ရွှေသုဝဏ်ဆရာတော်ကြီး၏ အရိုးဓာတ်ပြာများအား ပင်လယ်ဝတွင် ရေမျှောပူဇော်

ရန်ကုန်           ဇွန်           ၄

မေ ၂၁ ရက် နံနက်ပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော သက်တော် ၈၄ နှစ်၊ သိက္ခာတော် ၆၄  ဝါရှိ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာန နာယက နိုင်ငံတော်သြဝါဒစရိယ ဘဒ္ဒန္တသဒ္ဓိယ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဆရာတော်ကြီး၏ အရိုးဓာတ်ပြာတော်များကို  ဇွန် ၄ ရက် နံနက်ပိုင်းက ရေမျှောပူဇော်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆရာတော်ကြီး၏ အရိုးဓာတ်ပြာတော်များအား ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက်မှ တပည့် သံဃာ ဒါယကာ ဒါယိကာမ အပေါင်းတို့က သန်လျက်စွန်းဆိပ်ကမ်း ဧရာဝတီ ရေတပ်စခန်းဌာနချုပ်သို့ စတင်ပင့်ဆောင်ပြီး ဆိပ်ကမ်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ဧရာဝတီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှုး ဗိုလ်မှူးချုပ်အေးမင်းထွေး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဆရာတော်ကြီး၏ တပည့် ဒါယကာ၊ ဒါယိကာမများက စောင့်ကြို၍ ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် ဆရာတော်ကြီး၏ အရိုးဓာတ်ပြာတော်များအား တပည့်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိ ကာမများက အစီအစဉ်အတိုင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်(ရေ) သင်္ဘောပေါ်သို့ ပင့်ဆောင်၍ အဋ္ဌိဥဒကာဝါဟန ပူဇာသဘင်ကို အစီအစဉ်အတိုင်းကျင်းပပြီး ပင်လယ်ဝသို့ ဆက်လက် ပင့်ဆောင်ကာ ကြွင်းကျန်ရစ်သော အရိုးဓာတ်ပြာတော်များအား တပည့်သံဃာတော်၊ သီလရှင်များ၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ပင်လယ်ဝတွင် ရေမျှောပူဇော်ခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)