ရေသယံဇာတ ထိန်းသိမ်းကာကွယ်

 

မောင်သောင်းဝင်း(တမန်ဟောင်း)

 

၁၉၉၃ ခုနှစ်ကတည်းက နှစ်စဉ် မတ်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့ရေနေ့အခမ်းအနား ကျင်းပလျက်ရှိသည်။ ကုလသမဂ္ဂသည် သန့်ရှင်းလတ်ဆတ်သော ရေ၏အရေးပါမှုကိုအလေးထားလျက် ကမ္ဘာ့ရေနေ့ အခမ်းအနား ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာ့ပြည်သူ ၂ ဒသမ ၂ ဘီလီယံသည် သောက်သုံးရေဖူလုံမှုမရှိသောအခြေအနေတွင် နေထိုင်ရလျက်ရှိသည်။ ကမ္ဘာ့ရေနေ့၏ အဓိကအလေးထားမှုသည် ၂၀၃၀ ပြည့်နှစ်တွင် သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ် အပြည့်အဝရရှိရေးဆိုသည့် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အောင်မြင်မှုရရှိစေရန်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်သည် ‘Leveraging Water for Peace’  ‘ ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး ဖြစ်သည်။

‘ရေအသက်တစ်မနက်  ထမင်းအသက် ခုနစ် ရက်၊ ‘ရေငတ်တုန်း ရေတွင်းထဲကျ၊ ‘ရေစီးတစ်ခါ ရေသာတစ်လှည့်၊ ‘ရေများရာ မိုးရွာ  ‘ရေများရေနိုင် မီးများမီးနိုင်၊ ‘ရေမြင့်ကြာတင့်၊ ‘ရေနစ်သူ ဝါးကူ လို့ထိုး၊ ‘ရေစုန် ရွက်တိုက်၊ ‘ရေနိမ့်ရာစီး မီးမြင့်ရာ လောင်၊ ‘ရေမနောက် ကြာမလျှောက် စသည့် ရေနှင့် ဆက်နွှယ်သော စကားပုံများကို မြန်မာမှုနယ်ပယ်၌ တွင်ကျယ်စွာသုံးစွဲလျက်ရှိသည်။ ရေမရှိလျှင် သက်ရှိ အားလုံး ရှင်သန်ကြွင်းကျန်နိုင်မည် မဟုတ်ချေ။ နှစ်စဉ်နွေရာသီတွင်ကြုံတွေ့ရသည့် ပြဿနာသည် သောက်သုံးရေ ရှားပါးခြင်းပင်ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုးမကြုံရလေအောင်  အဖိုးတန်သောရေကို  မိုးရာသီကတည်းကစနစ်တကျ စုဆောင်းထားပြီး ချွေတာသုံးစွဲရပေမည်။

ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်သည့် ရေမော်လီကျူးတစ်ခုတွင် ဟိုက်ဒရိုဂျင်အက်တမ်တစ်ခုနှင့် အောက် ဆီဂျင်  အက်တမ်နှစ်ခု(H2O)တို့ ပေါင်းစပ်ပါဝင်ကြောင်းကို ငယ်စဉ်ကတည်းက ဓာတုဗေဒဘာသာရပ်တွင် သင်ကြားခဲ့ရသည်။ ရေကိုသတ်မှတ်အပူချိန်နှင့် ဖိအားအောက်တွင် အရည်အဖြစ် တွေ့ရလေ့ရှိ သည်။ ထို့ပြင် ရေခဲ၊ ရေခိုးရေငွေ့၊ နှင်းခဲ၊ မြူငွေ့နှင့် တိမ်တိုက်အဖြစ်လည်း ရပ်တည်နေသည်။ ကမ္ဘာ့မြေမျက်နှာပြင် ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့်ဖုံးလွှမ်းထားရှိပြီး ရေအများစုသည် ပင်လယ်သမုဒ္ဒရာများတွင် စုဖွဲ့ တည်ရှိနေကြသည်။

 

ရေဘယ်လောက်သောက်မလဲ

 

