ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၅၈၁ ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၄

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ၅၈၁ ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်း အနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိဦးသောင်းဝင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်လွှာများ ပြန်လည် ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ၏ ဩဝါဒါ စရိယ၊နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊  အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ သာသန ဓဇဓမ္မစရိယ၊ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ လှိုင်ရတနာ ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကဉ္စန ထံမှ အခမ်းအနားသို့ တက်ရောက်လာကြ သူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရား နာယူကြသည်။

ယနေ့ ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်၊ ရွှေပြား အလှူရှင်(၃၈)ဦးက ရွှေပြားအချပ်(၅၉)ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၅၆)ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်သုံးဆယ် ကိုးသိန်းငါးသောင်းလေးထောင်လေးရာလေးတိတိ(၁၄၀၃၉၅၄၄၀၄)ကျပ် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်