ရွှေတိဂုံစေတီတော်၌ အဆင့်မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန် မတ် ၃၁

 

‌ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးကျင်းပ သည့် အဆင့်မြင့် ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စေတီတော်ရင်ပြင် အရှေ့ဘက်ရှိ ရေကြည်တော်ဝတ်အသင်း တန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး‌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးသိန်းထွဋ်မောင်က သင်တန်းပြီးမြောက်အောင်မြင်မှု ဝမ်းမြောက်ကြောင်းစကားပြောကြားသည်။

 

ထို့နောက် သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်တန်း သင်ကြားပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ‌ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က သင်တန်းနည်းပြ ဆရာကြီးနှင့် ဆရာမကြီးတို့ကို ဂါရဝပြုလက်ဆောင်များ ပေးအပ်ပြီး ဆုရရှိသော သင်တန်းသား များအား ဆုလက်ဆောင်များချီးမြှင့် ပေးအပ်ကြသည်။

 

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြော ကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

 

အဆိုပါသင်တန်းကို ‌ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်စေရန်နှင့် အများပြည်သူနှင့်ဆက်ဆံပြောဆိုရာတွင် ကိုယ်, နှုတ်, နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ မတ် ၂၀ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ် သင်ကြားပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ ၂၉ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)