လူတစ်ဦး၏ နေ့စဉ်လုံလောက်စွာ သောက်သုံးသည့် ရေပမာဏသည် ထိုသူ၏ ကျန်းမာကြံ့ခိုင် သော ခန္ဓာကိုယ်ကိုထိန်းသိမ်းရာတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နေ့စဉ် သောက်ရေ ဖန်ခွက် ရှစ်ခွက်မှ ၁၀ ခွက်ခန့်အထိ သောက်သုံးသူသည် ကျန်းမာရေးကောင်းမွန်မည်ဟု ကျွမ်းကျင်သူများကဆိုထားသည်။ အထူးသဖြင့် အမျိုးသားများသည် ရေ ၁၃ ခွက်(သုံးလီတာခန့်)အထိ သောက်သုံးသင့်ပြီး အမျိုးသမီးများသည် ကိုးခွက်(၂ ဒသမ ၂ လီတာခန့်)အထိ သောက်သုံးသင့်သည်ဟုလည်း ဆိုထားသည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအရွယ်အစား ပေါ်မူတည်၍ ရေ ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ဦးနှောက်နှင့် နှလုံးတွင် ရေ ၇၃ ရာခိုင်နှုန်းပါဝင်ပြီး အဆုတ်တွင် ၈၃ ရာခိုင်နှုန်းအထိ ပါဝင်သည်ဟု ဆိုသည်။

 

အကျိုးကျေးဇူးများ

 

လူတစ်ဦးသည် ရေကိုဖူလုံစွာသောက်သုံးထားပါက ဦးနှောက်၊ ခန္ဓာကိုယ်ဆဲလ်များ၊ အစာခြေစနစ်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများ၏ လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေရုံသာမက အသားရေခြောက်ခန်းမှု၊ ပြင်ပရောဂါပိုး ဝင်မှုတို့ကိုပါ ကာကွယ်ပေးသည့်အပြင် ခန္ဓာကိုယ် အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်သည်။ ထို့ပြင် ရေကိုလုံလောက်စွာသောက်သုံးခြင်းကြောင့် ပင်ပန်း နွမ်းနယ်မှု လျော့ပါး သက်သာစေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေအော့အန်သည့် ဝေဒနာမှသက်သာစေခြင်း၊ အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှကင်းဝေးခြင်း၊ ကိုယ်ခန္ဓာအလေးချိန် လျော့ကျစေခြင်း၊ အဆိပ်အတောက် ဖြစ်ပွားနိုင်မှု မှလျော့ပါးစေခြင်း၊ ကိုယ်ခန္ဓာအေးမြမှုကို ထိန်းချုပ် ပေးခြင်း စသည့်အကျိုးကျေးဇူးပေါင်းများစွာကို ရရှိစေသည်။

အထူးသဖြင့်ရေသည် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ လူသားတို့ အသုံးပြုသည့်ရေ ၇၀ ရာခိုင်နှုန်း ခန့်ကို စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုလျက်ရှိသည်။ ရေတွင် ကယ်လိုရီနှင့်အာဟာရများ ပါဝင် ခြင်းမရှိသော်လည်း ဘေးကင်းလုံခြုံသော သောက်သုံး ရေသည် လူသားတို့နှင့် အခြားသက်ရှိသတ္တဝါများ သက်ရှင်နေထိုင်ရေးအတွက်များစွာအရေးပါလျက်ရှိသည်။

 

သန့်ရှင်းသောရေရှားပါးလာ

 

