ရွှေတောင်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အအုံအချို့ ပြိုကျပျက်စီး

ရွှေတောင်   ၁၇   မေ  


ရွှေတောင်မြို့နယ်အတွင်း မေ ၁၆ ရက် ညနေ ၆ နာရီအချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းများ ပြိုကျ/ အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၁၆)အုပ်စုရှိ ကျေးရွာ(၆၄)တို့တွင် လူနေအိမ်(၁၁)လုံး ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် ၂၀၇ လုံး၊ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု ၂၁၈ စု၊ လူဦးရေ ၇၇၈ ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။


လေဘေးသင့်ပြည်သူများအား ယာယီပြောင်းရွှေ့နေထိုင်နိုင်ရေး လိုအပ်သည့် ထောက်ပံ့မှုများ ရရှိနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကိုကိုမင်း(ပြန်/ဆက်)