ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ နေ့စဉ်ဆောင်ရွက်

ရွှေတောင် ဩဂုတ် ၁

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ထွေအုပ်၊ တပ်မတော်၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၃၁ ရက် ညနေပိုင်းက မြို့နယ်အတွင်းသို့ နေ့စဉ်ပုံမှန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိသည်။

 

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ ဇူလိုင်လ (၂၆)ရက်နေ့မှ ဩဂုတ်လ (၁)ရက်နေ့အထိ ထူးခြားအခြေအနေအရ မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိဘဏ်များမှအပ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ဖြင့် သတ်မှတ်‌ကြေညာခြင်း၊ ရွှေတောင်မြို့နယ်အတွင်းရှိ‌ ဈေးများအားလုံးကို နံနက်(၆)နာရီမှ (၉)နာရီအထိသာ ရောင်းချရန်၊ အခြေခံစားသောက်ကုန် ရောင်းချသည့် ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ဆိုင်ထိုင်ရောင်းချခွင့် မပြုဘဲ Take Away စနစ်ဖြင့် နံနက် (၁၁) အချိန်ထိသာ ရောင်းချရန်၊ မြို့နယ်နယ်နိမိတ်အတွင်း နံနက် (၆) နာရီမှ (၁၁) နာရီအထိသာ ဈေးဝယ်ခွင့်လက်မှတ်ဖြင့် သွားလာရန်၊ နံနက် (၁၁) နာရီ နောက်ပိုင်း ကျန်းမာရေးကိစ္စမှအပ နေအိမ်သို့ သွားလာရေးမပြုရန်၊ နံနက် (၁၁) နာရီနောက်ပိုင်း မည်သူတစ်ဦးတစ်ယောက်မှ နေအိမ်ပြင်ပ သွားလာခြင်း မပြုရန်နှင့် ပူးပေါင်းအဖွဲ့မှ တွေ့ရှိပါက ဒဏ်ငွေ ၁၀၀၀၀ ပေးဆောင်းရမည်ဖြစ်ပြီး စားသောက်ဆိုင်၊ စတိုးဆိုင်၊ ကွမ်းယာဆိုင်များအပါအဝင် နံနက် (၁၁) နာရီသာ ရောင်းချရန်နှင့် မလိုက်နာပါက ဒဏ်ငွေ ၅၀၀၀၀ ပေးဆောင်ရန်။

 

အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ကြဉ်၍ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြရန် စသည့်အချက်များကို‌ ရွှေတောင်မြို့နယ်ရှိ ပြည်သူများအား လိုက်လံအသိ‌ပေး နှိုး‌ဆော်ခဲ့ကြောင်း သိရှိရသည်။

 

ကိုကိုမင်း