ကမ္ဘာမြေကြီး၏ ၇၀ ရာခိုင်နှုန်းသည် ရေနှင့် ဖုံးလွှမ်းလျက်ရှိသော်လည်း သန့်ရှင်းသော သောက်သုံးရေမှာမူ အလွန်အမင်းရှားပါးလျက်ရှိသည်။ ကမ္ဘာ့ရေထု၏ သုံးရာခိုင်နှုန်းခန့်သာလျှင် သန့်ရှင်းသော သောက်သုံးရေ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့လူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်သည် ဝမ်းလျှောဝမ်းပျက်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ပွားခြင်းနှင့် ရေနှင့်ဆက်စပ်သည့် အခြားရောဂါများ ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ကလေးငယ်အများစု အပါအဝင် နှစ်စဉ်လူနှစ်သန်းခန့်သည် ဝမ်းရောဂါဖြင့် သေဆုံးရလျက်ရှိသည်။ထို့အပြင် ကမ္ဘာ့လူဦးရေ လေးဘီလီယံခန့်သည် ရေရှားပါးမှုဒဏ်ကို တစ်နှစ်လျှင် အနည်းဆုံး တစ်လခန့် ကြုံတွေ့ရလျက် ရှိသည်။ လူဦးရေ နှစ်ဘီလီယံကျော်သည် ရေဖူလုံမှုမရှိသော နိုင်ငံများတွင်နေထိုင်ရလျက်ရှိသည်။ ၂၀၂၅ ခုနှစ် တွင် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်သည် ရေရှားပါး သည့်ဒေသများတွင် နေထိုင်ရတော့မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ သန်း ၇၀ဝ ခန့်သည့် အလွန်အမင်းရေရှားပါးမှုနှင့် ကြုံတွေ့ရတော့ မည်ဖြစ်သောကြောင့် အိမ်ခြေယာမဲ့များဖြစ်လာတော့မည်ဖြစ်သည်။ ယင်းအပြင် ၂၀၄၀ ပြည့်နှစ်တွင် ကလေးငယ် လေးဦးလျှင်တစ်ဦးသည် အလွန်အမင်း ရေရှားပါးမှုအန္တရာယ်နှင့် ကြုံတွေ့ရတော့မည်ဖြစ်သည်။

လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်း၌ ရေရရှိရေးအတွက် နည်းလမ်းကောင်းများ တိုးတက်လာသော်လည်း လူဦးရေ သန်း ၁၀ဝ၀ ခန့်သည် သန့်ရှင်းသောသောက်သုံးရေ မရရှိနိုင်သေး သည့်အပြင် ကျန် သန်း ၂၅၀ဝ ခန့်သည်လည်း ကျန်းမာရေးနှင့်ညီညွတ်သောရေကို ဖူလုံစွာမရရှိ ကြသေးပါ။ ထို့အပြင် ၂၀၂၅ ခုနှစ် ရောက်ရှိချိန်တွင် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်သည် ရေကိုအခြေခံသည့် ရောဂါများနှင့် ရင်ဆိုင်ရမည်ဟု လေ့လာ သုံးသပ်သူများကဆိုထားသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲဒေသများတွင် ရေလိုအပ်ချက်သည် ၅၀ ရာခိုင်နှုန်းကျော်လွန်မည်ဟုဆိုသည်။

အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် စစ်ပွဲများသည် နိုင်ငံရေးကြောင့်မဟုတ်ဘဲ သောက်သုံးရေရရှိရေးကို အကြောင်းပြု၍ ဖြစ်ပွားလာမည်ဟု ဆိုသည်။ လူဦးရေတိုးပွားလာမှုသည်လည်း ရေရှားပါးရခြင်း၏ အခြေခံ အကြောင်းရင်းတစ်ခုဖြစ်သည်။ ရေရှားပါးမှု ကြုံတွေ့နေရပြီးဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၃၅၀ဝ ခန့်သည် ရေရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းထားရှိသည်။ ထို့ကြောင့် ရေအရင်းအမြစ်များကို အချိန်မီ စနစ်တကျ ထိန်းသိမ်းကာကွယ်မှုမရှိလျှင် ရေရှားပါး ပြတ်လပ်မှု ပိုမိုမြင့်မားလာမည်ဖြစ်သည်။

 

ရေရှားပါးမှုဖြစ်ရသည့် အကြောင်းရင်းများ

 

