေ့တာ၊ မျက်ရည်ခန်းခြောက်နေတာက ရေဓာတ်နည်းနေလို့ပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် မလုံလောက်မှတော့ မျက်ရည်ပြွန်လည်း ခန်းခြောက်လာပြီပေါ့။ မျက်လုံးထဲဝင်လာသမျှ အမှုန်၊ ပိုးမွှား စတာတွေကို အလိုအလျောက်ဖယ်ရှားပေးမယ့် မျက်ရည်တွေနည်းနေမှာဖြစ်တဲ့အတွက် မျက်လုံး ခြောက်တဲ့အခါ နေရခက်တာ၊ ကြည့်မကောင်းတာ၊ ပိုးဝင်တာတွေ ဖြစ်လွယ်စေပါတယ်။

 

(၄) အဆစ်တွေနာမယ်

 

အရိုးနုနဲ့ ကျောရိုးဆစ်တွေရဲ့ဖွဲ့စည်းမှုမှာလည်း ရေဓာတ်ကအရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် မလုံလောက်တဲ့အခါ လှုပ်ရှားလိုက်တိုင်း အရိုးအဆစ်တွေတဂျွတ်ဂျွတ်ဖြစ်နေတော့မှာပါ။

 

(၅) နေမကောင်းတာရှည်မယ်

 

ရေသောက်လိုက်ရင် ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးဖို့ ကူညီတာ သဘာဝလုပ်ဆောင်ချက်ပါ။ ရေဓာတ်မလုံလောက်ရင် ဒီလုပ်ဆောင်ချက် ကမောက်ကမဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

 

(၆) မောပန်းနေမယ်၊ နုံးနေမယ်

 

အပေါ်မှာပြောခဲ့သလိုပဲ ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်တဲ့အခါ သွေးထဲကနေယူသုံးပါတယ်။ ဒီတော့ ရေဓာတ်မလုံလောက်တော့တဲ့သွေးတွေက ခန္ဓာကိုယ်အနှံ့ပေးပို့ဖို့ အောက်ဆီဂျင်မရှိတော့ပါဘူး။ အောက်ဆီဂျင်နည်းတဲ့အခါ လူက အိပ်ချင်တာ၊ မောပန်းနုံးချိနေတာတွေဖြစ်စေတတ်ပါတယ်။

 

(၇) အစာခြေစနစ်ပြဿနာတွေဖြစ်လာမယ်

 

ရေဓာတ်မလုံလောက်တဲ့အခါ လည်ချောင်းနဲ့ခံတွင်းမှာ တံတွေးနဲ့ချွှဲတွေနည်းလာပြီး အစာအိမ် အက်စစ်ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ အဲဒီအခါ ရင်ပူတာ၊ အစာမကြေတာတွေလိုမျိုး အဖြစ်များတဲ့ပြဿနာတွေ ဖြစ်လာတာပေါ့။

 

 

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်