ရွှေတိဂုံစေတီတော် အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ  ၁၆

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီတွင် ရွှေတိဂုံ စေတီတော်ရင်ပြင် အရှေ့မုခ်အနီးရှိ ရေကြည်တော် ဝတ်အသင်းတန်ဆောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ  ဦးထိန်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်ဦးအောင်သော်တို့က သင်တန်းပြီးမြောက် အောင်မြင်မှု အထိမ်းအမှတ်စကားပြောကြားပြီး သင်တန်းနည်းပြမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်တန်းသင်ကြားပြီးစီးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။

 

ထိုနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက သင်တန်း နည်းပြ ဆရာကြီးအား ဂါရဝပြုလက်ဆောင်ပေးအပ်ပြီး သင်တန်းတွင် ဆုရရှိကြသည့် သင်တန်းသားများ အား ဆုများချီးမြှင့်ပေးအပ်ကြကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျဝစ္စလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ( ၃၅ ) ဦး တက်ရောက်ကာ ရက်သတ္တပတ် နှစ်ပတ်ကြာမြင့် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)