မြို့ပြများ တိုးချဲ့တည်ဆောက်ခြင်း၊ စက်မှုလုပ်ငန်းများထူထောင်ခြင်းနှင့် သဘာဝသစ်တောများကို လွန်ကဲစွာ ခုတ်လှဲခြင်းသည် ရေရှားပါးရခြင်း၏ အခြေခံအကြောင်းတရားများပင်ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်း၊ ဆီးနှင်းများ ကျခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထိုသို့သဘာဝလွန်ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားမှုသည် သဘာဝရေအရင်းအမြစ်ကို ထိန်းသိမ်းထားနိုင်စွမ်းနည်းပါးလာပြီး ရေရှားပါး ခြင်းဆိုသော နောက်ဆက်တွဲဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည်။

ထို့ပြင်မြို့ပြများတွင် စက်ရေတွင်းများ လွန်ကဲစွာတူးဖော်ခြင်းသည်လည်း မြေအောက်ရေအရင်းအမြစ်ကို ဆုတ်ယုတ်စေသည်။ ရေသည် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ စက်ရုံများမှထုတ်လွှတ်သော စွန့်ပစ်ဓာတုပစ္စည်းများကို မြစ်၊ ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ စွန့်ပစ်လေ့ရှိကြသည်။ စက်ရုံ၊ အလုပ်ရုံများတွင် အအေးခံခြင်းနှင့် ထုတ်ကုန်ပစ္စည်းကို တင်ပို့ရာတွင်လည်း ရေလမ်းကိုသာ အသုံးပြုကြရသည်။ ထို့ကြောင့် စနစ်တကျ စီမံခန့်ခွဲမှုများဖြင့်သာ အနာဂတ်ရေရှားပါး ပြတ်လပ် မှုပြဿနာကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

ရေအရင်းအမြစ်ကို စနစ်တကျထိန်းသိမ်းရန် လိုအပ်သည့်အပြင် ရေထုညစ်ညမ်းမှုကို ကာကွယ် ရေးသည်လည်း လူသားအားလုံး၏ တာဝန်တစ်ရပ် ဖြစ်သည်။ ဓာတုစက်ရုံများမှ စွန့်ပစ်ပစ္စည်းများကို မြစ်၊ ချောင်းများအတွင်းသို့ စည်းမဲ့ကမ်းမဲ့ စွန့်ပစ် ခြင်းနှင့် ခေတ်မီဆန်းသစ်သော လက်နက်များအား ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပစ်ခတ်စမ်းသပ်မှုများသည် ရေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်ပေါ် စေသည်။

 

ရေကိုဘယ်လိုချွေတာမလဲ

 

လူတိုင်းသည် နေ့စဉ် မိုးလင်း၊ မိုးချုပ်ရေကို သုံးစွဲနေရမည်ဖြစ်သည်။ ထိုသို့သုံးစွဲရာတွင် လူ တစ်ဦး တစ်ယောက်ချင်းစီမှ အဖိုးတန်ရေကို ချွေတာသုံးစွဲသွားမည်ဆိုလျှင် ရေရှားပါးသောဒေသရှိ ပြည်သူများကို ကူညီရာရောက်ပါသည်။ ရေကိုအောက်ပါနည်းလမ်းများအတိုင်းသာ ခြိုးခြုံချွေတာ သုံးစွဲသွား သင့်ပါသည်-

(၁)     သွားတိုက်နေစဉ် သို့မဟုတ် ခေါင်းလျှော် နေစဉ် ရေပိုက်ခေါင်းကိုပိတ်ထားခြင်း။

(၂)      ရေပိုက်ခေါင်းများကို မလိုအပ်လျှင် ပိတ်ထားခြင်း။

(၃)     နေအိမ်ရှိရေပိုက်ခေါင်းအားလုံးကို ပြုပြင်ထားခြင်း။

(၄)     ရေချိုးခန်း ရေပန်းခေါင်းတိုတိုကိုသာ အသုံးပြုခြင်း။

(၅)     ရေပန်းခေါင်းကို လိုအပ်သလောက်သာဖွင့်၍ရေချိုးခြင်း။

(၆)     ပန်းဥယျာဉ်များကို မိုးရေနှင့်သာပက်ဖျန်းခြင်း။

(၇)     အိမ်သာရေစိမ့်မှုကိုပြုပြင်ထားခြင်း။

(၈)     ရေစိမ့်နေသည့်နေရာများကို စစ်ဆေးခြင်း။

(၉)     မိုးရေခံထားခြင်း။

(၁၀)   မည်သည့်အခါမျှ ရေကိုမသွန်ပစ်ရန်။

 

