ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါ‌တော်နေ့) အခမ်းအနားများကျင်းပ

ရန်ကုန်   စက်တင်ဘာ  ၂၉

သတင်-ဓာတ်ပုံ၊ ဇော်မင်းလတ်(MNA)

 

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တော်သလင်းလ­ပြည့် (ဂရုဓမ္မအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြိုံရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ဘုရားစေတီများ၌ ဝါတွင်းဥပုတ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများနှင့် စည်းကားလျှက်ရှိသည်၊၊

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီး မှူးကျင်းပသည့် ၁၃၈၅ ခုနှစ်တော် သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားများကို ယနေ့နံနက်(၅)နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ် နေရာများ၌ ကျင်းပသည်၊၊

 

ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပွဲကို စေတီတော်ရင်ပြင် ဧည့်ခံ တန်ဆောင်း၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ ဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်။

 

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း ဗုဒ္ဓ၊ ဓမ္မ၊ သံဃာဝန္ဒနာရှိခိုးခြင်း၊ ဂရုဓမ္မအခါတော်နေ့ဆိုင်ရာ  အမေး အဖြေများပြုလုပ်ခြင်း၊ ဂရုဓမ္မငါးပါးသီလ အကျိုးအပြစ်လင်္ကာများ ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာဘာဝနာ ပွားများခြင်းတို့ကိုဆောင်ရွက်ကြသည်။

 

ယင်းနောက် ဝါတွင်းသီတင်းသီလခံယူ ဆောက်တည်ပွဲအခမ်းအနားကို နံနက် ၉ နာရီခွဲတွင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ စမ်းချောင်းမြို့နယ် နေနတ်သားစာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော် သံဃာတော်များကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် နေနတ်သားစာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ရောင်တော်ပွင့်တန်ဆောင်း၌ ဆရာတော်သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

အလားတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပက အဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) ဓမ္မပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ စေတီတော်ဂေါပကရုံး အာရုဏ်ခံတန်ဆောင်း အပေါ်ထပ်၌ကျင်းပရာ ဦးစွာနမောတဿသုံး ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နတ်ဗြဟ္မများကိုပင့်ဖိတ်ခြင်း၊ သုံးလောကထွဋ်ထား မြတ်စွာဘုရားကို ပင့်လျှောက်ခြင်း၊ အဂ္ဂသာဝက နှစ်ဆူဖြစ်တော်မူသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန် ရဟန်းမြတ်နှစ်ပါးတို့အား ပင့်လျှောက်ခြင်းတို့ဆောင်ရွက်ပြီး အလှည့်ကျသဘာပတိ ဂေါပက အဖွဲ့ဝင် ဦးထွန်းဇော်မြင့်က ဂရုဓမ္မအခါတော်နေ့ ကျင်းပရခြင်းအကြောင်းကို မင်္ဂလာထောမနာ စကားပြောကြား သည်။

 

ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ဂရုဓမ္မဇာတ်ပါဠိတော်နှင့် မဟာဓမ္မပါလ ဇာတ်တော်ပါဠိတော်တို့ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပို့အမျှပေးဝေခြင်း၊ ဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)