ပင်ပန်းဆင်းရဲကြ

 

နွေရာသီရောက်ပြီဆိုသည်နှင့် ကျေးလက်နေ ပြည်သူများအထူးသဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ဝေးကွာသောဒေသများတွင် နေထိုင်သူများအတွက် ခေါင်းအခဲရဆုံးပြဿနာသည် သောက်သုံး ရေရှားပါးမှုပင်ဖြစ်သည်။ နွေရာသီ၌ ရေရှားပါးမှု ကြုံတွေ့ရသည့် အချို့သောဒေသများတွင် နေ့စဉ် သုံးရေရရှိရေးထက် သောက်ရေဖူလုံရေးကိုပင်များစွာခက်ခဲကြသည်။ ကျေးလက်နေပြည်သူများသည် သောက်သုံးရေတစ်ပုံး၊ တစ်အိုးရရှိရေးအတွက် မိုင်ပေါင်းများစွာ ဝေးကွာသောနေရာများသို့ ပင်ပန်း ကြီးစွာ သွားရောက်ကာ ခပ်ကြရလေ့ရှိသည်။ နွေရာသီတွင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွားများနှင့်အတူ ရေရှိသည့် မြစ်၊ ချောင်း၊ အင်းအိုင် နှင့် ရေကန်ရှိသော နေရာများသို့ သွားရောက်နားခို ရလေ့ရှိပါသည်။

 

ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး

 

လူတစ်ဦးချင်းစီ၏ အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုးသည် ရေဖူလုံစွာရရှိမှုနှင့် အပြန်အလှန် ဆက်စပ်လျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့လူဦးရေထက်ဝက်ခန့်သည် လာမည့် ၂၀၂၅ ခုနှစ်ခန့်တွင် ရေနှင့်ဆက်စပ်သောရောဂါများ ခံစားရလိမ့်မည်ဟု လေ့လာသုံးသပ်သူများက ဆိုထားသည်။ ရေသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်များစွာ အထောက်အကူပြုလျက်ရှိသည်။ အကြောင်းမူကား ရေသည်စက်ရုံများမှစွန့်ပစ်သော ဓာတုချွတ်ဆေးရည်များကို သန့်စင်ရန်၊ စက်ရုံများ အအေးခံရန်နှင့် ကုန်ပစ္စည်းများပို့ဆောင်ရေး တို့တွင်များစွာအရေးပါလျက်ရှိသည်။ ထို့အပြင် လူသားတို့သည် သန့်ရှင်းသော သောက်သုံးရေ ၇၀ ရာခိုင်နှုန်းခန့်ကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြသည်။

ဆိုရလျှင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ယခုနှစ် နွေရာသီတွင် အပူချိန်ပိုမိုပြင်းထန်လျက်ရှိသည်။ အပူချိန်မြင့်မားမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်း နွေရာသီတွင် လူတိုင်းကြုံတွေ့ရသည့် ပြဿနာသည် သောက်သုံးရေရှားပါးမှုပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက် နေပြည်သူများဖြစ်ကြသည်။ ထိုကျေးလက်နေ ပြည်သူအများစုသည် နွေရာသီတွင် သောက်သုံးရေ ရှားပါးမှု ဒဏ်ကို နှစ်စဉ်ခါးစည်းခံရလေ့ရှိကြသည်။ ထို့ကြောင့် နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းစီ အနေဖြင့် အနာဂတ်တွင် သောက်သုံးရေဖူလုံစေရေးအတွက် ကြိုတင်မြော်တွေးကာ ကိုယ်စီအသိစိတ် ဓာတ်ရှိစွာဖြင့် တန်ဖိုးရှိသောရေကို စနစ်တကျ ချွေတာသုံးစွဲသွားရန် တိုက်တွန်းအကြံပြုသွားလိုပါသည်။